ပညာရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ထူးချွန်စွာ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ထူး တစ်ဘာသာလျှင် ကျပ်တစ်သိန်း ချီးမြှင့်ရန် သမ္မတရုံးက ညွှန်ကြားထားကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ အောက်တိုဘာလ ၁၅ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတု ခန်းမတွင် ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ငါးဘာသာနှင့် ခြောက်ဘာသာ ဂုဏ်ထူးရ ပညာရေး ဝန်ထမ်း မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂုဏ်ထူး ရရှိသူများ ဆုချီးမြှင့်ရာတွင် ငွေသားအစား ကမ္ဘောဇဘဏ်မှ ATM ကတ်များဖြင့် ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း ပညာရေးဝန်ကြီး ဌာနထံမှ သိရှိရသည်။ ပညာရေး ဝန်ကြီးဌာန၌ အရာထမ်း၊ အမှုထမ်းဦးရေ လေးသိန်း ခုနစ်သောင်းကျော်ရှိပြီး ၎င်းတို့ မိသားစုများမှ ပြီးခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၆၁၈ဝ ဦး အောင်မြင်ခဲ့ကြောင်း၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁၃၆ ဦး၊ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၈၅ ဦး ရရှိခဲ့ကြောင်း ယင်းဌာနထံမှ သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် နေရာ အခက်အခဲကြောင့် ငါးဘာသာနှင့် ခြောက်ဘာသာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကိုသာ ဂုဏ်ပြု ချီးမြှင့်နိုင်ပြီး ကျန်ရှိသည့် လေးဘာသာ၊ သုံးဘာသာ၊ နှစ် ဘာသာ၊ တစ်ဘာသာ ဂုဏ်ထူးရှင်များကို သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ဆက်လက် ချီးမြှင့်မည် ဖြစ်သည်။ ရိုးရိုး အောင်မြင်သူများကို အများဆုံး ကျပ် ငါးသောင်း ချီးမြှင့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောကြားသည်။ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တစ်နိုင်ငံလုံးမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ခြောက်သိန်းကျော် ရှိသည့်အနက် နှစ်သိန်းခန့်သာ အောင်မြင်သောကြောင့် အောင်ချက် ရာခိုင်နှုန်း ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းသာ ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန စာရင်းများအရ သိရှိရသည်
Source : https://goo.gl/Q50hkC
via IFTTT
No comments:
Post a Comment