Saturday, October 22, 2016

The Voice

ဘူးခွံများကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် လမ်းဘေး ကလေးငယ်များကို ကူညီကြမည် ရန်ကုန်၊ အောက်တိုဘာ ၂၂ သုံးစွဲပြီးသော ကော်၊ ပလက်စတစ်စသည့်ဘူးခွံများကို Care Teen က စီစဉ်ထားသည့် အမှိုက်ပုံးအတွင်း စနစ်တကျ စွန့်ပစ်ပေးခြင်းဖြင့် လမ်းဘေးကလေးငယ်များ စာသင်ကြားနိုင်ရေး ကူညီနိုင်မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ် ဆောင်ရွက်နေသည့် Care Teen အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘူမိဗေဒအထူးပြု ပထမနှစ်ကျောင်းသား ကိုစည်သူအောင်က The Voice သို့ ပြောကြားသည်။ အဆိုပါအစီအစဉ်ကို ဇူလိုင်လကုန်ကတည်းက ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် အမှိုက်ပုံးငါးပုံး ထားရှိပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများထံမှ သိရှိရသည်။ “အမှိုက်တွေ စနစ်တကျ စွန့်ပစ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်အောင်၊ လမ်းဘေးနေ ကလေးငယ်တွေ စာသင်ကြားရေးမှာလည်း ငွေကြေးအထောက်အပံ့ ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ စတဲ့အချိန်တုန်းက တစ်ချို့က အမှိုက်ပုံးထဲကို ညစ်ပတ်တာ တွေကအစထည့်ကြပါတယ်” ဟု ကိုစည်သူအောင်က ပြောကြားသည်။ ထိုသို့ပြုလုပ်ရန်စိတ်ကူးကို ပြည်မြို့ ကရုဏာလက်များ ကွန်ရက်အသင်းတွင် ပါဝင်လှုပ်ရှားနေသူ ကိုပုညထံက ရရှိခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ စွန့်ပစ်ဘူးခွံ ရောင်းရငွေများကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ တံတားကလေး ဘူတာအနီးတွင် အသက် ငါးနှစ်မှ ၁၀နှစ်ကြားလမ်းဘေး ကလေးငယ် ၃၀ဦးခန့် စာသင်ကြားရေးအတွက်အသုံးပြုနေကြောင်း ကိုစည်သူအောင်က ဆိုသည်။ လက်ရှိအချိန်၌ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် အမှိုက်ပုံးနှစ်ပုံးစီ၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် အမှိုက်ပုံး တစ်ပုံးထားရှိထားပြီး ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ထပ်မံ၍ အမှိုက်ပုံးသုံးပုံးစီ ထားနိုင်ရန် စီစဉ်နေသည့်အပြင် ရန်ကုန်ဆေးတက္ကသိုလ် (၂) နှင့် သွားဆေးတက္ကသိုလ် တို့တွင်လည်း အမှိုက်ပုံးများတိုးချဲ့ထားနိုင်ရန် စီစဉ်လျက်ရှိကြောင်း Care Teen အဖွဲ့ထံမှသိရှိရသည်။
Source : https://goo.gl/7t3Eyj
via IFTTT

No comments:

Post a Comment