Saturday, October 22, 2016

The Voice

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁ ရက်နေ့ ဂျပန်သွားမည် ရန်ကုန်၊ အောက်တိုဘာ ၂၁ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟီဒဲဆူဂက အတည်ပြု ပြောဆိုလိုက်သည်။ ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ် အာကီဟီတိုနှင့် မိဖုရားမီချီကို၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တွေ့ဆုံမည်ဟု ၎င်းက အောက်တိုဘာလ ၂ဝ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုကြောင်း ဂျပန်သတင်းဌာန The Mainichi တွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ လာရောက်စဉ် ဂျပန်ရောက် မြန်မာမိသားစုများက တွေ့ဆုံခွင့်ရရန် ကြိုတင်ပြင်ဆင် နေသော်လည်း တွေ့ဆုံခွင့်ရ မရကိုမူ မပြောနိုင်သေးကြောင်း ဂျပန်ရောက် မြန်မာ အသိုင်းအဝိုင်းထံမှ သိရသည်။ NLD ပါတီက မတ်လအကုန်တွင် အစိုးရအာဏာကို လွှဲပြောင်းရယူပြီး ချက်ခြင်း ဆိုသလို ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ဂျပန်ခရီးစဉ် မတိုင်မီ တရုတ်၊ ဥရောပနှင့် အမေရိက ခရီးစဉ် အများအပြား သွားရောက်ခဲ့သလို အိန္ဒိယနိုင်ငံသို့လည်း ယခု တစ်ပတ်အတွင်း သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံသို့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားသူ မြန်မာ အများအပြား နိုင်ငံရေး ခိုလှုံသူများအဖြစ် ရောက်ရှိခဲ့ကြသည်။ ယခု ဒီမိုကရေစီအစိုးရတစ်ရပ် အာဏာရလာချိန်တွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများ ပြည်တော်ပြန်ခွင့်ရရန် မြန်မာသံရုံးနှင့် ညှိနှိုင်းလျက် ရှိကြောင်း ဂျပန်ရောက် မြန်မာ အသိုင်းအဝိုင်းထံမှ သိရသည်။
Source : https://goo.gl/clRXiT
via IFTTT

No comments:

Post a Comment