Monday, January 30, 2017

Eleven Media Group

သင်္ဘောတင်ရန် Line Seal ဖြင့် ပိတ်ထားသော ကွန်တိန်နာများအတွင်းမှ တရားမဝင် ပိတောက်သစ်များ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာမှ တာဝန်ရှိသူများက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။ ဇန်နဝါရီ ၂၈ ရက်က မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ပုလဲ (၁) ရပ်ကွက် စကားဝါ (၆) လမ်းရှိ ခြံအမှတ် (၄ဝ၂) အတွင်း၌ တရားမဝင်သစ်များ ထည့်သွင်းထားသည့် ကွန်တိန်နာ ၁ဝ လုံးအား တွေ့ရှိခဲ့ပြီးနောက် ဆက်လက်စစ်ဆေး ဖော်ထုတ်စဥ် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးသိန်းထွန်းက “အားလုံးပေါင်း ၁၆ လုံးမှာ တရားမဝင်သစ်တွေကို တွေ့ရှိခဲ့တာပေါ့။ နောက်ပြီး အခုထပ်တွေ့တဲ့ ခြောက်လုံးက Line Seal နဲ့ ပိတ်ထားတာ ဖြစ်တဲ့အတွက် အကောက်ခွန်၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တွေကိုလည်း ခေါ်ယူထားပါတယ်”ဟု ဇန်နဝါရီ ၂၉ ရက်က ပြောကြားသည်။ Line Seal ဖြင့် ပိတ်ထားသည့်အတွက် မည်သည့်ကုမ္ပဏီမှ ထုတ်ယူသွားသည်ကို ဆက်လက် စုံစမ်းဖော်ထုတ်နေကြောင်း၊ ပါဝင်သူများကိုလည်း အရေးယူရန် စီစဥ်နေကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ မင်္ဂလာဒုံမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိမှု ဖြစ်စဥ်မှာ MIP ဆိပ်ကမ်း၌ စစ်ဆေးတွေ့ရှိခဲ့သည့် ဖြစ်စဥ်အပေါ် အခြေခံကာ သတင်းကွင်းဆက်အနေဖြင့် ထပ်မံ ဖော်ထုတ်ရရှိခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်း တရားမဝင်သစ်များနှင့် စပ်လျဥ်းပြီး အကြီးမားဆုံးအနေဖြင့် ချိတ်ဆက် ဖမ်းမိခဲ့သည့်ဖြစ်စဥ်အစမှာ ဇန်နဝါရီ ၂၄ ရက်က Myanmar Industrial Port သို့ရောက်ရှိလာသည့် ကျွန်းခွဲသားများ ထည့်သွင်း သယ်ဆောင်လာသော ကွန်တိန်နာနှစ်လုံးအား စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဇန်နဝါရီ ၂၆ ရက်တွင် Myanmar Industrial Port ၌ပင် ပြည်ပသို့ တင်ပို့မည့် ကွန်တိန်နာ ၁၁ လုံးအတွင်းမှ တန်ချိန် ၁၃ဝ ကျော်ရှိ တရားမဝင်သစ်များ ဖမ်းဆီးနိုင်ခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်တွင် တတိယအကြိမ်ဖြစ်စဥ်မှ တရားမဝင် ပိတောက်ခွဲသားများ ထည့်သွင်းထားသည့် ကွန်တိန်နာ ၁၆ လုံးကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ တရားမဝင်သစ်များနှင့် စပ်လျဥ်း၍ ဇန်နဝါရီ ဇန်နဝါရီ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (MIP) ဆိပ်ကမ်းနှင့် အေဂျင်စီများမှာ ဥပဒေအား လိုက်နာမှု အားနည်းခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ထိရောက်သည့်အပြစ်များ ပေးလိမ့်မည်ဟု ယူဆကြောင်း အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ ဇန်နဝါရီ ၂၇ ရက်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း တရားမဝင်သစ်များ ဆိပ်ကမ်းတွင် တွေ့ရှိမှုနှင့် စပ်လျဥ်းပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ပြောကြားသည်။ Writer: အောင်ရဲကို
Source : http://ift.tt/2jIVN4P
via IFTTT

No comments:

Post a Comment