ဂျပန်ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက် ဂျပန်အစိုးရအတွက် ပြင်းထန်သည့် ထိုးနှက်ချက် တစ်ခုအနေဖြင့် ကာကွယ်ရေးဝန်ကြီး ရုတ်တရက် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။ အရေးကြီးပြီး အထိခိုက် အစွန်းထင်း မခံသည့် ကာကွယ်ရေးဆိုင်ရာ မှတ်တမ်းမှတ်ရာများ ထုတ်ပြန်မှုတွင် ဝန်ကြီး တိုမိုမီ အီနာဒါက လိုအပ်သည်ထက် ဩဇာသုံးပြီး ဖိနှိပ် တားဆီးမှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများကြောင့် ယခုလို ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီးသည် နိုင်ငံရေး နယ်ပယ်၏ ထွန်းသစ်စ ကြယ်တစ်ပွင့်အဖြစ် ညွှန်းဆိုခံရပြီး ဂျပန်တွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ နေရာကို ဆက်ခံမည့်သူ အဖြစ်ပါ သတင်းကြီးနေသည်။ သူမသည် ကာကွယ်ရေး ဝန်ကြီး ရာထူးကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ကတည်းက ထမ်းဆောင်နေခဲ့ခြင်း ဖြစ်သည်။ တိုကျိုတွင် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ အီနာဒါက မိမိ၏ နုတ်ထွက်စာကို ဝန်ကြီးချုပ် အာဘေးထံ ပေးပို့ခဲ့ပြီး အာဘေးက လက်ခံခဲ့ကြောင်း ပြောကြားသွားသည်။ ဂျပန်နိုင်ငံ သမိုင်းတလျှောက်တွင် အမျိုးသမီး ဝန်ကြီးချုပ် မရှိခဲ့သော်လည်း ထိုမှတ်တမ်းကို အီနာဒါက ဖျက်ဆီးပြလိမ့်မည်ဟု အထူးတလည် သတင်းကြီးခဲ့သည်။ သူမသည် ဂျပန်တွင် အမျိုးသမီး တစ်ဦးအနေဖြင့် ကာကွယ်ရေး ဝန်ကြီး ရာထူးကို ဒုတိယမြောက် တာဝန်ယူခွင့် ရသူလည်း ဖြစ်သည်။ ပထမဆုံး အမျိုးသမီး ကာကွယ်ရေးဝန်ကြီး ယူရီကို ကွိုင်ကီမှာ ပြီးခဲ့သည့်နှစ် တိုကျိုရွေးကောက်ပွဲတွင် မြို့တော် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခြင်း ခံခဲ့ရသည်။ အီနာဒါသည် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် တောင်ပိုင်းဆူဒန် နိုင်ငံ၌ ဂျပန် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ မျက်ဝါးထင်ထင် ကြုံနေရသည့် အန္တရာယ်ကြီးမားသော အခြေအနေများကို အရှိအတိုင်း ထုတ်ပြန်ခြင်း မပြုဘဲ ထိမ်ချန်ထားရန် ဖိအားပေးခဲ့ကြောင်း စွပ်စွဲခံနေရသည်။ သို့သော် အီနာဒါက သူမသည် ထိုကိစ္စတွင် ပါဝင် ဆက်နွှယ်မှု မရှိဟု ငြင်းဆိုထားသည်။ လက်ရှိ အခြေအနေတွင် အာဘေး အစိုးရအပေါ် ပြည်သူ့ ထောက်ခံမှုသည် စံချိန်တင် ကျဆင်းမှုအဖြစ် ၂၆ ရာခိုင်နှုန်းမျှသာ ရှိတော့ကြောင်း ယခုသီတင်းပတ်အတွင်း ကောက်ခံသည့် သဘောထားအမြင် စစ်တမ်းက ညွှန်ပြနေသည်။ သို့သော် အဓိက အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက် ပါတီတွင်လည်း ပြဿနာများ ရှိနေပြီး ဇူလိုင် ၂၇ ရက်တွင် ခေါင်းဆောင်မှု ပုံစံသစ် လိုအပ်နေပြီဟုဆိုကာ ပါတီအကြီးအကဲ ရန်ဟို မူရာတာ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
Source : http://ift.tt/2vP4Bua
via IFTTT
No comments:
Post a Comment