ကလေးငယ်သုံးဦး သရဲဝင်ပူးသည်ဟုဆိုကာ ရိုက်သတ်သူ ဖမ်းမိ တွံတေးမြို့နယ် ၂၀ မိုင်ကုန်း ကျေးရွာတွင် ကလေးငယ်များကို သရဲဝင်ပူးသည်ဟုဆိုကာ ထိုးကြိတ်ကန်ကျောက် ရိုက်သတ်ခဲ့သော အသက် ၃၀ အရွယ် အမျိုးသားကို အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ယင်းဖမ်းမိသူမှာ မအူပင်မြို့နယ် တာတပေါကျေးရွာတွင် နေထိုင်သော ကိုထွန်းနိုင်ဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက် ညသန်းခေါင်ချိန်က မိသားစု လေးစုကို တစ္ဆေသရဲ ဝင်ပူးနေသည်ဟုဆိုပြီး စည်းဝိုင်းအတွင်း ဝင်စေ၍ ၎င်းက ထိုးကြိတ်ရိုက်နှက်ခဲ့ရာ သုံးနှစ်အရွယ် ယောကျင်္ားလေးငယ်တစ်ဦး ရှစ်လ နှင့် နှစ်နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦး သေဆုံးခဲ့ကြောင်း တွံတေးမြို့နယ် ရဲမှူး ခင်မောင်ဆွေက ပြောကြားသည်။ "ရွာပြင်မှာနေတဲ့ ကိုစိုးမင်းတို့ မိသားစုဆီ ပြစ်မှုကျူးလွန်သူက အလည်လိုက်လာရာက မင်းတို့ အိမ်တွေမှာ တစ္ဆေသရဲတွေ ဝင်ပူးနေတယ်။ ငါက ပယောဂဆရာ တစ်ယောက်ပါ သရဲမောင်းထုတ်ပေးမယ် ပြောပြီး တဲအိမ်လေးလုံးက မိသားစု အယောက် ၂၀ ကို စည်းဝိုင်းထဲထည့်ပြီး ကလေးငယ်တွေကို သူက ထိုးကြိတ် ကန်ကျောက်ခဲ့တာ။ သုံးယောက် သေသွားတယ်။ တစ်ယောက်က ရန်ကုန်ဆေးရုံမှာ"ဟု ၎င်းက ဆက်လက် ပြောကြားသည်။ သရဲဝင်ပူးသည်ဟုဆိုကာ ရိုက်နှက်မှုကြောင့် သုံးနှစ်အရွယ် မောင်နေလလင်း သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူက တွံတေးတူးမြောင်းထဲ လှေဖြင့် သွားရောက် စွန့်ပစ်ခဲ့ကြောင်း ယင်းနောက် ၂၀ မိုင်ကုန်း ကျေးရွာသို့ ပြန်လာပြီး ရှစ်လအရွယ် မယမင်းနှင့် နှစ်နှစ်အရွယ် မလှနှင်းရွှေကို ထပ်မံ ရိုက်သတ်ကာ နေအိမ်ဘေးတွင် မြေမြုပ်ခဲ့ကြောင်း တွံတေးမြို့မ ရဲစခန်းထံမှ သိရသည်။ ကလေးသုံးယောက် သေပြီး သူ့ကို ရွာအလည်ခေါ်လာတဲ့ ကိုစိုးမင်းရဲ့ သုံးနှစ်အရွယ်သမီးကို သူက သရဲဝင်ပူးတယ်ဆိုပြီး ထပ်ထိုးကြိတ် ကန်ကြောက်တယ်။ ပေါက်ဆိန်နဲ့ ထုတယ်။ ဒဏ်ရာရတဲ့ ကလေးကို ဖအေက ရွာမှာရှိတဲ့ ဆရာဝန်ထံ သွားပြရာက ရာဇဝတ်မှုမှန်းသိပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့လို့ ပြစ်မှုကျူးလွန်သူကို ဖမ်းမိတာဟု ရဲမှူး ခင်မောင်ဆွေက ပြောကြားသည်။ ယင်းပြစ်မှုကျူးလွန်သူ အမျိုးသားကို တွံတေးမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး အလောင်းဖျောက်ဖျက်မှုဖြင့် ထပ်မံအရေးယူရန် စစ်ဆေးနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/9owORA
via IFTTT
No comments:
Post a Comment