စက်သုံးဆီ တင်သွင်းမှု တိုးမြင့် ရန်ကုန်၊ ဇန်နဝါရီ ၇ ၂၀၁၆ ခုနှစ်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုမှာ ၂၀၁၅ ခုနှစ်ကထက် ပိုမို တိုးမြင့်လာကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းထံမှ သိရသည်။ စက်မှုကုန်ထုတ် လုပ်ငန်းနှင့် အခြား စီးပွားရေး လုပ်ငန်းများ အားကောင်းလာမှုကြောင့် ၂၀၁၅ ခုနှစ်နှင့်နှိုင်းလျှင် ၂၀၁၆ ခုနှစ်၌ စက်သုံးဆီ ပိုမို တင်သွင်းလာရပြီး တစ်လလျှင် တန်ချိန် ငါးသောင်းနီးပါး တိုးလာကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “နယ်တွေဘက်မှာလည်း စက်သုံးဆီက တော်တော်လေး ရောင်းကောင်းလာတယ်။ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ များလာတာလည်း ဒီဇယ်တင်သွင်းမှု များလာရတဲ့ အကြောင်းအရင်း တစ်ခုပဲ။ ပြည်တွင်းစျေးကွက်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် လိုအပ်ချက်ကလည်း နှစ်အလိုက် တိုးလာတယ်”ဟု ၎င်းက ရှင်းပြသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် မော်တော်ယာဉ် တင်သွင်းမှု များပြားလာသည့် အတွက်ကြောင့် ပြည်တွင်း စက်သုံးဆီ လိုအပ်ချက် ပိုမို မြင့်မားလာခြင်း ဖြစ်ကြောင်း၊ စင်ကာပူမှ မြန်မာနိုင်ငံသို့ လစဉ် ဓာတ်ဆီတန်ချိန် တစ်သိန်း တင်သွင်းပြီး ဒီဇယ် တန်ချိန် နှစ်သိန်းကျော် တင်သွင်းနေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ အစိုးရအနေနှင့် စက်သုံးဆီ တင်သွင်းမှုကို ကန့်သတ်ထားခြင်း မရှိသဖြင့် ဝယ်လိုအားများခြင်းကြောင့် စျေးတက်ခြင်း မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း စက်သုံးဆီစျေးများ တက်နေခြင်းမှာ နိုင်ငံတကာ စက်သုံးဆီစျေး တက်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ တစ်နှစ်လျှင် စင်ကာပူမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် စက်သုံးဆီ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ သုံးဘီလီယံ နီးပါးရှိကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းထံမှ သိရသည်။
Source : https://goo.gl/BYlnci
via IFTTT
No comments:
Post a Comment