သီရိလင်္ကာတွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဆန္ဒပြ ကိုလံဘို၊ ဇန်နဝါရီ ၈ တရုတ်နိုင်ငံအား ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရန် ခွင့်ပြုမှုကို သီရိလင်္ကာ တောင်ပိုင်းတွင် ဆန္ဒပြခဲ့ကြရာမှ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထာသည်။ ထိုစီမံကိန်းသည် မြို့တော်ကိုလမ်ဘို၏ အရှေ့တောင်ဖက် ၂၄၀ ကီလိုမီတာ အကွာရှိ ဟမ်ဘန်တိုတာ ဆိပ်ကမ်းအနီး တစ်ဝိုက်မှ ဒေသခံ ရွာသားထောင်ပေါင်း များစွာကို ဖယ်ရှားပစ်မည် ဖြစ်သည်။ ၀န်ကြီးချုပ် ရာနီဝစ်ကရီမီဆင်းဂ် တက်ရောက်သည့် စီမံကိန်းဖွင့်ပွဲ အခမ်း အနားကို နှောင့်နှေးစေခဲ့သည့် ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြု၍ နှိမ်နင်းရာမှ ဆန္ဒပြသူများ ထိခိုက်ခဲ့ခြင်း ဖြစ်သည်။ ကန့်ကွက်ဆန္ဒပြသူများက အဆိုပါ နယ်မြေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကိုလိုနီအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ပြောကြားကြသည်။ တရုတ်တို့ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော ကုမ္ပဏီထံ အဆိုပါနယ်မြေကို ၉၉ နှစ် ငှားရမ်းရန် အစိုးရက သဘောတူညီထားသည်။ ဆိပ်ကမ်းအနီးတစ်ဝိုက် နယ်မြေကို တရုတ်ကုမ္ပဏီများ လာရောက်လုပ်ကိုင်မည့် စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်မည် ဖြစ်သည်။ ဒေသခံများကိုမူ မြေအစားပေးမည်ဟု အစိုးရက ပြောကြားထားသည်။ ထိုစီမံကိန်းသည် သီရိလင်္ကာတွင် တရုတ်တို့ ရင်းနှီးမြှုပ်နှံနေသော အခြေခံအဆောက်အဦး စီမံကိန်းများထဲမှ နောက်ဆုံးတစ်ခု ဖြစ်သည်။ သီရိလင်္ကာတွင် ၂၀၀၉ ခုနှစ်က ပြည်တွင်းစစ် ပြီးဆုံးပြီးနောက်ပိုင်း တရုတ်နိုင်ငံက ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ တောင်အာရှဒေသတွင် တရုတ်တို့ သြဇာဖြန့်ရန် ကြိုးစားမှုဖြစ်သည့် ပုလဲကုံးဟုခေါ်သော မဟာဗျူဟာသည် အငြင်းပွားစရာ ဖြစ်နေပြီး အထူးသဖြင့် ဒေသတွင်း ပြိုင်ဘက် အိန္ဒိယနိုင်ငံက သံသယဖြင့် စောင့်ကြည့်လျက် ရှိသည်။ ယခုရင်းနှီးမြှုပ်နှံမှုသည် ရေနံကြွယ်ဝသော အရှေ့အလယ်ပိုင်းသို့၊ ထိုမှတစ်ဆင့် ဥရောပအထိ ခြေဆန့်မည့် ‘ပိုးလမ်းမ ရေကြောင်းခရီး’ ကို အကောင်အထည်ဖော်မည့် ရည်မှန်းချက် ကြီးမားလွန်းသော အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု တောင်အာရှရေးရာ အကဲခတ်များက မှတ်ချက်ပေးထားသည်။
Source : https://goo.gl/0XoxI3
via IFTTT
No comments:
Post a Comment