မန်ယူနှင့် လီဗာပူးတို့ပွဲစဉ်တွင် ပင့်ကူကင်မရာ ရိုက်ချက်ပြကွက်များ ပါရှိမည် မန်ချက်စတာ၊ ဇန္နဝါရီ ၁၂ လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မန်ယူနှင့် လီဗာပူးတို့ပွဲစဉ်ကို ပင့်ကူကင်မရာဖြင့် ရိုက်ကူးရန်အတွက် မန်ချက်စတာ မြို့တော်ဝန် ကောင်စီက Sky Sports မီဒီယာကို ခွင့်ပြုလိုက်ပြီဖြစ်ကာ ယင်းအတွက် မန်ယူနှင့် လီဗာပူးတို့ ပွဲစဉ်တွင် အပေါ်စီးမှ ရိုက်ကူးသည့် မြင်ကွင်းများကို ရုပ်သံပရိသတ်များ ကြည့်ရှုခွင့် ရရှိကြတော့မည် ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။ Sky Sports မီဒီယာသည် လက်ရှိတွင် မန်ယူအသင်းပိုင် အိုးလ်ထရက်ဖို့ဒ် ဘောလုံးကွင်း၌ ပင့်ကူကင်မရာများ စတင်တပ်ဆင်နေပြီ ဖြစ်ကာ ပရီးမီးယားလိဂ်ပွဲစဉ်များကို ရုပ်သံကတစ်ဆင့် ကြည့်ရှုအားပေးသည့် ပရိသတ်များအတွက် ခံစားမှုအသစ်တစ်ခု ပေးစွမ်းခွင့် ရရှိတော့မည် ဖြစ်၍ လွန်စွာကျေနပ်အားရ ဖြစ်ရပါကြောင်း Sky Sports မီဒီယာ အကြီးအကဲတစ်ဦး ဖြစ်သူ ဂယ်ရီဟုချ်က ပြောကြားသွားခဲ့သည်။ သို့သော် မန်ယူနှင့် လီဗာပူးပွဲစဉ်ကို ပြသရာတွင် Sky Sports နှင့် ၎င်းထံကတစ်ဆင့် ပရီးမီးယားလိဂ်ပြသမှု မူပိုင်ခွင့် ဝယ်ယူထားသည့် ရုပ်သံဌာနများကသာ ပင့်ကူကင်မရာ ရိုက်ချက်များကို ထုတ်လွှင့်နိုင်လိမ့်မည် ဖြစ်ပြီး လက်ရှိတွင် ဥရောပဘောလုံးလောက၌ အဆိုပါ ပင့်ကူကင်မရာ အသုံးပြုခွင့်ကို ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ခုတည်း၌သာ တရားဝင် ခွင့်ပြုပေးထားသည်။ မန်ယူနှင့် လီဗာပူးတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်၌ ပင့်ကူကင်မရာ ရိုက်ချက်များကို ခံစားခွင့်ရရှိမည့် ပထမဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားတော့မည် ဖြစ်ကာ ကင်မရာများကို အမြင့် ၁၀ မီတာမှ မီတာ ၄၀ အကြားတွင် တပ်ဆင်၍ စမ်းသပ်ရိုက်ကူးမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း Sky Sports က အသိပေးထားသည်။ ပင့်ကူကင်မရာများကို တပ်ဆင်ရာတွင် ကင်မရာတစ်လုံးကို ဝါယာကြိုးလေးခုဖြင့် တွယ်ဆက်၍ ရွေ့လျားနိုင်စေရန် စီစဉ်ရခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပင့်ကူကင်မရာကို အဆင်ပြေစွာ သုံးစွဲနိုင်ကြောင်းကို သက်သေပြရမည်ဖြစ်၍ ၎င်းတို့အနေနှင့် စိတ်လှုပ်ရှားနေမိကြောင်းလည်း ဂယ်ရီဟုချ်က ပြောကြားထားသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီသည် အမြင့်ဘောများ၊ ဂိုးလွန်ဘောများ ကန်တင်ရာတွင် ကစားသမားများ စိတ်အနှောင့်အယှက်ဖြစ်ရဖွယ် ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ပင့်ကူကင်မရာ တပ်ဆင်ရိုက်ကူးခွင့်ကို အတိတ်ကာလက ငြင်းဆန်ခဲ့ဖူးကာ ယင်းကင်မရာဖြင့် ရိုက်ကူးသော မြင်းကွင်းများမှာ အပေါ်စီးက ကြည့်ရှုသည့်ခံစားမှုကို ရရှိသည့်အတွက် ငှက်မျက်လုံး ကင်မရာဟုလည်း ခေါ်ဆိုမှုများ ရှိကြသည်။
Source : https://goo.gl/MQlZ1t
via IFTTT
No comments:
Post a Comment