Thursday, January 12, 2017

The Voice

သူရိယနေဝန်း ထုတ်ဝေသူ အပါအဝင် သုံးဦးကို ၆၆(ဃ)ဖြင့် အမှုဖွင့် 11-Jan-2017 ရန်ကုန်၊ ဇန်နဝါရီ ၁၁ တပ်မတော် အရာရှိကြီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် သတင်းများ ဖော်ပြခဲ့သည်ဟုဆိုသော သူရိယနေဝန်း ဂျာနယ်မှ ထုတ်ဝေသူ အပါအဝင် သုံးဦးကို ဇန်နဝါရီလ ၉ ရက်နေ့က မင်္ဂလာဒုံမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ ဆောင်းပါးရှင် ထောင်သူရဲဘအုပ်နှင့် သူရိယနေဝန်း ဂျာနယ်တိုက်မှ ထုတ်ဝေသူ ဦးခင်အေး၊ ဂျာနယ်တိုက် အုပ်ချုပ်သူ ဦးကျော်တင့်တို့ သုံးဦးကို အွန်လိုင်း ဝက်ဘ်ဆိုက်ပေါ်တွင် တပ်မတော် အရာရှိကြီးများ ဖြစ်သည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ငြိမ်း)နှင့် ဗိုလ်ကြီး တိုးနိုင်မန်း (ငြိမ်း)တို့ အမည်များကို အများပြည်သူ ဖတ်ရှုလျှင် ဂုဏ်သိက္ခာ ထိခိုက်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် မမှန်မကန် လုပ်ရပ်များ ပြုလုပ်ခြင်းဟု ယုံကြည်ခြင်း ဖြစ်စေရန် ရည်ရွယ်၍ သတင်း ဖော်ပြခဲ့သည်ဟုဆိုကာ တပ်မတော် မှ ဗိုလ်ကြီး မြင့်ဇော်(ငြိမ်း)က တရားလိုပြု တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့မှာ ပရင့်ပဲရှိတာပါ၊ အွန်လိုင်း မသုံးဘူး၊ သူတို့ဘက်က နစ်နာတယ်ဆိုရင် ပုဒ်မ ၅၀၀ နဲ့ပဲ အမှုဖွင့်ရမှာ၊ ဒါကို ဆက်သွယ်ရေး ပုဒ်မနဲ့ အမှုဖွင့်တယ် ဆိုတော့ နားကို မလည်တော့ဘူး၊ တကယ်လို့ တရားစွဲမယ်ဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်သွားမယ်”ဟု သူရိယနေဝန်း ဂျာနယ် ထုတ်ဝေသူ ဦးခင်အေးက ပြောသည်။ အမှုဖွင့် တိုင်ကြားခံရသည့် သတင်းမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် သူရိယ နေဝန်းဂျာနယ်တွင် သားနှစ်ယောက် ဓားနှစ်လက် သမ္မတ အိမ်မက် မျှော်လင့်နေဆဲပင် မန်းသဘင်ရဲ့ နန်းပလ္လင် ခေါင်းစီး ရေးသားဖော်ပြခြင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် ဂျာနယ်တွင် ဗိုလ်ချပ်ကြီး သူရရွှေမန်း(ငြိမ်း) ၏ ဓာတ်ပုံဖြင့် သူကြီးဘရွှေရဲ့ ဒုတိယ ဇာတ်ကောင် ခရိုနီတွေကို ဖောင်ပေါ်တင်ပြီး ဧရာဝတီထဲ မျှောလို့ရမလား၊ အောက်တိုဘာလ ၃၀ ရက်နေ့ထုတ် သတင်းဂျာနယ်တွင် စိန်က ညာတယ် … မန်းက နွှာတယ် … မန်း သို့မဟုတ် သစ္စာဖောက်လား၊ တော်လှန်သူလား ဦးရွှေမန်း၏ လျှို၀ှက်အစီရင်ခံစာ သို့မဟုတ် ကိုယ့်တပ်ကို ပြန်နင်းခြင်းလား၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ် ဂျာနယ်တွင် ခေတ်သစ်ဇီးသီးသည် မဗျိုင်းမ၏ သံဝေဂ စသည့် ခေါင်းစီး သတင်း ရေးသားဖော်ပြခြင်းတို့ ဖြစ်သည်။ ယင်းသတင်းများ ဖော်ပြမှုကြောင့် ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း(ငြိမ်း)နှင့် ၎င်း၏ သားအပေါ် အများပြည်သူ အထင်အမြင် လွှဲမှားစေခြင်း၊ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း ဖြစ်သည်ဟုဆိုပြီး အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
Source : https://goo.gl/BdAlJR
via IFTTT

No comments:

Post a Comment