နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယသမ္မတနိုင်ငံ တရားဝင်ခရီးစဥ်အတွင်း ထုတ်ပြန်ကြေညာသည့် ပူးတွဲကြေညာချက် ၁။ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ် သွားရောက်ပါသည်။ ခရီးစဥ်မတိုင်မီ အောက်တိုဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂိုအာမြို့တွင် ကျင်းပသည့် BRICS-BIMSTEC Outreach Summit သို့ တက်ရောက်ခဲ့ပါသည်။ ၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းတို့လည်း အတူလိုက်ပါခဲ့ကြပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အိန္ဒိယသမ္မတ၏ အိမ်တော် Rashtrapati Bhavan ရင်ပြင်၌ တရားဝင်အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြပါသည်။ အိန္ဒိယဝန်ကြီးချုပ်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုသောအားဖြင့် နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Rajghat ရှိ မဟတ္တမဂန္ဒီ၏ အထိမ်းအမှတ် ဂူဗိမ္မာန်သို့ သွားရောက်ဂါရဝပြုပြီး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ လွတ်လပ်ရေး ရရှိရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ၏ သမိုင်းဝင် ကြိုးပမ်းလှုပ်ရှားမှုများတွင် ညီရင်းအစ်ကိုပမာ အပြန်အလှန် ကူညီပံ့ပိုးခဲ့ခြင်းများကို ပြန်ပြောင်းသတိရခဲ့ပါသည်။ ၄။ အိန္ဒိယပြည်ပရေးဝန်ကြီး ဆူရှမာ ဆွာရာ့ရ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အား လာရောက်တွေ့ဆုံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ၅။ အိန္ဒိယခေါင်းဆောင်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြီးခဲ့သည့်နှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သမိုင်းဝင် အောင်မြင်အနိုင်ရရှိမှုအတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ မြန်မာပြည်သူများမှ လိုလားတောင့်တသည့် မျှော်မှန်း ချက်များ အောင်မြင်စေရန် အိန္ဒိယနိုင်ငံ အနေဖြင့် ထောက်ခံအားပေးမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။ ၆။ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ကျယ်ပြန့်စွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေးများတွင် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ အရည်အသွေးများ မြှင့်တင်ပေးခြင်း၊ လမ်းများ ပြန်လည် တည်ဆောက်ခြင်း၊ လျှပ်စစ်စွမ်းအား ပံ့ပိုးပေးခြင်း၊ ပညာရေး အဆောက်အအုံနှင့် ကျန်းမာရေး အခြေခံအဆောက်အအုံတို့တွင် ပံ့ပိုး ကူညီခြင်းဖြင့် မြန်မာပြည်သူများ တိုးတက်စည်ပင် ဝပြော မှုများ ရရှိစေရေးအတွက် အထောက်အကူ ပြုပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ အိန္ဒိယနိုင်ငံခရီးစဥ်အတွင်း ပူးပေါင်းဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် နယ်ပယ်များကို လျင်မြန်စွာ အကောင်အထည်ဖော်သွားကြရန် သဘော တူညီခဲ့ကြပါသည်။ ၇။ လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသော လူမှုအဖွဲ့အစည်းဖြစ်သည့် မြန်မာ နိုင်ငံတွင် သက်ဆိုင်သူများ အားလုံးအကြား ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးခြင်းဖြင့် တူညီမျှတသည့် ဖြေရှင်းမှုများ ရှာဖွေနိုင်မည်ဟု အိန္ဒိယနိုင်ငံအနေဖြင့် မျှော်လင့်ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ဒီမိုကရေစီအဖွဲ့အစည်းများ ပိုမို အားကောင်းလာစေရန် ကြိုးပမ်းမှုကို ကူညီမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ဆဲ ဖြစ်သည့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး လုပ်ငန်းစဥ်အား ထောက်ခံအားပေးမည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။ ယင်းကြိုးပမ်းမှုများမှ ရေရှည် တည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိစေရေးကို ဦးတည်စေမည်ဟု မျှော်လင့်ထားပါသည်။ ၈။ မကြာမီကအူရီမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့်စပ်လျဥ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အကြမ်းဖက်မှုဖြစ်စဥ်ကို ရှုံ့ချကြောင်းနှင့် အသက်ဆုံးရှုံးခဲ့ ရသူများ၏ မိသားစုဝင် များအတွက် ဝမ်းနည်းစာနာမိကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယ ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်စခန်းသုံးခုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများကို ရှုံ့ချကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက် ခံရမှုများတွင် ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား စာနာထောက်ထားကြောင်း ဖော်ပြခဲ့ပါသည်။ ၉။ နှစ်ဖက်လုံးမှ အကြမ်းဖက်တိုက်ခိုက်မှု၏ မည်သည့်ပုံစံမျိုးကိုမဆို ရှုံ့ချကြောင်း၊ မည်သည့်နေရာ၌ မည်သူကျူးလွန်သည်ဖြစ်စေ၊ အကြမ်းဖက်တိုက်ခိုက်မှုမှန်သမျှကို ရှုံ့ချပါ ကြောင်းဖော်ပြခဲ့ကြသည်။ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရာတွင် အကြမ်းဖက်သမားများ ကို ပြစ်မှတ်ထား တိုက်ခိုက်ရန်နှင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ အချိတ် အဆက် များမှ အကြမ်းဖက်မှုအား အားပေးခြင်း၊ ပံ့ပိုးကူညီခြင်း (သို့မဟုတ်) ငွေကြေးပံ့ပိုးမှုများကို ပိတ်ပင်တားဆီးရန် သဘောတူညီကြောင်း ဖော်ပြခဲ့ ပါသည်။ နှစ်ဖက်လုံးမှ အကြမ်းဖက်မှုသည် လူအခွင့်အရေး ချိုးဖောက်မှုတွင် အဆိုးဆုံးဖြစ်ကြောင်းနှင့် အပြစ်မဲ့သူများအား ပျက်သုဥ်း စေသည့် အကြမ်းဖက်သမားများအား သင်တန်းပေးခြင်း (သို့မဟုတ်) ပစ္စည်း ထောက်ပံ့ ပေးခြင်း၊ ငွေကြေးပံ့ပိုးပေးခြင်း၊ ထောက်ခံခြင်းတို့သည် ကောင်းမွန်သည့် ဆောင်ရွက်မှု မဟုတ်ကြောင်းကိုလည်း သဘောတူညီခဲ့ကြပါသည်။ နှစ်နိုင်ငံစလုံးမှ ကုလသမဂ္ဂတွင် ဆွေးနွေးနေဆဲ ဖြစ်သော အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုဆိုင်ရာ ကွန်ဗင်းရှင်း အား အမြန်ဆုံး အပြီးသတ်ရေးကို တိုက်တွန်းကြပါသည်။ ၁ဝ။ နှစ်ဖက်စလုံးက နယ်စပ်တစ်လျှောက် လုံခြုံရေးထိန်းသိမ်းမှုသည် နယ်စပ်ဒေသ စီးပွားရေးနှင့် လူမှုဘဝတိုးတက်စေရေးအတွက် အရေးပါသည်ဟု တူညီစွာ ရှုမြင်ကြကြောင်း၊ အချုပ်အခြာ အာဏာ ပိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားကြောင်းနှင့် သောင်းကျန်းသူများ၏ လှုပ်ရှားမှု များနှင့် အကြမ်းဖက်မှုအန္တရာယ်ကို ဆန့်ကျင်တိုက်ဖျက် သွားကြရန် ကတိကဝတ်ပြုကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ နယ်စပ်တစ်လျှောက် နေထိုင်သူများ၏ဘဝ သာယာဝပြောစေရေးအတွက် တစ်နိုင်ငံ အနေဖြင့် အခြားနိုင်ငံအား ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ရေးအတွက် သောင်းကျန်းသူများအား မိမိတို့၏ ပိုင်နက် နယ်မြေကို