ရန်ကုန် ဇန်နဝါရီ ၂၆ ဗိုလ်တထောင်မြို့နယ် လမ်းသွယ် ၂ လမ်းရှိ နေအိမ်တွင် ခေါ်ယူမွေးစားထားသော ကေလေးငယ် ၇ ဦး ညှင်းပန်းနှိပ်စက်ခံရမှုတွင် မိန်းကလေး လေးဦးမှာ အဓမ္မပြုကျင့်ခံရသည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကလေးလူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမျိုးဆက်အောင်က The Voice သို့ ပြောကြားသည်။ ဗိုလ်တထောင်မြို့နယ် လမ်းသွယ်(၂)ရှိ ပထမထပ် တိုက်ခန်းပိုင်ရှင် ဒေါ်ခမ်းက အသက် ၇ နှစ်မှ ၃ နှစ်အရွယ်ကြားရှိ ယောက်ျားလေး သုံးဦးနှင့် မိန်းကလေး လေးဦးကို မွေးစားထားရာ ကလေးငယ်များ ညှင်းပန်းနှိပ်စက်ခံနေရကြောင်း ရပ်ကွက်နေသူများက တာဝန်ရှိသူများထံ သတင်းပေး တိုင်ကြားခဲ့သည်။ ယင်းတိုင်ကြားမှုကို ဗိုလ်တထောင် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီက စုံစမ်း၍ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကလေး ၇ ဦးကို ထိန်းသိမ်းစစ်ဆေးရာ ကလေးများ စောင့်ရှောက်နေသည့် အသက် ၆၀ ဝန်းကျင် ဒေါ်ခင်မာညိုက ကလေးများကို လက်ပြန်ကြိုးချည်နှောင်၍ ရိုက်နှက် နှိပ်စက်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အသက် ၄၃ နှစ် လှမိုး (ခ) နီတွတ်မှ အသက် ၆ နှစ်မှ ၃ နှစ်ကြားအရွယ် မိန်းကလေး လေးဦးကို အဓမ္မ ပြုကျင့်ခဲ့ကြောင်း ကလေးငယ်များ၏ ထွက်ဆိုချက်အရ သိရသည်။ “ကလေးတွေ ရိုက်နှက် နှိပ်စက်ခံရတဲ့ အသံတွေ ကြားမိတယ်။ ကလေးတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့ ပုံစံဖြစ်နေတာ။ မွေးစားသူ မခမ်းခမ်းက အမေရိကားမှာ နေတာလို့ သိရပြီး တစ်လတစ်ခါ ဒီပြန်လာချိန် ကလေးတွေနဲ့ လာလာတွေ့တယ်။ ကျွန်တော်တို့လဲ ဒီအမျိုးသမီးကို မသင်္ကာဘူး။ အရင် မွေးစားခဲ့တဲ့ ကလေးတွေ သူက နိုင်ငံခြား ခေါ်သွားတာ။ မွေးစားကလေးတွေကို ပြည်ပမှာ ရောင်းစားနေတာလို့ ပတ်ဝန်းကျင်မှာ အသံတွေ ထွက်တာကြောင့် ရပ်ကွက်လူကြီးက သူ့ခေါ်စစ်ဖူးတယ်။ သူ့ဘက်မှာ မွေးစားစာချုပ်တွေရှိလို့ အရေးယူလို့ မရခဲ့ဘူး”ဟု လမ်းသွယ် (၂) လမ်းနေ အမျိုးသား တစ်ဦးက ရှင်းပြသည်။ ယင်းဖြစ်စဉ်မှ ယာဉ်မောင်း လှမိုး (ခ) နီတွတ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့က မုဒိမ်းမှုဖြင့် ဗိုလ်တထောင်မြို့မ ရဲစခန်းမှ ဖမ်းဆီးထားပြီး ကလေးမွေးစားသူ ဒေါ်ခမ်းနှင့် ကလေးထိန်း ဒေါ်ခင်မာညိုတို့ကို အမှတ် (၆) လူကုန်တားမှု တားဆီးကာကွယ်ရေးအဖွဲ့က စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/U9QQFP
via IFTTT
No comments:
Post a Comment