Thursday, October 27, 2016

Kumudra

ရန်ကုန်၊ အောက်တိုဘာ ၂၃ – အခုအခါ ရန်ကုန်မြို့နယ်အချို့မှာ နေ့ချင်းရှင်းစနစ်နဲ့ အဆောင်တွေ ဖွင့်လာကြတာ တွေ့ရပါတယ်။ ပြည်ပကို သွားရောက်လုပ်ကိုင်ဖို့ ရန်ကုန်ကို လာပြီး သင်တန်းတက်နေသူတွေ သင်တန်းကျောင်းနဲ့ နီးတဲ့နေရာတွေမှာ အဆောင်ငှားနေကြတာ ဖြစ်ပါတယ်။ တစ်နေ့ကို ကျပ် ၁ဝဝဝ၊ ကျပ် ၁၅ဝဝ တွေနဲ့ နေခွင့်ပြုတဲ့အဆောင်တွေ၊ တစ်လကို ကျပ် ၁၅,ဝဝဝ နဲ့ ၂ဝ,ဝဝဝ ကြားပေးရ ပြီး နယ်ကလာ အလုပ်လုပ်ကြသူတွေ တစ်အိမ်တည်းမှာ ယောကျာ်းလေး၊ မိန်းက လေးစုပြီး နေကြရတာတွေလည်း ရှိတယ် လို့ သိရပါတယ်။ မြောက်ဒဂုံမြို့နယ်ရှိ အဆောင်ဖွင့်ထားရာ အိမ်အနီးနားနေသူတစ်ဦးဖြစ်တဲ့ ဦးမြင့်က “အဆောင်ဖွင့်ထားကြတာက ရပ်ကွက်နားမှာ၊ မလေးတို့၊ ထိုင်းတို့မှာ အလုပ်သွားလုပ်ဖို့ လျှောက်လို့ရတဲ့ သင်တန်း ကျောင်း ရှိတယ်၊ ဒီသင်တန်းကျောင်းကို လာတဲ့ နယ်ကလူတွေနေဖို့ထိုင်ဖို့ အခက် အခဲ ရှိရာကနေ ရပ်ကွက်ထဲမှာ အဆောင်ဖွင့်တာတွေ များလာတာ၊ တစ်နေ့ကို ဘယ် လောက်နဲ့ တစ်လကို ဘယ်လောက် ထမင်းစရိတ် အပြီးအစီးဆိုဘယ်လောက်ဆိုပြီး ငှားကြတယ်”လို့ ပြောပါ တယ်။ တိုက်ခန်းအငှားချထားသူတစ်ဦး ဖြစ်တဲ့ ဦးကိုနိုင်က “လွှတ်တော်မှာ ဆွေးနွေးတာတွေ့တယ်၊ အဆောင်ကိစ္စနဲ့ပတ်သက် ပြီး မြို့ထဲပိုင်းတွေမှာ စိစစ်ကြပ်မတ်ပြီး လုပ် ဆောင်နေတယ်လို့ ဖြေတာတွေရှိတယ်၊ မြို့တွင်း ဆက်စပ်မြို့နယ်တွေ၊ မြို့သစ်ပိုင်းတွေမှာလဲ ဖွင့်ပြီး စီးပွားဖြစ်လုပ်နေတာတွေရှိတာပဲ၊ မြို့ထဲပိုင်းမှာပဲ တချို့တွေဆို ၁၂ ပေခွဲ x ပေ ၅ဝ အခန်းတွေမှာ လူ ၁၂ ယောက်ကျော်လောက်အထိ နေနေကြရတာတွေရှိတယ်”လို့ ပြောပါတယ်။ မြို့ထဲပိုင်းတွေမှာလည်း တရားဝင် မဟုတ်ဘဲ ဖွင့်လှစ်တာတွေ ရှိပါတယ်။ အဆောင်ဖွင့်သူ တချို့က လမ်းဘေးတွေမှာ လက်ကမ်းစာစောင်တွေနဲ့ ကြော်ငြာတယ်။ စုံစမ်းကြည့်ရင် တကယ်နေမှ ပြောတာမျိုး၊ နေရာလိပ်စာပြတာမျိုးနဲ့ ပွင့်လင်းမှုမရှိပါ ဘူး။ အဆောင်နေသူတွေက တစ်ဦးတည်းနေသူတွေတင်မက လင်မယားတွေပါ နေထိုင်ကြတာတွေရှိတယ်။ အပြင်ဈေးကွက်မှာ အိမ်ငှားခတွေ မြင့်လာတာကြောင့် အဆောင်နေသူတွေက ပိုများလာတာလို့လည်း ပြောကြပါတယ်။ မတတ်သာလို့ လသာမြို့နယ်ရှိ အဆောင်နေသူ မသီတာအေးက “အဆောင်နေရတာက ညအိပ်ရုံလေး သဘောပဲရှိတာ၊ အရင်ကဆို အဆောင်မှာ ချက်ပြုတ်ခွင့်ရသေးတယ်၊ မီးကို သတ်မှတ်ချက်နဲ့ သုံးခွင့်ပြုကြသေးတယ်၊ ဒီနောက်ပိုင်း ဆိုးလာတာက ချက်ပြုတ် စားသောက်ခွင့်ပါ မပေးတော့တာတွေ၊ဘာဝန်ဆောင်မှုမှမရဘဲလစာကို ကျပ် ၂ဝ,ဝဝဝ ကျော် ၃ဝ,ဝဝဝ ဝန်းကျင် တစ်လကို ပေးနေရတယ်၊ မတတ်နိုင်သေးတဲ့ သူ တွေကတော့ အဆောင်မှာပဲတစ်လချင်းလစာပေး ပြီး နေကြရတာပဲ” လို့ ပြောပါ တယ်။ တချို့အဆောင်တွေမှာ ဝန်ဆောင်မှုတွေ ရေ၊ မီးသုံးရတာတွေနဲ့ နေခွင့်ရတဲ့ အ ကျယ်အဝန်းကအစ သက်သောင့်သက် သာ ရှိတာတွေလည်း ရှိပါတယ်။ တချို့ အဆောင်တွေကတော့ နေရတာ ကျပ်တည်းမှုတွေ ရှိတယ်လို့ သိရတယ်။ သည်တစ်ပတ် လွှတ်တော်မှာ ဆွေးနွေးစဥ်မှာတော့ မြို့တွင်းရန်ကုန်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှာ အခါအားလျော်စွာ အဆောင်တွေကို စိစစ်နေကြတယ်။ သတ်မှတ်ထားတဲ့ ပုဒ်မတွေနဲ့ ကြပ်မတ်စစ်ဆေးနေတယ်လို့ သိရ ပါတယ်။ အဆောင်နေသူတွေမှာလည်း အခက်အခဲတွေနဲ့ တချို့က အခွန်ပေးဆောင်ရတာတွေ ပါရှိလာရင် နေရသူတွေအတွက် အခက်အခဲတွေ ပိုရှိလာနိုင်စေတယ်လို့ သိရတယ်။ အိမ်ငှားမနေနိုင်ကြလို့ အဆောင် ငှားနေကြရာက အဆောင်ခတွေပါ အခွန်ကြောင့် ဈေးပိုတက်လာရင် ပိုပြီး ခက်ခဲလာမှာလို့ ပြောပါတယ်။ အဆောင်နေကြသူတွေက နယ်ကနေအလုပ်လာလုပ်တဲ့သူတွေ၊ တစ်ဦးတစ်ယောက်တည်းနေသူတွေ၊ အိမ်ငှားခမတတ်နိုင်တဲ့ လင်မယား၊ မိသားစုတွေ အမျိုးမျိုးရှိကြတာပါ။ ဥပဒေအရ စိစစ်ကြပ်မတ်မှုတွေ ပြု လုပ်တယ်ဆိုရင်လည်း တရားဝင်ဖွင့်ခွင့်မရှိ တဲ့ အဆောင်တွေကို ထိထိရောက်ရောက် အရေးယူလုပ်ဆောင်မှသာပပျောက်မှာလို့ ပြောကြပါတယ်။ အဆောင်ဖွင့်ပြီး စီးပွားရှာသူတွေအတွက် သတ်မှတ်ချက်တွေ၊ စည်းကမ်းချက်တွေထားပြီး ရပ်ကွက်အတွင်းမှာ ဖွင့်တာတွေကိုလည်း သေချာ စိစစ်သင့်တယ်လို့ သိရပါတယ်။ Author အေးမွန် Photo / မျိုးခိုင်
Source : http://ift.tt/2dZOPWl
via IFTTT

No comments:

Post a Comment