Thursday, January 5, 2017

The Voice

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ ၂၀၁၇ သုံးသပ်ချက် == ကျွမ်းကျင်သူတို့ သုံးသပ်တဲ့ ၂၀၁၇ == ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍတစ်ခုနှုန်း ဖော်ပြသွားမည် ဖြစ်ပါသည်။ (အယ်ဒီတာ) ပတ်ဝန်းကျင် ထိခိုက်မှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်မှု အများဆုံး နိုင်ငံများ စာရင်းတွင် ဒုတိယမြောက်အဆင့် ရောက်ရှိနေပြီး သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတု ပြောင်းလဲမှု အခြေအနေများကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ကြိုတင်ခန့်မှန်း သုံးသပ်ထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ Voice : ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရာသီဥတု အခြေအနေကို ခြုံငုံသုံးသပ်ပြီးတော့ အခုနှစ်မှာရော ရာသီဥတုနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်လာနိုင်လဲဆိုတာ ပြောပြပေးပါ ဆရာ။ Dr.TL : လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရ အပူချိန်တွေက တစ်နှစ်ထက်တစ်နှစ် တိုးနေတယ်။ ၂၀၁၄ တုန်းက ကမာ္ဘ့သမိုင်းမှာ အပူဆုံးနှစ်ဖြစ်တယ်။ ၂၀၁၅ ရောက်တော့လည်း ၂၀၁၅ က ၂၀၁၄ ရဲ့ စံချိန်ကိုချိုးပြီး အပူဆုံးနှစ် ဖြစ်လာတယ်။ အခု ၂၀၁၆ မှာလည်း ၂၀၁၅ ထက် ပိုပူတဲ့နှစ် ဖြစ်နေပြန်တယ်။ ဒါကြောင့် အခု ၂၀၁၇ ဟာ ၂၀၁၆ ထက် ပိုပူပြီးတော့ ကမာ္ဘ့သမိုင်းမှာ အပူဆုံး နှစ်တစ်ခု ဖြစ်လာဖို့ အလားအလာ ရှိတယ်။ အဲဒီတော့ အပူဒဏ်ကို ဘာပဲဖြစ်ဖြစ် နွေရာသီမှာ သတိထားရမယ်။ နောက် မြန်မာပြည်မှာ နှစ်တိုင်းလိုလို သဘာဝဘေးနဲ့ ပတ်သက်ပြီး သတိထားရမယ့် အရာအချို့ ရှိတယ်။ အများအားဖြင့် သေချာပေါက် ဖြစ်နိုင်တယ်လို့ ပြောနိုင်တဲ့ အရာတွေပေါ့။ နံပါတ်တစ်က နွေရာသီမှာ ပူပြင်းမှုဒဏ်ကို ကြုံရနိုင်တယ်။ ပုံမှန်ထက်တော့ ပိုမှာပေါ့လေ။ စံချိန်တော့ တင်ချင်မှတင်မယ်။ ဘာကြောင့်လဲဆိုတော့ အယ်နီညိုမှ မဖြစ်တာကိုး။ နောက်တစ်ခုက နှစ်ဆန်းတဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်ကစပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရ ီမဖြစ်တောင် မတ်လဆိုရင်တော့ ဖြစ်မှာပေါ့။ မြန်မာပြည်မှာ ဒုတိယကြုံနိုင်တဲ့ ပြဿနာကတော့ ရေရှားပါးတဲ့ ပြဿနာပေါ့။ ရေရှားပါးမှု၊ ရေပြတ်လပ်မှုတွေ ကြုံနိုင်တယ်။ တတိယအန္တရာယ် အနေနဲ့က ဖြစ်မယ်လို့ ယူဆနိုင်တာ တစ်ခုက ဘာလဲဆိုတော့ မီးလောင်တာပဲ။ မီးလောင်တာလည်း ရာသီဥတုနဲ့ ပတ်သက်တယ်။ ပူပြင်းတယ်၊ ခြောက်သွေ့တယ် ဆိုတာနဲ့ မီးလောင်တာပဲ။ မီးလောင်မှု အန္တရာယ်။ ဒီသုံးခုကတော့ ဆရာ တော်တော်လေးကို စိတ်ထဲမှာ ယုံကြည်တယ် ဖြစ်ဖို့။ နောက် နည်းနည်းပါ လာနိုင်တာက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာပေါ့။ အနည်းဆုံးတော့ နွေရာသီမှာ Heat Stroke တို့၊ လေဖြတ်တာတို့၊ ဦးနှောက်သွေးကြော ပြတ်တာတို့ ဒါလေးတွေကို သတိထားရမယ်။ Voice : ဒါဆို အခု ဒီလာမယ့် နွေရာသီမှာရော ဘယ်ဒေသတွေက အပူချိန် အမြင့်ဆုံး ရှိနိုင်သလဲ။ ဘာတွေ အဓိက ကြိုတင်ပြင်ဆင်ထားရမလဲ ဆရာ။ Dr.TL : အစဉ်အလာအရတော့ နွေရာသီမှာ အပူချိန် မြင့်မားတာရယ်၊ ရေရှားတာရယ်၊ မီးလောင်တာရယ် ဒီသုံးခုကတော့ သေချာပေါက် သတိထားရမယ်။ သေချာပေါက် ရေရှားမှာကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနဲ့ မြစ်ဝကျွန်းပေါ်ဒေသကတော့ ရေရှားမယ်။ နောက်ထပ်လည်း နေရာတွေလည်း တိုးလာနိုင်တယ်။ အခုနောက်ပိုင်းမှာ ရှမ်းပြည်နယ်မှာလည်း ရေရှားတာတွေ ဖြစ်နေတယ် ဆိုတော့ နောက်ပြီးတော့ ရခိုင်တို့၊ ချင်းတို့ဘက်မှာလည်း ရေရှားတယ်ဆိုတော့ အဓိကကတော့ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ပါပဲ။ နောက် မီးလောင်တာလည်း ဒီဒေသတွေပဲ များတာပါပဲ။ ဒီသုံးခုကတော့ အဓိကပဲ။ ရေရှားတာကတော့ ပြည်နယ်နဲ့တိုင်း ၁၂ ခုလောက် ရှိနိုင်တယ်။ နောက် တကယ်လို့သာ အယ်နီညိုဆိုရင် ကျန်းမာရေးလည်း ထည့်ပြောချင်တာပေါ့လေ။ ဒါပေမဲ့ ကျန်းမာရေးကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ အပူလျှပ်တာတို့၊ အပူချိန် မြင့်မားမှုကြောင့် အသက်အရွယ်ကြီးရင့်သူ၊ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အနေနဲ့ သတိထားသင့်တယ်။ Voice : လာမယ့်ကာလတွေမှာရော အခုလို လာနီညာ ရာသီဥတုပဲ ဆက်ဖြစ်ဦးမှာလား ဆရာ။ Dr.TL : လာနီညာ မဖြစ်တော့ဘူး။ မှန်းထားတာကတော့ လာမယ့် ဇူလိုင်လအထိ ရိုးရိုးနှစ်ပဲ။ ဒီလဆန်း ၂၀၁၇ ဇန်နဝါရီက စပြီးတော့ ဇူလိုင်လအထိ ရိုးရိုးနှစ် ပြောင်းသွားမယ်လို့ပဲ မှန်းထားတယ်။ အခုသုံးလကတော့ လာနီညာ ဖြစ်တယ်။ ၂၀၁၆ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ သုံးလကတော့ လာနီညာ ဖြစ်တယ်။ ဒါပေမဲ့ အားမကောင်းခဲ့ဘူး။ ဇန်နဝါရီကစပြီး ဇူလိုင်အထိကတော့ ရိုးရိုးနှစ်ပဲ ပြန်ဖြစ်မယ် မှန်းထားတယ်။ Voice : မြန်မာနိုင်ငံမှာ နှစ်စဉ် မုတ်သုံဝင်ရက်တွေ နောက်ကျလာတာရှိတယ် ဆိုတော့ ဒီမုတ်သုံအဝင် နောက်ကျတာက ဘယ်ဒေသတွေကို ပိုပြီးထိခိုက်စေနိုင်ပါသလဲ ဆရာ။ Dr.TL : မုတ်သုံနဲ့ ပတ်သက်ပြီးပြောရရင် မိုးနဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့လူတွေ အားလုံးသိစေချင်တာ မြန်မာနိုင်ငံရဲ့မုတ်သုံ Sense တွေ ပြောင်းသွားပြီဆိုတာ သိဖို့ပဲ။ မုတ်သုံဝင်တဲ့ရက်ဆိုရင် မြန်မာနိုင်ငံတောင်ပိုင်းကို မေ ၂၀ လောက်မှာ ဝင်တယ်။ မြစ်ဝကျွန်းပေါ်ကို မေ ၂၅ လောက်မှာ ဝင်တယ်။ အလယ်ပိုင်းမှာ မုတ်သုံဝင်ရက် တိတိကျကျ မရှိဘူး။ ဒါမှမဟုတ်ရင် မသိမသာနဲ့ ဒါမှမဟုတ်လည်း ကျော်သွားပြီးတော့ မြောက်ပိုင်းနဲ့အတူ တွဲပြီး ဇွန် ၁ ရက်မှာ ဝင်တယ်။ အဲဒီတော့ အဓိက ပြောင်းလဲချက် နှစ်ခု တွေ့မှာပေါ့။ အဲဒါဘာလဲ ဆိုတော့ မုတ်သုံအဝင် နောက်ကျတာရယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ မုတ်သုံဝင်ရက် ပျောက်သွားတာရယ် အဲဒီနှစ်ခုကို အလယ်ပိုင်းဒေသကလူတွေ အထူးသတိထားဖို့ လိုပါတယ်။ နောက်တစ်ခါ မုတ်သုံဝင်ရက်ကို အဲဒီလို တွေ့ရပြီးတော့ မုတ်သုံထွက်တဲ့ရက် ကျတော့လည်း မြန်မာပြည် တစ်ပြည်လုံးကနေ စက်တင်ဘာ ၁၅ ဆို စထွက်ပြီ။ အဲဒါကြောင့် မိုးရာသီကာလလည်း တိုသွားတယ်ပေါ့။ အရင်တုန်းကတော့ မိုးရာသီကာလက ၁၄၇ ရက်လောက် ရှိတာ။ အခုဆိုရင် ၁၀၅ ရက်လောက်ပဲ ရှိမယ်။ အဲဒီတော့ ရက် ၄၀ ကျော် လျော့သွားတယ်။ ဒီအချက်က အရေးကြီးတယ်။ Voice : ဒီနှစ်မှာရော မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် ရှိနိုင်ပါသလား။ မုန်တိုင်းတွေရဲ့ သဘောသဘာဝကရော ထူးထူးခြားခြား ပြောင်းလဲမှု ရှိနိုင်ပါသလား ဆရာ။ Dr.TL : အရေးကြီးတာ တစ်ခုက ဘာလဲဆိုရင် မုန်တိုင်းဖြစ်တာ၊ မုန်တိုင်းဖြစ်တဲ့ အခါမှာ အခုနောက်ပိုင်း ဖြစ်နေတဲ့ပုံစံက မေလမှာ တစ်နှစ်ကို တစ်လုံးလောက် ဖြစ်တယ်။ မေလရောက်ရင် မုန်တိုင်းအန္တရာယ် ရှိနိုင်တယ်ပေါ့။ တစ်လုံးလောက် ဖြစ်တယ်။ နောက် မိုးဦးလို့ ခေါ်တဲ့ ဇွန်လမှာကျတော့ သုံးနှစ်မှာ တစ်လုံးလောက်ပဲ ဖြစ်တယ်။ နှစ်တိုင်းမဖြစ်ဘူး။ နောက် မိုးလယ်လို့ခေါ်တဲ့ ဇူလိုင်နဲ့ ဩဂုတ်နှစ်လမှာတော့ မုန်တိုင်းက နှစ်တိုင်းတော့ မဖြစ်ဘူး။ ဒါပေမဲ့ တော်တော်တော့ဖြစ်တယ်။ ဘယ်လိုတွေ့ရမလဲဆိုတော့ ငါးနှစ်မှာ လေးလုံးလောက် ဖြစ်တယ်။ နောက် မိုးနှောင်းလို့ခေါ်တဲ့ စက်တင်ဘာလောက်မှာ သုံးနှစ်မှာ တစ်လုံးပဲ ဖြစ်တယ်။ နှစ်တိုင်း မဖြစ်ဘူး။ အားလုံးနည်းကြပါတယ်။ မုန်တိုင်းဖြစ်တာ။ ဒါပေမဲ့လို့ မိုးလွန်လို့ခေါ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ သုံးလမှာတော့ မုန်တိုင်းက တစ်နှစ်ကို ပျမ်းမျှနဲ့ ပြောရင်တောင် လေးလုံး ဖြစ်တယ်။ ဒါကြောင့် မိုးလွန်ကာလ မုန်တိုင်းတွေက မြန်မာပြည်အတွက် အရေးပါတယ်။ အဲဒီတော့ မိုးလွန်ကာလမှာ မုန်တိုင်းတွေဖြစ်ရင် အဲဒီဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာပြည်အပေါ်မှာ အကျိုးသက်ရောက်မှု နှစ်မျိုး ဖြစ်နိုင်တယ်။ တစ်မျိုးက အဲဒီမုန်တိုင်းတွေက မြန်မာပြည်ကို ဝင်နိုင်တယ်။ ပြောရရင်တော့ မြန်မာပြည်ကိုဝင်တဲ့ မုန်တိုင်း အားလုံးရဲ့ ၄၉ ရာခိုင်နှုန်းဟာ အဲဒီသုံးလမှာ ဝင်တယ်။ ဒါကြောင့် အဲဒီသုံးလဟာ မြန်မာနိုင်ငံအတွက် ဒုတိယမုန်တိုင်း ရာသီပဲ။ မုန်တိုင်းအန္တရာယ် သတိထားရမယ် မိုးလွန်ကာလမှာ။ နောက် ဒီမိုးလွန်ကာလမှာ မုန်တိုင်းတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ်မှာ သက်ရောက်နိုင်တဲ့ နောက်ထပ်ထိခိုက်မှု တစ်ခုက မိုးလွန်ကာလမှာ မုန်တိုင်းဖြစ်ရင် အဲဒီမုန်တိုင်းက မြန်မာနိုင်ငံကို ဝင်ဝင် မဝင်ဝင်ပေါ့၊ မုန်တိုင်းဖြစ်လိုက်တာနဲ့ မုန်တိုင်းကနေ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဗဟိုချက် ရှိနေတဲ့ အချိန်မှာလည်း အဲဒီမုန်တိုင်းဗဟိုချက်ကနေ မြန်မာနိုင်ငံရှိရာဘက် အရှေ့မြောက်ဘက်ကို တိမ်စွယ်တန်းတစ်ခုက အမြဲတမ်း ထိုးထိုးထွက်လာတယ်။ အဲဒီတိမ်စွယ်တန်းကို အမောက်တိမ်တို့လည်း ခေါ်တယ်။ အဲဒီအရှိန်တွေကြောင့် မြန်မာနိုင်ငံမှာ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ မိုးရွာတတ်တယ်။ အဲဒီမိုးတွေဟာ အခါလွန်တဲ့မိုးတွေ ဖြစ်တဲ့အတွက် အချိန်အခါမဟုတ် ရွာတဲ့မိုးတွေ ဖြစ်တဲ့အတွက်ကြောင့် လယ်သမားများ အတွက်ကတော့ ဒီမိုးတွေဟာ ဖျက်မိုးတွေ ဖြစ်တယ်။ အဲဒီဖျက်မိုးအန္တရာယ် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတာ ၂၀၀၆ ခုနှစ်ကတည်းက ကနေ့အထိပဲ။ ၁၁ နှစ် ရှိပြီ။ အရေးကြီးတဲ့ အချက်တွေက ဒါပဲ။ Voice : လွန်ခဲ့တဲ့နှစ်တွေက စပြီး မြန်မာနိုင်ငံမှာ မိုးတိမ်တောင်တွေ အဖြစ်များလာတာ တွေ့ရတယ် ဆရာ။ ဒီနှစ်မှာရော မိုးတိမ်တောင်အန္တရာယ်က ဘယ်လောက်ကြီးပါသလဲ ဆရာ။ Dr.TL : မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ သဘာဝဘေးနှစ်ခုကတော့ မိုးကြိုကာလ၊ မိုးလွန်ကာလမှာ ဖြစ်တဲ့ မိုးတိမ်တောင်တွေ၊ အဲဒီမိုးတိမ်တောင်တွေကြောင့် မြန်မာနိုင်ငံမှာ မိုးကြိုးပစ်ခံရပြီး သေရတဲ့လူ အရေအတွက်က နှစ်တိုင်းတိုးနေတယ်။ အခုနောက်ပိုင်း တစ်နှစ်ကို ပျမ်းမျှအနေနဲ့ တစ်ရာအထက်မှာ ရှိတယ်။ မိုးတိမ်တောင်ကြောင့် နောက်ထပ်ကြုံရတာကတော့ လေပြင်းကျတာ။ နောက်တစ်ခု မိုးတိမ်တောင်ကြောင့် မိုးကြီးတာ။ နေရာကွက်ပြီး မိုးကြီးတတ်တဲ့ အတွက် မိုးကြီးမှုဒဏ်ပေါ့။ အထူးသဖြင့် ကုန်းမြင့်တောင်တန်းဒေသတွေမှာ မြေပြိုတာနဲ့ လျှပ်တစ်ပြက် ရေကြီးတာ ဖြစ်တတ်တယ်။ အဲဒါကို သတိထားဖို့ လိုပါတယ်။ နောက် မိုးတွင်းပိုင်းကို ရောက်လာတဲ့ အခါမှာတော့ နှစ်တိုင်းလိုလို ဧရာဝတီမြစ်အောက်ပိုင်း ဒေသတွေမှာ ရေကြီးတတ်တယ်။ ရေဖုံးလွှမ်းခံရတဲ့ ဒေသက ပြည်နယ်နဲ့တိုင်း ငါးခုကတော့ အမြဲတမ်းလိုလိုပါပဲ။ အဲဒါတွေက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်။ ဒီငါးခုမှာ မြေနိမ့်ပိုင်းတွေ၊ နောက် မြေနိမ့်ပိုင်းမှာရှိတဲ့ လူနေရပ်ကွက်တွေ၊ လယ်ကွင်းတွေမှာ အမြဲတမ်း ရေနစ်မြုပ်တာ ခံရတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ အမြဲတမ်းလိုလို လယ်ယာလုပ်ငန်းခွင်ဝင်တဲ့ မိုးကြိုကာလ၊ လယ်ယာတွေ ရိတ်သိမ်းတဲ့ မိုးလွန်ကာလမှာ မိုးတိမ်တောင်အန္တရာယ်က အများဆုံး ဖြစ်တယ်။ အဲဒါကြောင့် လယ်သမားတွေ မိုးကြိုးပစ်ခံရတဲ့ အန္တရာယ်ကို သတိထားဖို့ လိုပါတယ်။ Voice : မြန်မာနိုင်ငံမှာ သဘာဝပတ်၀န်းကျင် ထိခိုက်မှုတွေ ဖြစ်နေတာက ရာသီဥတုကို ပြောင်းလဲမှုကို သိသာစေလား။ ဘယ်လိုသဘာဝဘေးတွေ အဖြစ်များလာလဲ။ Dr.TL : မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် အထူးသဖြင့် သစ်တောပြုန်းတီးမှုကြောင့် မြန်မာနိုင်ငံမှာ နောက်ထပ် သဘာဝဘေးတစ်ခု