Sunday, October 23, 2016

The Voice

ရုပ်ရှင်ခံစားမှု War Witch War Witch ဆိုတဲ့ စစ်ကဝေမလေး ဘွဲ့အမည် ရထားသည့် Komona လို မိန်းကလေးငယ်လေးအတွက် အခုလို ယမ်းခိုး တဝေဝေ သွေးပွက်ရဲရဲတွေအကြား ဘယ်လိုများ ဖြတ်သန်းနေသလဲဆိုတာ သူမကိုယ်တိုင်ပင် မေ့ချင်ယောင်ဆောင်ထားသလား နိုးလျက်နဲ့ အိပ်မက်မက်နေသူ တစ်ယောက်လိုများ နေထိုင်နေသလား ဆိုတာတော့ မပြောတတ်ပေ။ ဂိုဏ်းဂဏ ကွဲပြားနေကြသည့် အာဖရိက ပြည်တွင်း စစ်ပွဲကာလမှာ တံငါသည်မိဘ နှစ်ပါးဖြစ်သူက သမီးကလေး Komona ကို မွေးဖွားခဲ့ပါသည်။ သူတို့ နေထိုင်နေရာအရပ်က မည်သည့် အစိုးရဖြစ်သူ၏ သြဇာခံ နယ်မြေ။ မည်သည့် ဆန်ကျင်နေသူတွေရဲ့အသိမ်းပိုက်ခံရမည့် နယ်မြေ တစ်ခုလဲဆိုတာ သူတို့အားလုံး ကွဲကွဲပြားပြား မသိကြပါ။ Komona အသက် ဆယ့်နှစ်နှစ် အရွယ်မှာပင် သူပုန်တပ်သား ဆိုသူတွေ သူတို့ရိပ်မြုံ ကလေးဆီ ရောက်လာသည်။ လူသတ် လက်နက် အမြောက်အမြားဖြင့် ဓါးမတို တစ်ချောင်းပင် အိမ်တိုင်း မရှိသော သူတို့ ရွာကလေးထဲကို ကျည်ဆန်မိုးတွေ ရွာသွန်းဖြိုးတော့သည်။ Komona တစ်ယောက် အသက် မပျောက်ခဲ့သော်လည်း ရွာကလေးထဲက ရပ်ဆွေ ရပ်မျိုးတွေကတော့ အတုံးတုံး အရုံးရုံး သေကုန်ရှာပြီ။ တိုက်ခိုက်တဲ့ လူတွေကိုလည်း ကြည့်ကြည့်လိုက်တော့ ရင်နင့်ဖွယ် ကောင်းလွန်း၏။ သူမလို အရွယ်ကလေးတွေ ဖြစ်ပါသည်။ နုနယ်လှသည့် အရွယ်တွေ ဖြစ်ပေမယ့် အနိဌာရုံများအကြားဝယ် နှစ်ရှည်လများ ယဉ်ပါးခဲ့ပြီ ဖြစ်ပုံရ၏။ မျက်လုံးများသည် မြွေဟောက်၏ သူငယ်အိမ်များသဖွယ် လှုပ်ရှားမှု ကင်းမဲ့လျက်။ ခံစားမှု ကင်းမဲ့လျက်။ Komona ကို သူပုန်ခေါင်းဆောင်ကြီးက သေနတ်ထိုးပေးပြီး မသေသေးပဲ ရှိနေသည့် မိဘနှစ်ပါးအား ပစ်သတ်ခိုင်း၏။ အကယ်၍ မသတ်ပဲ ငြင်းဆန်လိုက်လျှင်လည်း သူပုန်ခေါင်းဆောင်၏ ဓါးဖျားအောက်ဝယ် လည်ချောင်းသွေးတွေ ပန်းထွက်ကုန်မှာ သေချာသည်။ ကလေးမလေး Komona တစ်ယောက် အော်ဟစ်ပြီး ငိုယိုသည်။ နုနယ်လှသည့် သူမအတွေး အိမ်ဝယ် ဘာကို ရွေးချယ်ရမှန်း