Sunday, January 8, 2017

Eleven Media Group

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရာတွင် အရှုံးမပေါ်စေရန် ရောင်းချသည့် ဓာတ်အားစျေးနှုန်းနှင့် ဝယ်ယူနိုင်မှု စျေးနှုန်းကို ဝန်ဆောင်မှု အပြည့်အဝပေးပြီး ပေါက်စျေးအတိုင်း ကြိုက်သလောက် ဝယ်ယူခြင်းစနစ်ဖြင့် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၆ ရက်က ပြောကြားသည်။ “ရောင်းနိုင်တဲ့စျေးနဲ့ ဝယ်နိုင်တဲ့စျေးကို ဝန်ဆောင်မှု ပြည့်ပြည့်ဝဝ ပေးလိုက်မယ်ဆိုရင် ဓာတ်ဆီ၊ ဒီဇယ်ပြဿနာလိုပဲ ဆီဆိုင်တွေမှာ ကြိုက်သလောက်ထည့် ပေါက်စျေးနဲ့ ဝယ်မယ်ဆိုရင် လျှပ်စစ်ပြဿနာကလည်း ဒီလိုပဲ ဖြစ်သွားနိုင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချရာတွင် ပြီးခဲ့သည့် အစိုးရလက်ထက်၌ ဘတ်ဂျက် ဘီလျံ ၄၇ဝ ခန့် အရှုံးပေါ်ခဲ့ကြောင်း၊ လက်ရှိ မီတာခမှာ ထုတ်လုပ်သည့် စျေးသက်သက်ဖြစ်ပြီး ဖြန့်ချိစရိတ်နှင့် သွယ်တန်းစရိတ်တို့ မပါဝင်ကြောင်း၊ ယင်းစရိတ်သည် ကျပ် ၁၃ဝ၊ ၁၄ဝ အထိ ရှိနေသည်ကို အစိုးရက ၃၅ ကျပ်၊ ကျပ် ၅ဝ၊ ၇၅ ကျပ် ကဲ့သို့သော နှုန်းထားမျိုးနှင့် ရောင်းချကြောင်း၊ စက်မှုဇုန်များတွင် ကျပ် ၁ဝဝ၊ ကျပ် ၁၅ဝ နှုန်းဖြင့်သာ ရောင်းချသည့် အခြေအနေများကြောင့် အရှုံးပေါ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီအရှုံးခံမှုဟာ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေပဲ ဖြစ်ပါတယ်။ အရှုံးခံပြီး လုပ်ရမယ်ဆိုတဲ့ ခေတ်စနစ်ဟာ ဒီမိုကရေစီခေတ်စနစ်မှာ ပြန်သုံးသပ်ပြီး ဆောင်ရွက်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ အသစ်အနေနဲ့လည်း ဒီအခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး ဘယ်လို အကောင်းဆုံး ကုစားနိုင်မလဲဆိုတဲ့ အခြေအနေကို စဥ်းစားရမှာပါ။ ဒါဟာ အဖြေတစ်ခု ထုတ်မယ်ဆိုရင် ခက်ခဲတဲ့ ပုစ္ဆာတစ်ခု ဖြစ်ပါတယ်။ အဖြေမှန်တော့ ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွက် ပုဂ္ဂလိကနှင့် အစိုးရစက်မှုလုပ်ငန်းသုံး လျှပ်စစ်ယူနစ် စုစုပေါင်း ၂၅၈ ဒသမ ၃၉ သန်းရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်းသည် အနည်းဆုံး ၁၃ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ယူနစ်နှင့် ကောက်ခံရရှိသည့် ရောင်းချယူနစ်သည် ကိုက်ညီမှု မရှိကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် မီတာ မတပ်ဘဲ နည်းအမျိုးမျိုးဖြင့် ခိုးယူသုံးစွဲမှုများ ရှိကြောင်း၊ တရားမဝင် လျှပ်စစ်သုံးစွဲမှုများတွင် တိုက်ရိုက်ခိုးယူ သုံးစွဲမှုက အများဆုံးဖြစ်ကြောင်း၊ ထိုသို့ ခိုးယူသုံးစွဲခြင်း နည်းအမျိုးမျိုးကြောင့် ပြီးခဲ့သည့်နှစ် ဇူလိုင်မှ စတင်ကာ သုံးလအတွင်း လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၅ဝ၄ဝဝဝ ကျော် ဆုံးရှုံးရပြီး ကျပ်ငွေ ၅၁ သန်းကျော် တိုင်းပြည်ဘဏ္ဍာအတွက် ဆုံးရှုံးရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားထားသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာမှာ ရန်ကုန် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ ကုမ္ပဏီများမှတစ်ဆင့် ဓာတ်အားဖြန့်ဖြူးခြင်းများ ရှိသကဲ့သို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ တိုက်ရိုက်ဖြန့်ဖြူးခြင်းလည်းရှိကြောင်း သိရသည်။ Writer: ထက်ရှိုင်း
Source : http://ift.tt/2iQpEbN
via IFTTT

No comments:

Post a Comment