ခါတိုင်းထက်ပိုပြီး ဆိုးလာတာ ရှိတယ်။ အဲဒါကတော့ တောင်ကျရေရဲ့အန္တရာယ်ပဲ။ တောင်ကျရေ အန္တရာယ် များပါတယ်။ ဒီအန္တရာယ်ရှိတဲ့အတွက် ရေနစ်မြုပ်မှုကလည်း ပိုလာတယ်။ ဆိုးတာက တောင်ကျရေက အားကောင်းတဲ့ အတွက်ကြောင့် မိုးမများပေမယ့် ရေမြုပ်နိုင်တဲ့ အန္တရာယ် ဖြစ်ရတယ်။ အရင်တုန်းက ဒီလောက်မိုးနဲ့တော့ ရေမကြီးဘူး။ အခုတော့ အဲဒီလောက်မိုးကလည်း ရေကြီးတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ လောက်မိုးကို ထိန်းသိမ်းပေးမယ့် သစ်တောတွေက မရှိတော့ဘူး။ အဲဒါကလည်း သတိထားရမယ့် အချက် တစ်ခုပဲ။ နောက်ဆုံးတစ်ချက်က ဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်းက မဖြစ်တော့သလောက် ရှိနေတယ်။ မိုးတွင်းကာလ လေးလ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ ဒီလေးလမှာ မုန်တိုင်းက မဖြစ်သလောက် ပဲ။ တစ်ခါ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတွေက လည်း မိုးလယ်လောက်ရောက်တဲ့အထိ အရင်လို မြန်မာ နိုင်ငံဘက်ကို မလာတော့ဘူး။ ဒီတော့ကာ မြန်မာနိုင်ငံ အလယ်ပိုင်းအနေနဲ့ ထိခိုက်မှုအဆိုးဆုံး ဖြစ်လာရတာ ပေါ့။ ဖြစ်လာရတဲ့အကြောင်းတွေက မုတ်သုံအ၀င်က လည်း မြန်မာနိုင်ငံအလယ်ပိုင်းကို ကျော်သွားတဲ့အတွက် မုတ်သုံအ၀င် မိုးမရတော့ဘူး။ နောက်တစ်ခါ ဘင်္ဂလား ပင်လယ်အော်မှာ မိုးတွင်းတစ်တွင်းလုံး မုန်တိုင်းမဖြစ် တဲ့အတွက် မုန်တိုင်းမိုးလည်း အလယ်ပိုင်းကမရတော့ ဘူး။ အရှေ့ဘက်က တောင်တရုတ်ပင်လယ်ပြင်မှာ တိုင်ဖွန်းမုန်တိုင်းတွေကတော့ အရေအတွက်အနေနဲ့ အပြောင်းအလဲသိပ်မရှိဘူး။ ဒါပေမဲ့ ပြောင်းလဲသွား တာကတော့ မြန်မာနိုင်ငံဘက်ကို သိပ်မလာတော့ဘူး။ အထူးသဖြင့် နှစ်စဉ်နှစ်တိုင်း ဇွန်လအကုန် ဇူလိုင်လ လောက်အထိကို အရှေ့လေပွေလှိုင်းက မြန်မာနိုင်ငံ ဘက်ကို မလာတဲ့အတွက် မြန်မာနိုင်ငံအလယ်ပိုင်း အနေနဲ့ မိုးရွာတဲ့ဖြစ်စဉ် အားလုံးလိုလိုဟာ လျော့နည်း သွားတာပေါ့။ ဒါကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက နှစ်စဉ်နှစ်တိုင်း မေ၊ ဇွန်၊ ဇူလိုင်ပေါ့ ဒီသုံးလမှာ မိုးရရှိမှု အလွန်နည်းပါတယ်။ မိုးခေါင်တယ်လို့တောင် ပြောနိုင် တယ်။ အဲဒီတော့ အထူးပြောချင်တာ လယ်ယာလုပ် ငန်း လုပ်ကိုင်ကြတဲ့သူတွေအနေနဲ့ လုပ်ငန်းခွင် လုပ်ရိုး လုပ်စဉ်ကိစ္စတွေမှာ အပြောင်းအလဲတွေလုပ်ဖို့ လိုတယ်။ တစ်နည်းအားဖြင့် ပြောင်းလဲနေတဲ့ အခြေအနေနဲ့ သဟဇာတဖြစ်အောင် လုပ်ကိုင်ကြဖို့လိုတယ်။ ဥပမာ အားဖြင့် ရိတ်သိမ်းထားတဲ့စပါးတွေ၊ ပဲတွေကို ကွင်းပြင် မှာ ဒါမှမဟုတ် ကန်သင်းရိုးမှာ လနဲ့ချီပြီး ပစ်ထားတာ မျိုး မလုပ်သင့်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီတစ်လ အတွင်းမှာ မိုးမရွာဘူးလို့ အာမမခံနိုင်ဘူး။ လုပ်သင့်တာကတော့ အမိုးအကာအောက်မှာ စက်နဲ့အခြောက်ခံပြီး စက်နဲ့ပဲ အစေ့ခြွေသင့်တယ်။ ဒါမျိုးတွေက ချက်ချင်းတော့ မဖြစ်နိုင်ဘူးပေါ့။ ဖြည်းဖြည်းတော့ ဖြစ်လာနိုင်ပါတယ်။ အစစအရာရာ စက်မှုလယ်ယာကို ပိုဦးစားပေး လုပ်သင့်တယ်လို့ ဒါ ဆရာကတော့ အကြံပြုလိုတယ်။ ဒါက ခက်တော့ခက်ပါတယ်။ ငွေကုန်ကြေးကျကလည်း များပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဒါတွေကို ဘက်စုံကူညီပေါ့။ ဒီစနစ်ကို ထူထောင်သင့်တယ်။ နို့မဟုတ်ရင် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို လူတွေက ဒီထက် ပိုပြီး နှစ်တိုင်းလိုလို ခံနေရရင် မကောင်းဘူးပေါ့။ Voice : မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုတွေ များလာတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ပြောင်းလဲမှုတွေ များလာတယ်။ ရာသီဥတု ဖောက်ပြန်မှုတွေလည်း ဖြစ်နေတယ်ဆိုတော့ အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်ထားမှု အပိုင်းမှာရော လက်ရှိ ဘယ်လောက်အခြေအနေအထိ အားကောင်းလာပြီလဲလို့ ဆရာ မြင်ပါသလဲ။ သုံးသပ်ပေးပါဦး ဆရာ။ Dr.TL : အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုကတော့ အားနည်းတယ်ဆိုတာ အစဉ်အလာအရတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကနေ့တော့ ဆရာကိုယ်တိုင် သူတို့နဲ့ ရင်းရင်းနှီးနှီး လုပ်ကိုင်နေတော့ တော်တော်တော့ တိုးတက်လာပြီလို့ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒါနဲ့ပတ်သက်ပြီး အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ် ကော်မတီလည်း ဖွဲ့တော့မယ်။ နောက်ပြီးတော့ အလုပ်ရုံ ဆွေးနွေးပွဲတွေလည်း လုပ်တယ်။ နောက်ပြီးတော့ ဌာနပေါင်းစုံ ပူးပေါင်းမှု မြှင့်တင့်တယ်။ နိုင်ငံတကာကျွမ်းကျင်သူ များနဲ့လည်း အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတော့ ဆရာ ထင်ပါတယ်။ ဒါတစ်နှစ် ထက်တစ်နှစ်တော့ တိုးတက်လာမယ်လို့ ထင်ပါတယ်။ Voice : အစိုးရအနေနဲ့ လုပ်သင့်သလောက် လုပ်ပေမယ့် ထိရောက်မှု မရှိဘူး။ ဒီလိုအစဉ်အလာအရ အားနည်းချက်တွေ ရှိနေတယ် ဆိုတာကလည်း ဘယ်လိုကြောင့်ပါလဲ ဆရာ။ Dr.TL : အားနည်းချက်ကတော့ အဓိကကတော့ တတ်ကျွမ်းနားလည်တဲ့သူတွေ ပါဝင်မှု နည်းလို့ပါပဲ။ အဲဒီတော့ တတ်ကျွမ်းနားလည်တဲ့သူတွေ ပိုမို ပူးပေါင်းပါဝင်ပြီးတော့ နိုင်ငံအတွက် တကယ့်လက်တွေ့ ကျင့်သုံးရမယ့် ပေါ်လစီပိုင်းတွေ၊ ကျင့်ဝတ်တွေကို အဲဒါတွေကို ဆွေးနွေးညှိနှိုင်း ပြဋ္ဌာန်းနိုင်မယ်ဆိုရင် ဒါတိုးတက်လာမှာပါ။ အဓိကကတော့ မြန်မာနိုင်ငံမှာ ရှားပါးနေတာ ပညာရှင်ပဲလေ။ ရှိတဲ့ပညာရှင်တွေကလည်း အပြင်ရောက်နေတာ များတယ်။ အခုတော့ ပြန်စည်းရုံးနေပါပြီ။ အဲဒီလူတွေ အကုန်ပါပြီးတော့ နိုင်ငံတကာကရော၊ ပြည်တွင်းကရော တတ်ကျွမ်းသူတွေ အတွေ့အကြုံ ရှိသူတွေကနေ လုပ်ရမယ့်အရာ၊ မလုပ်ရမယ့်အရာ ဒါတွေကို တကယ်လက်တွေ့ လုပ်နေတဲ့သူတွေကို ချပြနိုင်မယ်ဆိုရင် တိုးတက်မှုတော့ ရလာမှာပေါ့။ အားနည်းတာကတော့ အတတ်ပညာအပိုင်းနဲ့ အသိပညာပိုင်း အားနည်းတာပါ။ Voice : အချုပ်အနေနဲ့ဆရာ။ ဒီ၂၀၁၇ မှာ ရာသီဥတု အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဖြစ်လာနိုင်ပါသလဲ။ အဆိုးရွာဆုံး ဖြစ်လာနိုင်ခြေ ရှိပါသလား ဆရာ။ Dr.TL : ရာသီဥတုပိုင်းကတော့ ဆက်လက်ဆိုးနေဆဲပဲ။ ချက်ချင်းကောင်းသွားမယ်လို့တော့ ဆရာ မပြောနိုင်ဘူး။ အခု အပူချိန်ပဲကြည့်လေ။ တစ်နှစ်ထက် တစ်နှစ် ပိုပူနေတယ်။ ရာသီဥတု ဖောက်ပြန်နေတယ်။ အခုလောလောဆယ် ဖြစ်နေတဲ့ ရာသီဥတုက အပူချိန်ဆိုရင် ပိုပူသော၊ မိုးဆိုရင်တော့ ပိုပြီးတော့ စွတ်စိုတယ်။ ပုံမှန်မှာမရှိဘူး။ ရာသီဥတုက အစွန်းရောက်တွေ ဖြစ်နေတယ်။ အပူချိန်ကျတော့လည်း တအားပူတယ်။ မိုးကျတော့လည်း တအားများရင်လည်း များမယ်။ မိုးခေါင်ရင်လည်း ခေါင်မယ်။ ရာသီဥတုကတော့ ဆက်လက်ဆိုးရွားဆဲပဲ။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ ရာသီဥတုကတော့ အဲပုံစံအတိုင်းပဲ ဆက်သွားဦးမယ်။ တစ်နှစ်၊ ၂ နှစ်ကတော့ ဘယ်လိုမှ ပြောင်းလို့ရဦးမှာ မဟုတ်ဘူး။ ပြည့်ဖြိုးလင်း
Source : https://goo.gl/1VWj7h
via IFTTT

No comments:

Post a Comment