မြောက်ကိုရီးယား ဒုံးကျည်များ၏ ခြိမ်းခြောက်နိုင်စွမ်းအပေါ် မူတည်၍ အမေရိကန် ပစ်ချမည် ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ မြောက်ကိုရီးယား ဒုံးကျည်များ ခြိမ်းခြောက်နိုင်စွမ်း မရှိပါက အမေရိကန်ပြည်ထောင်စု အနေနှင့် ပစ်ချစရာမလိုဟု ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်စစ်ဖက် အနေနှင့် ဒုံးကျည်ကို ဖျက်ချရန်ထက် ဒုံးကျည်ပျံသန်းမှု အချက်အလက်ကိုသာ စုဆောင်းလိုသည်ဟု ၎င်းက ပြောကြားသည်။ အမေရိကန်ပြည်ထောင်စုသို့ ရောက်မည့် နျူကလီးယား ဒုံးကျည်များကို မြောက်ကိုရီးယားက အကောင်အထည်ဖော်မှုသည် ဖြစ်လာမည် မဟုတ်ဟု ဒေါ်နယ်ထရမ့်က Twitter တွင် ရေးသားခဲ့ပြီးနောက် အက်ရှ်ကာတာ၏ မှတ်ချက်ပေးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တာဝေးပစ်ဒုံးကျည် တီထွင်မှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက နောက်ဆုံးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြောက်ကိုရီးယား ဒုံးကျည်များ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ဟု ယူဆရပါက ကြားဖြတ်ဖျက်ဆီးခြင်း ခံရမည်ဟု မှတ်ချက်ပေး ပြောဆိုလိုက်သည်။ “ခြိမ်းခြောက်နိုင်စွမ်း မရှိရင် ပစ်ချစရာ မလိုပါဘူး။ ဒါကပိုကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ဒုံးခွင်းဒုံးလည်း သက်သာမယ်။ ပျံသန်းမှု အချက်အလက်ကိုလည်း ရရှိနိုင်မယ်” ဟု ၎င်းက ပြောကြားသည်။ ထရမ့်၏ စစ်ဖက်ဆိုင်ရာ အကြံပေးအဖြစ် ဆက်လက်ရှိနေမည် ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ရေတပ်ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဒန်းဖို့ကလည်း ကာတာ၏ မှတ်ချက်ကို သဘောတူသည်။ အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း ပြုံယမ်း အစိုးရက ညွှန်ကြားသည်နှင့် တစ်ပြိုင်နက် အချိန်မရွေး၊ နေရာမရွေး ဒုံးကျည်ကို ပစ်လွှတ်မည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုကြောင်း KCNA သတင်းဌာနက တနင်္ဂနွေနေ့က ကြေညာခဲ့သည်။ မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှု ငါးကြိမ်ပြုလုပ်ထားပြီး ဖြစ်သော်လည်း နျူထိပ်ဖူး တပ်ဆင်နိုင်သော တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာတွင် အောင်မြင်မှု မရသေးပေ။ သို့ရာတွင် လာမည့်ငါးနှစ်အတွင်း အောင်မြင်နိုင်ဖွယ် ရှိသည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
Source : https://goo.gl/bcsUIR
via IFTTT
No comments:
Post a Comment