အသုံးပြုခွင့်မပြုကြရန် ကာလရှည်ကြာစွာ နှစ်နိုင်ငံအကြားထားရှိခဲ့သည့် ကတိပြုမှုကို နှစ်ဖက်စလုံးမှ သဘောတူညီခဲ့ကြပါသည်။ နှစ်နိုင်ငံ နယ်စပ် လုံခြုံစေရန် ရည်ရွယ်၍ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် ဖလှယ်ရေးအတွက် ဆက်လက်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပါသည်။ သက်ဆိုင်ရာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့များအကြား ဆွေးနွေးမှုများ အရှိန်မြှင့် ဆောင်ရွက်ရန်အတွက်လည်း နှစ်ဖက်စလုံးမှ သဘောတူညီခဲ့ကြပါသည်။ ၁၁။ နှစ်ဖက်စလုံးမှ နှစ်နိုင်ငံအကြား သဘောတူသတ်မှတ်ထားပြီးဖြစ်သော နယ်နိမိတ် မျဥ်းကြောင်း အား အပြန်အလှန် လေးစားကြောင်းဖော်ပြခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား အထူးသဖြင့် ဖြေရှင်းရန် ကျန်ရှိ နေသည့် နယ်နိမိတ်သတ်မှတ်ရေးကိစ္စရပ်များအား လက်ရှိအစည်းအဝေး ယန္တရားများဖြင့် ဆောလျင်စွာ ဖြေရှင်းကြရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ကြပါသည်။ ၁၂။ နှစ်ဖက်အကျိုးစီးပွားအတွက် ပြည်သူများအနေဖြင့် စီးပွားရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြားသော အကြောင်းရင်းများဖြင့် ကုန်းလမ်းကြောင်းများမှတစ်ဆင့် လွယ်ကူချောမွေ့စွာ ပုံမှန်ဖြတ်သန်း သွားလာ နိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးရမည်ကို နားလည်ကြသည့် အလျောက် နှစ်ဖက်လုံးမှ တမူး-မိုးရေး၊ ရိဒ်-ဇိုခေါတာ နယ်စပ်ဖြတ်သန်းသည့် ဂိတ်များတွင် လူဝင်/လူထွက် စိစစ်ရေးရုံးများကို ဆောလျင်စွာ ထူထောင်ရန်အတွက် သံတမန်လမ်းကြောင်း မှတဆင့် အသေးစိတ်ညှိနှိုင်းရန် သဘောတူညီခဲ့ကြပါသည်။ ၁၃။ နှစ်ဖက်လုံးမှ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအား အပြည့်အဝ ဆောင်ရွက်နိုင်သော အခြေအနေသို့ ရောက်ရှိစေရန်အတွက် ကုန်သွယ်မှုနှင့် စီးပွားကူးသန်း ရောင်းဝယ်မှုတို့တွင် အတားအဆီး များအား ဖယ်ရှားရန် သဘောတူညီခဲ့ကြပါသည်။ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲ ကော်မတီ၊ နယ်စပ် ကုန်သွယ်ရေးနှင့် နယ်စပ်ဈေးများဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့များနှင့် မီးရထားနှင့် ရေကြောင်းဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့များ အစည်းအဝေးများအား ဆောလျင်စွာ ကျင်းပရန် သဘောတူညီခဲ့ကြပါသည်။ ရေနံဓာတုနှင့် ရေနံထွက်ကုန်များ ရောင်းချရေးဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် LPG terminals များ တည်ဆောက်ရာတွင် ယှဥ်ပြိုင်ဆောင်ရွက် ရသည့် တင်ဒါများတွင် အိန္ဒိယကုမ္ပဏီများပါဝင်ရန်အတွက် ဖိတ်ကြားလိုကြောင်း မြန်မာဘက်မှ ထပ်လောင်း ပြောကြားခဲ့ပါသည်။ ၁၄။ ပင်လယ်သမုဒ္ဒရာအခြေပြု အပြာရောင်စီးပွားရေး (Blue Economy) တိုးတက်ရေးနှင့် ဘင်္ဂလား ပင်လယ်အော်တွင် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်မှုများ အတွက် နည်းလမ်းများ ချမှတ်ရန်အတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နှစ်ဖက် စလုံးက သဘောတူညီခဲ့ကြပါသည်။ ၁၅။ နှစ်ဖက်လုံးမှ အိန္ဒိယအစိုးရ၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများဖြင့် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်နေ ခြင်းများအား ပြန်လည် သုံးသပ်ခဲ့ကြပြီး၊ လမ်းပန်းဆက်သွယ်မှု အဆင့်မြှင့်တင်ခြင်း၊ လူ့အရည် အသွေး မြှင့်တင်ခြင်း၊ စိုက်ပျိုးရေး၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သတင်း အချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာနှင့် စက်မှုသင်တန်း အပါအဝင် အခြားသင်တန်း အစီအစဥ်များ သည် ပြည်သူများ၏ လူနေမှုဘဝအဆင်ပြေစေရေး နှင့် တိုက်ရိုက်ဆက်နွှယ်နေသဖြင့် အဆိုပါ နယ်ပယ် များအား အရှိန်တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။ ၁၆။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ပဲမျိုးစုံ သုတေသနပြုရေးအတွက် ပဲအမျိုး အစားများ တိုးတက်စေရေး၊ စိုက်ပျိုးရေးနည်းလမ်းများနှင့် ပဲမျိုးစုံဝယ်ယူပေးရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြင့် ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ပဲမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပဲမျိုးစေ့ ထုတ်လုပ်ရေးဗဟိုဌာန ထူထောင်ရေးဆိုင်ရာ စီမံကိန်းအဆိုပြုချက်အား မကြာမီ အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၁၇။ လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုတို့သည် လူမှု-စီးပွားရေးတိုးတက်မှုကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ရာ အိန္ဒိယနိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးရေးအတွက် မြန်မာအစိုးရမှ ရွေးချယ်ဖော်ထုတ်ထားသည့် စီမံကိန်း များကို ခိုင်မာစေရန် ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။ ထို့ကြောင့် နှစ်ဖက်စလုံးမှ မြန်မာ-အိန္ဒိယ လျှပ်စစ် ဓာတ်အားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်မှုအပေါ် ကျေနပ်အားရကြောင်း ဖော်ပြခဲ့ပါသည်။ ၁၈။ နည်းပညာဆိုင်ရာ သရုပ်ပြရှေ့ပြေးစီမံကိန်းတစ်ခုအဖြစ် စွမ်းအင်သုံးစွဲမှု နည်းသည့် LED အခြေပြု လျှပ်စစ်မီးလုံး ပံ့ပိုးတပ်ဆင်ပေးရေးစီမံကိန်းတစ်ခုအား မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် ဝန်ကြီးချုပ်မိုဒီ၏ ကြေညာမှုကို မြန်မာနိုင်ငံက ကြိုဆိုပါသည်။ နှစ်ဖက်လုံးမှ စီမံကိန်းဆောင်ရွက်မည့် နေရာရွေးချယ်ရေးကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ ဒေသအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်ရန် သဘော တူညီခဲ့ပါသည်။ ၁၉။ အိန္ဒိယနိုင်ငံအနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးမြှင့်တင်ရေးနှင့် လေ့ကျင့်ရေး အခြေခံ အဆောက်အဦများ အဆင့်မြှင့်တင်ရန် လိုအပ်မှုကို အသိအမှတ်ပြုသည့်အလျောက် ရဲလေ့ကျင့်ရေး အခြေခံ အဆောက်အအုံ ဆောက်လုပ်ပေးခြင်းနှင့် သိပ္ပံနည်းကျ အမှုအခင်းများ စစ်ဆေးခြင်းနှင့် ဆိုက်ဘာလုံခြုံရေး တို့အပါအဝင် လေ့ကျင့်ရေးသင်ရိုးများ ရေးဆွဲရန် အတွေ့ အကြုံများ မျှဝေခြင်းအား မြန်မာနိုင်ငံသို့ ပံ့ပိုးပေးရန် သဘောတူညီခဲ့ပါသည်။ ရမည်းသင်း အမျိုးသမီး ရဲလေ့ကျင့်ရေးဗဟိုဌာနအား သင့်လျော်သည့် စံနှုန်းများ၊ ပတ်ဝန်းကျင်၊ အခြေခံ အဆောက်အဦနှင့် သင်ကြားရေးပစ္စည်းများ ပံ့ပိုးပေးခြင်းဖြင့် အကောင်းဆုံးဗဟိုဌာန တစ်ခုအဖြစ်သို့ ဖွံ့ဖြိုး တိုးတက်လာစေမည် ဖြစ်ပါသည်။ ၂ဝ။ မြန်မာဖက်မှ အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းမှုများ အတွက် ကူညီထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ၂၁။ အိန္ဒိယဖက်မှ မြန်မာနိုင်ငံခြားရေးဝန်ထမ်းများအတွက် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ သံတမန် သင်တန်းများ ပိုမိုပံ့ပိုးပေးရန်နှင့် ရန်ကုန်မြို့တွင် သံတမန်သင်တန်းကျောင်းတစ်ခု ပေါ်ထွန်း စေရေး အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို အကူအညီပေးရန် သဘော တူညီခဲ့ပါသည်။ ၂၂။ နှစ်ဖက်လုံးမှ နှစ်နိုင်ငံအကြား ကဏ္ဍစုံ ဆက်ဆံရေး ပိုမိုတိုးချဲ့ရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် နည်းလမ်းများအား ရှာဖွေရန်အတွက် ထင်ပေါ်ကျော်ကြားသူများအဖွဲ့ကို ထူထောင်ရန် သဘော တူညီခဲ့ကြပါသည်။ အဖွဲ့ထူထောင်ခြင်းနှင့် ဆောင်ရွက်ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို တစ်ဆက် တစ်စပ်တည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ၂၃။ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များက ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့် ၎င်းတို့၏ အကျိုးဆက်များအပေါ် သဘောထားအမြင်တွင် တူညီမှုများကို သတိပြုမှတ်သားခဲ့ကြပါသည်။ နှစ်ဖက်လုံးမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား ဆောလျင်စွာ ပြုပြင်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ကြပါသည်။ ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းမည့် ကုလသမဂ္ဂတွင် အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေးအတွက် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းမှုကို အားပေး ထောက်ခံကြောင်း မြန်မာနိုင်ငံက ထပ်လောင်းပြောကြားခဲ့ပါသည်။ ၂၄။ မကြာသေးမီက ဂိုအာမြို့တွင် BRICS-BIMSTEC Outreach ထိပ်သီးညီလာခံကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့မှုအတွက် မြန်မာနိုင်ငံက ချီးကျူး ဂုဏ်ပြုခဲ့ပါသည်။ နှစ်ဖက်လုံးမှ ယင်းညီလာခံတွင် အပြီးသတ်ခဲ့သော ဆွေးနွေးမှုများကို မှတ်သားခဲ့ကြပြီး၊ ဘင်းမ်စတက် မူဘောင်အတွင်း ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ကုန်သွယ်မှု၊ ပို့ဆောင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စွမ်းအင်နှင့် အကြမ်းဖက် တိုက်ခိုက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တူညီသည့် ကတိပြုမှုကို ဖော်ပြကြပါသည်။ ၂၅။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အိန္ဒိယသမ္မတအား ၎င်းနှင့် ကိုယ်စားလှယ်အဖွဲ့ အား နွေးထွေး ကြိုဆို ဧည့်ဝတ်ကျေပွန်ခဲ့မှုနှင့် အထူးသဖြင့် တည်းခိုရန် သမ္မတအိမ်တော်တွင် စီစဥ်ပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အိန္ဒိယဝန်ကြီးချုပ်အား ၎င်းနှင့် ကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယနိုင်ငံခရီးစဥ်အတွင်း အထူးဧည့်ဝတ် ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိခဲ့ပါသည်။ ၂၆။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အိန္ဒိယဝန်ကြီးချုပ်အား နှစ်ဖက် အဆင်ပြေသည့် နေ့ရက် များတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ဖိတ်ကြားမှုကို အိန္ဒိယဝန်ကြီးချုပ်က လက်ခံခဲ့ပါသည်။ ခရီးစဥ်အတွက် နေ့ရက်များအား နှစ်ဖက်သံတမန် လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Source : http://ift.tt/2e1sx5T
via IFTTT
No comments:
Post a Comment