အီရတ်နှင့် မဟာမိတ် တပ်ဖွဲ့များက IS ကို ထိုးစစ်ဆင်နေမှုကြောင့် လာမည့် ရက်ပိုင်းအတွင်း မိုဆူးလ်မြို့မှ လူ ၁ သန်းခန့် တိမ်းရှောင်ရဖွယ်ရှိ အလက်ပို၊ အောက်တိုဘာ ၁၈ ISIS အကြမ်းဖက်အဖွဲ့ အဓိက အခြေစိုက်ရာ မိုဆူးလ်မြို့ကို အီရတ် တပ်ဖွဲ့များနှင့် မဟာမိတ်တပ်များက ထိုးစစ် ဆင်နေမှုကြောင့် လာမည့် ရက်ပိုင်းအတွင်း ယင်းမြို့မှ ကလေးငယ်များ အပါအဝင် လူပေါင်း ၁ သန်းခန့် တိမ်းရှောင် ရဖွယ်ရှိကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ တိမ်းရှောင်ရမည့်သူများသည် မိမိတို့၏ အိုးအိမ်များကို အလျင်စလို စွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်သဖြင့် အသက်ရှင် နေထိုင်ရန် အခြေခံ လိုအပ်ချက်များပင် ယူဆောင်လာနိုင်ဖွယ် မရှိချေ။ အီရတ်တပ်များနှင့် မဟာမိတ် တပ်များသည် မိုဆူးလ်မြို့ကို IS တို့လက်မှ ပြန်လည် သိမ်းယူနိုင်ရန် ကြီးမားသည့် ထိုးစစ်များ ဆင်နွှဲလျက်ရှိရာ လက်ရှိတွင် အသာစီးရလျက် ရှိသော်လည်း ယင်းထိုးစစ်မှာ အချိန် ယူရမည့် ခက်ခဲသော ထိုးစစ် ဖြစ်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။ လက်ရှိ အချိန်တွင်လည်း မိုဆူးလ်မြို့မှနေပြီး မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်နေကြရကာ တိုက်ပွဲ အခြေအနေပေါ် မူတည်ပြီး တိမ်းရှောင်ရသူ အရေအတွက်မှာ သန်းနှင့်ချီ ရှိလာမည် ဖြစ်သည်။ မိုဆူးလ်မြို့ ဧရိယာတစ်ဝိုက်တွင် နေထိုင်သူ အရပ်သား အရေအတွက်မှာ ၁ ဒသမ ၅ သန်းအထိရှိပြီး စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက် ၁ သန်းအထိ ရှိလာပါက ၎င်းတို့ကို ထိထိရောက်ရောက် ကူညီ စောင့်ရှောက်နိုင်ရန် အခက်အခဲများ ရှိလာမည်ဖြစ်သည်။ လက်ရှိတွင် မိုဆူးလ်မှ တိမ်းရှောင်လာရသည့် စစ်ဘေး ဒုက္ခသည်များသည် ဆီးရီးယားရှိ ဒုက္ခသည်စခန်းများသို့ လာရောက် ခိုလှုံလျက် ရှိသည်။ အီရတ်နှင့် ကာ့ဒ်တပ်သား ၄၀၀၀၀ ကျော်သည် အမေရိကန် ဦးဆောင်သည့် မဟာမိတ် တပ်များ၏ လေကြောင်းနှင့်မြေပြင် ထောက်ပံ့ ကူညီမှုများဖြင့် မိုဆူးလ်မြို့ကို IS တို့လက်မှနေပြီး တဖြည်းဖြည်းချင်း ပြန်လည် သိမ်းယူနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။
Source : https://goo.gl/zIBwmZ
via IFTTT
No comments:
Post a Comment