မသိသေး။ မိဘနှစ်ပါး၏ မျက်နှာကို ကြည့်လိုက်။ သူပုန်ဗိုလ်ဆိုသူ၏ မျက်နှာကို ကြည့်လိုက်နှင့် တုံဏှိဘာဝေ ဖြစ်နေရှာသည်။ နောက်ဆုံးမှာတော့ ယမ်းငွေ့ဝေနေသော ရွာကလေးထဲမှာ အေကေ မောင်းပြန်ရိုင်ဖယ်၏ ကသောကမျောနိုင်လှသည့် ပေါက်ကွဲသံအချို့ ထွက်ပေါ်လာလေသည်။ ထို့နောက်မှာ Komona တစ်ယောက် သူပုန်ဗိုလ်ကျားကြီး၏ ကလေးတပ်သား တစ်ယောက် ဖြစ်သွားရလေသည်။ အစိုးရတပ်နှင့် ချုံခိုတိုက်ပွဲ ဖြစ်ပွားစဉ်မှာ Komona က ဝိဉာဉ်အရိပ်များကို တွေ့မြင်ပြီး အော်ဟစ်ခဲ့ရာကနေ အသက်ဘေးက လွတ်မြောက်ခဲ့ကြသည်။ ထိုအဖြစ်အပျက်မှာ သူပုန်ဗိုလ်ကျားကြီးဆီကို ပေါက်ရောက်သွားခဲ့ပြီး အကြားအမြင်ရှိသူ စစ်ကဝေမလေးအဖြစ် ဂုဏ်ပြုခြင်း ခံရလေသည်။ တပ်ထဲမှာ နေထိုင်ရင်း အတူနေ မှော်ဆရာဟု ခေါ်ဝေါ်ကြတဲ့ Albinism အနွယ်ဖွား အသားဖြူဖြူ စပ်စပ်အဆင်း ရှိသည့် ကောင်လေး တစ်ယောက်နှင့် မိတ်ဆွေ ဖြစ်ခဲ့ကြသည်။ ကျားကြီး၏ လူမဆန်သော နှိပ်စက်မှုများ။ စစ်ပွဲ၏ သွေးဆုတ်ဖွယ် ဖြစ်ရပ်များကို ထပ်ဖန်တလဲလဲ ကြုံလာသည့် အခါမှာတော့ သူတို့နှစ်ဦးသား မရပ်တည်နိုင်ကြတော့။ မှော်ဆရာလေးနှင့်အတူ ထွက်ပြေးခဲ့တော့သည်။ မှော်ဆရာလေးက သူမအပေါ် အရမ်းဂရုစိုက်သလို သံယောဇဉ်လည်း ကြီးရှာသည်။ ခရီးလမ်းကြောင်း တစ်လျှောက်လုံး သူနှင့်အတူ သွားရတာ ပျော်စရာ အရမ်း ကောင်းလွန်းလှ၏။ အရင်က ဖြစ်ခဲ့သော အတိတ်ဆိုးတွေကိုပင် မေ့သွားရ၏။ မှော်ဆရာလေးက သူမအပေါ် ချစ်လွန်း၍သာ အသက်စွန့် ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ အစွဲအလန်း ယုံကြည်မှု အားကြီးလွန်းလှသည့် သူပုန်ဗိုလ်ကျားကြီးသည် သူ့ရဲ့ လက်စွဲတော် မှော်ကဝေမလေးအား လက်လွတ်ခံမည် မဟုတ်ပါ။ ထို့သို့သော အခြေအနေမျိုးမှာ သူမတို့ နှစ်ဦးသား ဘဝသည် ဘာတွေ ဆက်ဖြစ်နိုင်မှာလဲ။ 2012 ခုနှစ်က ဖြန်ချိခဲ့သော အာဖရိကဒေသ၏ အဖြစ်အပျက်များအား အခြေခံ ရိုက်ကူးထားသည့် ယခု ရုပ်ရှင်သည် ဥရောပနိုင်ငံ အများအပြားက ရုပ်ရှင်ပွဲတော်များတွင် ဆုတံပေါင်း