Tuesday, January 24, 2017

The Voice

အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲတွင် အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုတို့နှင့် မြန်မာ တစ်အုပ်စုတည်းကျ အဘူဒါဘီ၊ ဇန္နဝါရီ ၂၃ ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် နောက်ဆုံးအဆင့် ခြေစစ်ပွဲ အုပ်စုများကို အာရှဘောလုံးအဖွဲ့ချုပ်က မဲခွဲထုတ်ပြန်လိုက်ပြီ ဖြစ်ရာ မြန်မာအသင်းမှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုတို့နှင့်အတူ အုပ်စု (က) တွင် တစ်အုပ်စုတည်း ကျရောက်သွားခဲ့ကြောင်း AFC က ဖော်ပြထားသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို ၁၆ သင်းမှ ၂၄ သင်းသို့ တိုးမြှင့်ပေးထားပြီဖြစ်ကာ လက်ရှိတွင် အသင်း ၁၂ သင်းက အာရှဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်အတွက် ခြေစစ်ပွဲ အောင်မြင်ထားကြပြီး ဖြစ်သည်။ အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲများကို အသင်းလေးသင်းစီ ပါဝင်သော အုပ်စုခြောက်ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အုပ်စုပထမနှင့် ဒုတိယရရှိသော အသင်းများမှာ ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိကြလိမ့်မည် ဖြစ်သည်။ ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ၂၀၁၇ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ရမည့် အဆိုပါ ခြေစစ်ပွဲများမှာ ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ပြီးဆုံးလိမ့်မည် ဖြစ်သည်။ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန် နောက်ဆုံးအဆင့် ခြေစစ်ပွဲကို ပါဝင်ယှဉ်ပြိုင်နေသည့် အသင်း ၁၂ သင်းသည် ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ထားကြပြီး ဖြစ်ကာ ယင်းအသင်းများမှာ သြစတြေးလျ၊ တရုတ်၊ အီရတ်၊ အီရန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့် အိမ်ရှင် ယူအေအီးတို့ ဖြစ်ကြသည်။ မြန်မာသည် အာရှဖလား ခြေစစ်ပွဲ အောင်မြင်ရေးအတွက် ကာဂျစ္စတန်၊ အိန္ဒိယတို့နှင့် အဓိက အားပြိုင်သွားရလိမ့်မည် ဖြစ်ပြီး ဖီဖာက နောက်ဆုံးထုတ်ပြန်ထားသည့် ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် ကာဂျစ္စတန်က အဆင့် ၁၂၄၊ အိန္ဒိယက အဆင့် ၁၂၉၊ မြန်မာက အဆင့် ၁၅၉၊ မကာအိုက အဆင့် ၁၈၄ အသီးသီး ရရှိထားကြသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲများ မဲခွဲပွဲ အခမ်းအနားတွင် ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲ လိုဂိုကိုလည်း တရားဝင် ထုတ်ပြန်ပေးလိုက်ပြီး ယင်းလိုဂိုကို ယူအေအီးနိုင်ငံတော် အလံတွင် ပါရှိသည့် အရောင်များကို အဓိကအခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ကြေညာထားသည်။ ၂၀၁၉ အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲ အုပ်စုများ -------------------------------------------------------------------- အုပ်စု (က)- ကာဂျစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ မကာအို အုပ်စု (ခ) - မြောက်ကိုရီးယား၊ ဟောင်ကောင်၊ လက်ဘနွန်၊ မလေးရှား အုပ်စု (ဂ) - ဂျော်ဒန်၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား အုပ်စု (ဃ) - အိုမန်၊ ပါလက်စတိုင်း၊ မော်လ်ဒိုက်ဗ်၊ ဘူတန် အုပ်စု (င) - ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ တရုတ်တိုင်ပေ၊ စင်ကာပူ အုပ်စု (စ) - ဖိလစ်ပိုင်၊ တာဂျစ်ကစ္စတန်၊ ယီမင်၊ နီပေါ
Source : https://goo.gl/YZMbtb
via IFTTT

No comments:

Post a Comment