ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ နေပြည်တော် အောက်တိုဘာ ၂၈ ရန်ကုန်မြို့၌ အသက် (၃၂) နှစ်အရွယ်ရှိ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် ရှိသည်ဟု သံသယရှိသူ နိုင်ငံခြားသူ ကိုယ်၀န်ဆောင်အမျိုးသမီး တစ်ဦးကိုတွေ့ရှိခဲ့သဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဇီကာရောဂါ ဖြစ်ပွားလျှက်ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ယမန်နေ့က အတည်ပြုခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ယနေ့တွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၌ ဇီကာရောဂါနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာများ တက် ရောက်ခဲ့ကြသည်။ သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန အမြဲတမ်း အတွင်း၀န် ဒေါက်တာသက်ခိုင်၀င်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးလွင်ငြိမ်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် တို့က ဇီကာရောဂါနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ အများပြည်သူသိရှိလိုသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ပြောကြား ခဲ့ပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သတင်း မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားကြသည်။ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအမြဲတမ်း အတွင်း၀န် ဒေါက်တာ သက်ခိုင်၀င်းက ၀န်ကြီးဌာန အနေဖြင့် ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ရန် ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဋ္ဌာန်း ချက်များနှင့် အညီ အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ဂိတ်များနှင့် နယ်စပ်၀င်ထွက် ဂိတ်များ၌ သက်ဆိုင်ရာ နှီးနွယ်၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အစဉ်တစိုက် ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် အောင်မြင်မှုများစွာ ရရှိခဲ့ ပါကြောင်း ပြောကြားသည်။ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဇီကာရောဂါသည် ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး အဆိုပါ ဗိုင်းရပ်စ်ပိုးအား သယ်ဆောင်သော အေးဒီးစ်အမျိုးအစား ခြင်ကျားကိုက်ခံရခြင်းကြောင့် ရောဂါကူးစက်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ အေးဒီးစ် ခြင်ကျားသည် နေ့အချိန်တွင် ပိုကိုက်ပြီး ၎င်းသည် ရေကြည် ရေသန့်တွင် ပေါက်ပွားကာ သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး ရောဂါပိုးများကို သယ်ဆောင်ပေးသော ခြင်အမျိုး အစားလည်း ဖြစ်ကြောင်း။ ဇီကာရောဂါအတွက် ကာကွယ်ဆေးမရှိသေးဘဲ ရောဂါလက္ခဏာများ သက်သာ စေရန်အတွက်သာ ကုသပေးနိုင်သေးကြောင်း၊ ရောဂါဖြစ်ပွားလာပါက လူနာအနေဖြင့် ကောင်းစွာ အနားယူရန်နှင့် လတ်ဆတ်သော သစ်သီးဖျော် ရည်များနှင့် ရေများသောက် သုံးရန် လိုအပ်ကြောင်း၊ ဇီကာရောဂါသည် ပြင်း ထန်သော ရောဂါလက္ခဏာများ ဖြစ်ပွားလေ့မရှိသော်လည်း သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာ များနှင့် ဆင်တူသောကြောင့် အထက်ဖော်ပြပါ ရောဂါ လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သွားရောက်ပြသ၍ ကုသမှု ခံယူရန် လိုအပ်ပါကြောင်း။ ခြင်ကျားကိုက်ခံရပြီး ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပြီး အများဆုံး တွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ ရုတ်တရက်ဖျားခြင်း၊ အရေပြားတွင် အနီရောင် အကွက်၊ အစက်များ ထွက်ခြင်း၊ မျက်သားနီ၍ ရောင်ရမ်းခြင်း၊ ကြွက်သားနှင့်အဆစ်အမြစ်များ နာကျင် ကိုက်ခဲခြင်း၊ မအီမသာ ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စသည်တို့ဖြစ်ကာ ရောဂါလက္ခဏာများအား (၂) ရက်မှ (၇) ရက်အထိ ခံစားရနိုင်ကြောင်း၊ ဇီကာရောဂါနှင့် ရောဂါနောက် ဆက်တွဲ အဖြစ် ကိုယ်၀န်ဆောင် မိခင်များတွင် ဦးခေါင်းသေးငယ်သော ကလေးငယ်များ မွေးဖွား လာခြင်းတို့ ဆက်စပ်မှု ရှိ မရှိကို သက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးစား လျှက်ရှိကြောင်း ပြောကြားသည်။ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုအခြေအနေဖြင့် လက်ရှိလူနာ၏ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု များသည် ၀န်ကြီးဌာန၏ ကြပ်မတ်ကွပ်ကဲမှု အောက်တွင် ရှိမရှိနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ကမ္ဘာ့နိုင်ငံအသီးသီးက အရေးပေါ် ကျန်းမာရေး ပြဿနာအနေဖြင့် ဇီကာရောဂါကို သတ်မှတ်ထားပါကြောင်း ၊ ထို့အတွက် မိမိတို့အနေဖြင့် ရောဂါဖြစ်ပွားသည် ဆိုပါက ၂၄ နာရီအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ချက်ချင်းသတင်းပို့ရ ပါကြောင်း၊ ယင်းကိစ္စကို လည်း မိမိတို့ သတင်းပို့ဆောင်ရွက်ပြီးဖြစ် ပါကြောင်း၊ နောက်တစ်ချက်မှာ သတင်းမီဒီ ယာများအနေဖြင့် ယခုကိစ္စ တစ်ခုတည်းကိုသာ သတင်းထုတ်ပြန်ခြင်းမျိုး ဆောင်ရွက် ပေးရန် မဟုတ်ဘဲ နောက်ဆက်တွဲအနေဖြင့် ပြည်သူလူထုသိရှိစေရန်အတွက် ပညာပေး နှိုးဆော်ချက်များကို ဆောင်ရွက်ပေးစေလိုပါကြောင်း။ ရောဂါဖြစ်ပွား၍ သေဆုံးနှုန်းကို တိုင်းတာသုံးသပ်ကြည့်မည်ဆိုပါက ကြက်ငှက် တုပ်ကွေးရောဂါသည် လူတစ်ရာဖြစ်ပွား ပါက ၆၇ ရာခိုင်နှုန်း သေဆုံးပါကြောင်း၊ ဆားစ် ရောဂါသည် ၁၀ ရာခိုင်နှုန်း သေဆုံးနိုင်ပါကြောင်း ၊ အီဘိုလာ ဗိုင်းရပ်ဆိုပါကလည်း ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ လူအသေအပျောက် ရှိနိုင်ပါကြောင်း ၊ သို့သော် ဇီကာရောဂါတွင်မူ သေဆုံးမှုနှုန်းသည် မရှိသလောက် သုည ရာခိုင်နှုန်း ဖြစ်ပါကြောင်း။ ဇီကာရောဂါ ဖြစ်ပွားလျှင် ဆေးရုံတက်၍ ကုသရမည်ဟုူသည့် သတ်မှတ်ချက်မျိုး မရှိကြောင်းနှင့် လူနာက တောင်းဆိုပါက မိမိတို့အနေဖြင့် ဆေးရုံတင်ကုသပေးရ မည်ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ပုံမှန် စစ်ဆေးမှုမျိုးကို ပြုလုပ်ပေးကြရ မည်ဖြစ် ကြောင်း၊ ယခုလူနာအနေဖြင့် မိမိတို့ကို သတင်းပို့ကာ ပူးပေါင်းဆောင် ရွက် နေသည့် အတွက် နေအိမ်၌ပင် ဆေး၀ါးကုသမှု ခံယူလျှက် ရှိပါကြောင်း၊ မိမိတို့ သတ်မှတ်ထားသည့် ရောဂါကူးစက်နိုင်ခြေရှိသည့် နှစ်ပတ်အတွင်း အိမ်မှာပင် နေစေကာ အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ လိုအပ်သည်များကို မိမိတို့၀န်ကြီးဌာန အနေဖြင့် ၀ိုင်း၀န်းပံ့ပိုး ဆောင်ရွက် လျက်ရှိနေပါကြောင်း ၊ ယခုလူနာသည် ရောဂါ ဖြစ်ပွားနေသည့် အခြားနို်င်ငံ တစ်ခုသို့ သွားရောက်စဉ်ကာလက ကူးစက်နိုင်ဖွယ်ရာ ရှိသည်ဟု မိမိတို့အနေဖြင့် ခန့်မှန်းတွက်ဆထားပါကြောင်း ပြောကြားသည်။ လူနာသွားလာခဲ့သည့် နေရာဒေသများ၊ လူနာ၏ လက်ရှိ နေထိုင်သည့် မြို့နယ်နှင့် နေရာဒေသများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်က မိမိတို့အနေဖြင့် သံသယဖြစ်ဖွယ်ရှိသည့် လူနာပေါင်း (၃၀)ကျော် ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုတွေ့ရှိသည့် လူနာသည် (၃၂) ဦးမြောက်ဖြစ်ပါကြောင်း၊ လူနာ အနေဖြင့် နေရာအနှံ့သွားလာခဲ့သည်မှန်သော် လည်း မိမိတို့အနေဖြင့် မြို့နယ်တစ်ခုတည်းကို ဦးတည်ကာ မဖော်ပြလိုကြောင်း၊ မြို့နယ်တိုင်းအနေဖြင့် Risk ရှိနေပါကြောင်း ၊ ထို့အတွက် ယခင် သွေးလွန်တုတ်ကွေး ရောဂါအဖြစ် များခဲ့သည့် နေရာများတွင် ခြင်ကျားနှိမ်နင်းရေးနှင့် ပိုးလောက်လန်း နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ (သတင်းစဉ်)
Source : http://ift.tt/2eZ9Myf
via IFTTT
No comments:
Post a Comment