‘ဝ’ အဖွဲ့နှင့် စစ်ရေးတင်းမာမှုကြောင့် မိုင်းလားမြို့နှင့် မိုင်းယန်းမြို့ ဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ကျိုင်းတုံမြို့သို့ တိမ်းရှောင် ကျိုင်းတုံး၊ အောက်တိုဘာ ၂၄ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့ တပ်စခန်းများကို ဝင်ရောက်သိမ်းပိုက် တပ်စွဲထားသည့် ‘ဝ’ လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ စစ်ရေးတင်းမာမှု ဖြစ်ပေါ်လာခြင်းကြောင့် မိုင်းလားမြို့နှင့် မိုင်းယန်းမြို့များရှိ ဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် အောက်တိုဘာ ၂၄ ရက်နေ့က ကျိုင်းတုံမြို့သို့ ထွက်ပြေး တိမ်းရှောင်လာကြသည်။ မိုင်းလားဒေသရှိ စစ်စခန်းများကို သိမ်းပိုက်တပ်စွဲထားသည့် ‘ဝ’ တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် တပ်မတော်က ညွှန်ကြားထားသည့်အပြင် နယ်စပ်တစ်လျှောက်ရှိ မော်တော်ကားလမ်းများကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက တပ်မတော်နှင့် ‘ဝ’ တပ်ဖွဲ့များက ပိတ်ဆို့ထားထားလိုက်ပြီ ဖြစ်သည်။ “ ‘ဝ’ တပ်ဖွဲ့က တန့်ယန်းမြို့ နယ်စပ်ပေါက်တွေကို ပိတ်လိုက်တဲ့အပြင် အဲဒီဒေသမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို မောင်းထုတ်တယ်။ တပ်ကလည်း မိုင်းလားလမ်းနဲ့ မိုင်းယန်းလမ်းအပြင် မိုင်းယုလမ်းတွေပါ ပိတ်လိုက်တော့ အားလုံးက စစ်ဖြစ်မှာ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်လာကြတာပါ” ဟု အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။ နယ်စပ်လမ်းကြောင်းများ ဖြစ်သည့် ကျိုင်းတုံ-မိုင်းလားလမ်း၊ ကျိုင်းတုံ-မိုင်းယန်းလမ်းနှင့် မိုင်းယောင်း-မိုင်းယု လမ်းများကို စစ်ရေးအခြေအနေအရ အောက်တိုဘာလ ၂၃ ရက်က စတင်ပြီး ခေတ္တဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေနှင့် နယ်စပ်လုံခြုံရေးအတွက် အပြည့်အဝ စီမံဆောင်ရွက်ထားသည့်အပြင် ရဲတပ်ဖွဲ့ အနေနှင့်လည်း နယ်စပ်မြို့များရှိ ရဲစခန်းများ အလစ်အငိုက် တိုက်ခိုက်ခံရခြင်း မရှိစေရန် စီမံဆောင်ရွက်ထားကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်က ဆိုသည်။ “ဒီနေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရမယ်လို့ တိုင်းစစ်ဌာနချုပ်က ညွှန်ကြားထားပေမယ့် ဆုတ်ပေးမယ်၊ မပေးဘူး ဆိုတာကို အထက်က မဆုံးဖြတ်သေးဘူး။ အရင်ကဆို ဒီထက်တောင် တင်းမာမှုဖြစ်ပြီး တုံတာနားအထိ ကျွန်တော်တို့တပ်ဖွဲ့တွေ ရောက်ပေမယ့် တိုက်ပွဲမဖြစ်ခဲ့ပါဘူး။ အခုလဲ စစ်မဖြစ်နိုင်လောက်သလို မဖြစ်ပါစေနဲ့ပဲ ဆုတောင်းတယ်” ဟု ကျိုင်းတုံမြို့‘ဝ’ အထူးဒေသ (၂) ဆက်ဆံရေးရုံး တာဝန်ခံ ဦးအားမင်က ယနေ့ ညနေ ၄ နာရီခန့်တွင်The Voice သို့ ပြောကြားသည်။ အဆိုပါ ‘ဝ’ အထူးဒေသ (၂) လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၈ ရက်က မိုင်းလားအထူးဒေသ (၄) ရှိ တပ်စခန်းများ ဖြစ်သည့် လွယ်ဆမ်ဆုံ၊ လွယ်ကျူဆိုင်းနှင့် ဝမ့်နောင်ဟုတ် စခန်းများကို ဝင်ရောက်သိမ်းပိုက် တပ်စွဲခဲ့၍ နှစ်ဖက်လက်နက်ကိုင်များ အချင်းချင်း ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အဆင်ပြေမှု မရရှိခဲ့ပေ။
Source : https://goo.gl/i0pB3w
via IFTTT
No comments:
Post a Comment