များစွာဖြင့် အောင်ပွဲခံနိုင်ခဲ့သလို ရှစ်ဆယ့်ငါးကြိမ်မြောက် အော်စကာ ဆုနှင်းသဘင်မှာလည်း ဆန်ကာတင်စာရင်း ငါးဆုအထိ ပါဝင်ခွင့် ရခဲ့သည့် ဇာတ်ကား တစ်ကား ဖြစ်ပါသည်။ အထူးသဖြင့် Komona နေရာကနေ သရုပ်ဆောင်ခဲ့သော Mwanza မှာ အထူးပင် ချီးကျူး ဂုဏ်ပြုမှုကို ရရှိခဲ့ပါသည်။ ယခုဇာတ်ကား War Witch ကို ရိုက်ကူးဖို့ရာ သူမကို ရွေးချယ်လိုက်ချိန်မှာ အသက် ဆယ့်သုံးနှစ် သာသာပဲ ရှိသေးသည်။ ကွန်ဂိုနိုင်ငံဖွား သူမကို ဒါရိုက်တာဖြစ်သူနှင့် ထုတ်လုပ်သူတို့ တွေ့ရှိချိန်မှာ လမ်းပေါ်နေ လမ်းပေါ်စားတဲ့ ကလေးမလေး တစ်ယောက်သာ ဖြစ်သည်။ စာလည်း မသင်ခဲ့ရတော့။ စာလည်း မဖတ်တတ်။ ရိုက်ကူးချိန်မှာ ရုပ်ရှင်အဖွဲ့သားတွေက စာသင်ပေးခဲ့ရသည်။ War Witch ဇာတ်ကားဖြင့် အောင်မြင်သွားပြီးသည့် နောက်မှာတော့ Mwanza ၏ ဘဝမှာ ပြောင်းလဲသွားပေပြီ။ ရုပ်ရှင်လောကသားတိုင်း အားကျ စိတ်ကူးယဉ်ကြသည့် ဟောလိဝုဒ် အော်စကာ စင်မြင့်ဆီကို တက်ရောက်ခွင့် ရရန်အတွက်ပင် တစ်လေးတစ်စား ဖိတ်ကြားခွင့်ကို ရရှိခဲ့တော့သည်။ War Witch ရုပ်ရှင်သည် ကမ္ဘာတစ်လွှားက စစ်ပွဲ မီးတောက်များ၏ ပြယုဂ်တို့ကို သဘာဝ အကျဆုံး ပြကွက်များဖြင့် မီးမောင်းထိုးပြ နိုင်ခဲ့ပါသည်။ Komona ဆိုသော စစ်ပွဲဓါးစာခံ မိန်းကလေးသည် ကျွန်တော်တို့ ကမ္ဘာကြီး၏ တရားမျှတသည်ဆိုသော စစ်ပွဲများအတွက် ပြဆိုရာ နိမိတ်ပုံ တစ်ခုဖြစ်သည်။ မီးလျှံများရဲ့ အပြိုင်လောင်ကျွမ်းမှုများ၏ အဆုံးသတ် သက်သေခံ ပြာမှုန်အပိုင်းအစ ကလေးတစ်ခုဟု သတ်မှတ်လို့ ရသည်။ ကမ္ဘာကြီးအတွင်းက လူသားများသည် မည်မျှအထိ လောင်ကျွမ်းကြဦးမှာလဲ။ အဘယ်သို့သော အချိန်အခါကြမှ ရပ်တန့် ငြိမ်းသတ်ပစ်ကြမှာလဲ ဆိုတာတော့။ War Witch ရုပ်ရှင်ထဲက အကြားအမြင်ရသည်ဟု ဆိုတဲ့ စစ်ကဝေမလေး Komona လည်း သိနိုင်မည်မဟုတ်။ ကျွန်တော်တို့လည်း သိနိုင်သေးမည် မဟုတ်တာတော့ လုံးဝ သေချာသည်။ ညီလင်းအိမ်
Source : https://goo.gl/LmXgqD
via IFTTT

No comments:

Post a Comment