MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမားကို အောင်လအန်ဆန််း စိန်ခေါ်ထိုးသတ်မည် ရန်ကုန်၊ ဇန်နဝါရီ ၃ ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံသုံး တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည့် စင်ကာပူ အခြေစိုက် One Championship က ဦးဆောင် ကျင်းပမည့် ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမားကို အောင်လအန်ဆိုင်းက စိန်ခေါ် ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (ဇန်နဝါရီလ ၃ ရက်) ထုတ်ပြန်လိုက်သည်။ ယင်းစိန်ခေါ်ပွဲကို ဇန်နဝါရီ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဂျကာတာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ထိုးသတ်မည်ဖြစ်သည်။ ယခုပွဲစဉ်ကို မူလက လက်ရှိ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်ကို ပိုလန်နိုင်ငံသား လက်ဝှေ့သမား မာရှင်ပါရာခ်ျနီိယိုက စိန်ခေါ်ထိုးသတ်ရန် စီစဉ်ထားသော်လည်း ၎င်းမှာ ဒဏ်ရာ ပြဿနာကြောင့် မထိုးသတ်နိုင်တော့သည့်အတွက် အောင်လအန်ဆိုင်းက အစားထိုး ထိုးသတ်ခြင်းဖြစ်သည်ဟု One Championship က ထုတ်ပြန်သည်။ “ဒဏ်ရာရရှိနေတဲ့ ပါရာခ်ျနီယိုအတွက်တော့ တကယ့်ကို စိတ်မကောင်းစရာ အခိုက်အတန့်ပါပဲ။ အောင်လအန်ဆန်းရဲ ့ ပရိသတ်တွေကတော့ တကယ့်ကို စိတ်လှုပ်ရှားနေမယ်ဆိုတာ ယုံကြည်ပါတယ်”ဟု One Championship ၏ CEO မစ္စတာ ဗစ်တာချူးက ပြောကြားသည်။ One Championship နှင့် စာချုပ် ချုပ်ဆိုပြီးနောက် မကြာမီပင် ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်ထိုးသတ်ရမည် ဖြစ်သည့်အတွက် ဝမ်းသာမိသလို ယင်းပွဲအတွက် သတိထား ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ပရိသတ်များ အနေဖြင့်လည်း လာရောက် အားပေးစေလိုကြောင်း အောင်လအန်ဆိုင်းက သူ၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။ အသက် ၃၂ နှစ်အရွယ်ရှိ လက်ရှိ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား လက်ဝှေ့သမား ဗစ်တာလီ ဘစ်ဒက်ရှ်သည် ကိုယ်အလေးချိန် ၈၃ ကီလိုနှင့် အရပ်ခြောက်ပေ အမြင့်ရှိသူဖြစ်ကာ ရှစ်ပွဲ ထိုးသတ်ထားရာတွင် ရှစ်ပွဲလုံးကို အနိုင်ရရှိထားသူ ဖြစ်သည်။ ဗစ်တာလီသည် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလက မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့်ပွဲတွင် ကာဇက်စတန် လက်ဝှေ့သမား အီဂေါ်ဆဗရစ်ကို အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ၂ဝ၁၆ ခု နှစ်တွင် ရုရှားလက်ဝှေ့သမား အက်လဆေဘူတိုရင်နှင့် ထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့သည့်နောက် ယခုထိ ပွဲထိုးသတ်ထားမှု မရှိသေးဘဲ ယခုနှစ်မှသာ ရွှေခါးပတ် ကာကွယ်ပွဲကို ထိုးသတ်ခြင်းဖြစ်သည်။ အောင်လအန်ဆန်းသည် နောက်ဆုံး ထိုးသတ်ထားခဲ့သည့် သုံးပွဲတွင် သုံးပွဲလုံးကို အနိုင် ရရှိပြီးနောက် ရွှေခါး ပတ်ဆုရယူနိုင်ရန် ပစ်မှတ်ထားလာခဲ့ကာ ယခုတွင်မူ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်လို်က်ခြင်း ဖြစ်သည်။
Source : https://goo.gl/tAoLLN
via IFTTT
No comments:
Post a Comment