မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာရရှိသူများ တစ်ဆင့်ပြန်လည်ရောင်းချပါက သိမ်းယူမည်ဟု စာချုပ်တွင် ထည့်သွင်းထားသော်လည်း အရေးယူမှု တစ်ခုမျှမရှိသေး မန္တလေးမြို့တွင် တည်ဆောက် ရောင်းချပြီးသွားသော မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ ရရှိသူများသည် တစ်ဆင့်ပြန်လည် ရောင်းချပါက ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာထားသလို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသော်လည်း အရေးယူမှုတစ်ခုမျှ မရှိကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ ၂၀၁၃ ခုနှစ်ကုန်ပိုင်းက စတင်အကောင်ထည် ဖော်ခဲ့သော တန်ဖိုးနည်းအိမ်ရာကို ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် တည်ဆောက်ခဲ့ကာ ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃၀ တန် တိုက်ခန်းများကို အရစ်ကျစနစ်နှင့်လက်ငင်း ငွေချေစနစ်များဖြင့် အစိုးရဝန်ထမ်းများကို ရောင်းချပေးခဲ့ရာ တစ်ဆင့် ပြန်လည်ရောင်းချမှုများပြုလုပ်ပါက ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုသို့ တစ်ဆင့်ပြန်လည်ရောင်းချမှုများအတွက် တိုင်ကြားမှုများ ရှိခဲ့သော်လည်း သက်သေ မပြနိုင်သောကြောင့် အရေးယူမှုမရှိကြောင်း စည်ပင်သာယာရေးကော်မတီ အဆောက်အအုံ ကုန်ရုံဌာနမှူး ဦးဇော်ဝင်းထံမှ သိရသည်။ ဦးဇော်ဝင်းက “တန်ဖိုးနည်းအိမ်ရာ ပြန်လည်ရောင်းချမှုတွေကို တိုင်ကြားတာတွေရှိပါတယ်။ ဒါပေမဲ့ စစ်ဆေးတဲ့အခါ တိကျခိုင်လုံတဲ့ သက်သေမျိုးမပြနိုင်တဲ့အတွက် အရေးယူမှု မရှိပါဘူး” ဟု တန်ဖိုးနည်းအိမ်ရာ တစ်ဆင့် ပြန်လည် ရောင်းချမှုများနှင့်ပတ်သက်၍ ဖြေကြားခဲ့သည်။ မန္တလေးမြို့တွင် အမှန်တကယ်နေစရာ မရှိသူများအတွက်ဟုဆိုကာ ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတစ်ဆင့် ပြန်လည်ရောင်းချမှုများကြောင့် ပိုင်ရှင် အဆက်ဆက် လွှဲပြောင်းနေပြီဖြစ်သည်။ ထိုကဲ့သို့ အစိုးရဝန်ထမ်း၊ တပ်မတော် အငြိမ်းစားစသည့် ကန့်သတ်ချက်များဖြင့် ရွေးချယ် ရောင်းချပေးခဲ့ခြင်းကြောင့် အမှန်တကယ် နေစရာမရှိသည့် ပြည်သူများအတွက် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ အစိုးရ ရောင်းခဲ့စဉ်က ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃၀ သာ ရှိခဲ့သော်လည်း ယခုအခါ အဆိုပါ တန်ဖိုးနည်းဟုဆိုသည့် မြရည်နန္ဒာအိမ်ရာရှိ တိုက်ခန်းများသည် ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၄၀၀ အထိ စျေးရှိနေပြီဖြစ်ကြောင်း တိုက်ခန်းနေသူများထံမှ စုံစမ်းသိရသည်။ “ကျွန်မတို့လည်း သူများဆီကတစ်ဆင့် ပြန်ဝယ်ထားတာ။ ဒီတိုက်ခန်းမှာ မဲပေါက်တဲ့ ပိုင်ရှင်ကိုယ်တိုင်နေတာ အတော်နည်းတယ်။ တစ်ဆင့်ပြန်ရောင်းရင် ရောင်း၊ မရောင်းရင် အငှားချထားတယ်။ တချို့တွေဆို တစ်တိုက်လုံးကို ပိုင်ရှင်တစ်ဦးတည်း ပိုင်တာတောင် ရှိတယ်” ဟု မြရည်နန္ဒာ တန်ဖိုးနည်းတိုက်ခန်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။ အိုးအိမ်ဦးစီးဌာနမှ တည်ဆောက်ပြီးစီးသွားသော ကျပ် ၁၆၃ သိန်းမှ ကျပ်၂၂၃ သိန်း တန်ဖိုးရှိ တန်ဖိုးမျှတ အိမ်ရာအခန်း ၅၆၀ ကို မဲနှိုက် ရောင်းချပေးခဲ့ရာ လျှောက်ထားသူ ၇၆၄၀ ဦး ရှိကြောင်း သိရသည်။ ထိုမဲနှိုက်သူများထဲတွင် အိမ်ရာရှိသည့် အစိုးရဝန်ထမ်းများ ပါဝင်နေသဖြင့် အမှန်တကယ် အိမ်ရာမရှိသူများ နစ်နာသောကြောင့် စိစစ် ရောင်းချပေးစေလိုကြောင်း မြို့ခံများထံက ပြောကြားသည်။
Source : http://ift.tt/2iKVRyP
via IFTTT
No comments:
Post a Comment