Friday, January 13, 2017

7Day News Journal

ရေလက်ကြားအတွင်း တရုတ် လေယာဉ်တင်သင်္ဘော ဖြတ်သန်းမှုကို ထိုင်ဝမ် တပ်လှန့်စောင့်ကြည့် တရုတ်ရေတပ်၏ လေယာဉ်တင် သင်္ဘောကြီး ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းချိန်၌ ထိုင်ဝမ်က တိုက်လေယာဉ်များ အသင့်အနေအထား တပ်လှန့်ထားပြီး စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ တရုတ် ရေတပ်၏ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီး Liaoningသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် တရုတ်မြောက်ပိုင်း အခြေစိုက် စခန်းသို့ ပြန်လည် ခုတ်မောင်းလာခဲ့သည်။ Liaoningကို ဖရီးဂိတ် စစ်သင်္ဘောများ၊ ဖျက်သင်္ဘောများပါ ခြံရံ လိုက်ပါလာသည်။ ဇန်နဝါရီ ၁၁ ရက်တွင်မူ ထိုင်ဝမ်က တိုက်လေယာဉ်များ၊ ကင်းထောက်လေယာဉ် တစ်စီးနှင့် ရေတပ် ဖရီးဂိတ် သင်္ဘောများကို အသင့်အနေအထား တပ်လှန့်ထားကာ ထိုင်ဝမ်ရေလက်ကြားကို Liaoning ဖြတ်ကျော် ခုတ်မောင်းသည့် ခရီးစဉ်အား အလေးအနက် စောင့်ကြည့်ခဲ့သည်။ ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သတ်မှတ်ခြင်း ခံရသည့်တိုင် သီးခြားအုပ်ချုပ်မှုဖြင့် ရပ်တည်နေသလို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် တရုတ်ထံမှ ခွဲထွက်ရေးကို လိုလားသူ တစ်ဦးအဖြစ် လူသိများသည်။ Liaoningသည် ဇန်နဝါရီ ၁၂ ရက်တွင်မူ အထစ်အငေါ့ အဟန့်အတား လုံးဝမရှိဘဲ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံသို့ ဆက်လက် ဦးတည်နေကြောင်းလည်း သိရသည်။ ထိုင်ဝမ်ရေလက်ကြားကို အဆိုပါ လေယာဉ်တင် သင်္ဘောကြီး ဖြတ်ကျော်ချိန်သည် ဆိုင်က အမေရိကန်၏ အရေးပါသော လွှတ်တော်အမတ် တစ်ဦးဖြစ်သော တက်ဒ်ခရုဇ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သော ကာလနှင့်လည်း တိုက်ဆိုင်နေသည်။ ဆိုင်သည် အလယ်ပိုင်း အမေရိက ခရီးစဉ်အတွက် အမေရိကန်မြေ၌ ခရီးတထောက် နားချိန်တွင် ခရုဇ်နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါ အခြေအနေသည် တရုတ်အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့သည်။ ထိုင်ဝမ် အရေးနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန် ဆက်ဆံရေးသည် ရွေးကောက်ပွဲတွင် ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့စဉ် ကတည်းက အတန်ငယ် အေးစက်လျက် ရှိသည်။ ထရမ့်သည် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ထိုင်ဝမ်သမ္မတ ဆိုင်နှင့် တိုက်ရိုက် ဖုန်းဆက်သွယ် စကားပြောခဲ့သည်။ ယင်းအခြေအနေကို တရုတ်က မည်သို့မျှ ကြိုဆိုလက်ခံမည် မဟုတ်ချေ။ ၁၉၇၉ ခုနှစ်နောက်ပိုင်း မည်သည့် အမေရိကန် သမ္မတမျှ ထိုင်ဝမ်ခေါင်းဆောင် တစ်ဦးနှင့် တိုက်ရိုက် ဆက်သွယ်မှု မရှိသလို ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်ခံ အသိအမှတ်ပြုခြင်းသည် တရုတ်နှင့် အမေရိကန် ဆက်ဆံရေးတွင် အရေးပါသော အုတ်မြစ်တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
Source : http://ift.tt/2iiHJQn
via IFTTT

No comments:

Post a Comment