Saturday, July 29, 2017

မအူပင်စက်မှုဇုန်တွင် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်

မအူပင်စက်မှုဇုန်တွင် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ စက်မှုဇုန်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ “မအူပင်စက်မှုဇုန်ကို ဒီနှစ်ကုန်ပိုင်းမှာ ပထမအဆင့် ဖွင့်လှစ်ချိန်အမီ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကျနော်တို့ ဆောင်ရွက်သွားမှာပါ။ ဆိုလာရဲ့အားသာချက်က သန့်ရှင်းတယ်။ ဆိုလာက နေရှိမှ မီးရတယ် ဆိုတဲ့ခေတ်က ကျန်ခဲ့ပါပြီ။ ဆိုလာပြားတွေထဲမှာ အနီအောက်ရောင်ခြည်နဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ ပါဝင်တဲ့အတွက် ညအခါမှာပါ မီးပေးနိုင်တဲ့နည်းပညာတွေကိုပါ ကျနော်တို့ အသုံးပြုသွားမှာပါ”ဟု လုပ်ကိုင်ခွင့်ရသည့် ဝမ်တိုး ကုမ္ပဏီ ဥက္ကဋ္ဌ ကွန်းဇော်ထွန်းက ဧရာဝတီကို ပြောသည်။ မအူပင်စက်မှုဇုန်အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ် ထုတ်လုပ်မည့်စက်ရုံကို မြန်မာ နိုင်ငံသားပိုင် ဝမ်တိုး ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံကာ တည်ဆောက်မည်ဖြစ်သည်။ ဧရာဝတီတိုုင်းအစိုးရက ၎င်းကုမ္ပဏီအား နှစ် ၄၀ လုပ်ကိုင်လည်ပတ်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့က ပုသိမ်မြိုရှိ့ရှိ တိုင်းအစိုးရအဖွဲ့ရုံးတွင် အစိုးရအဖွဲ့နှင့် စက်ရုံတည်ဆောက်မည့် ဝမ်တိုးကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက က “မအူပင်စက်မှုဇုန်ကို လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်နဲ့ အလျင်အမြန် ပေးအပ်နိုင်ဖို့အတွက် ကျနော်တို့ တိုင်းဒေသကြီးအစိုးရနဲ့ ဝမ်တိုးကုမ္ပဏီကြား သဘောတူလက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်”ဟု ပြောသည်။ မအူပင်စက်မှုဇုန်ကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် ဧရာဝတီတိုင်းအစိုးရက စတင်အကောင်အထည်ဖော်ခဲ့ပြီးလုပ်ငန်းရှင်များက အထည်ချုပ်စက်ရုံများနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများ တည်ဆောက် လုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ စက်မှုဇုန်အား ယခုနှစ်ကုန်ပိုင်းတွင် ပထမအဆင့်အနေဖြင့် လုပ်ငန်းများစတင်လည်ပတ်ရန် တိုင်းအစိုးရက ပြင်ဆင်နေပြီး ပထမအဆင့် အကောင်အထည် ဖော်ချိန်တွင် လုပ်သား ၇ သောင်းကျော်ကို အလုပ် အကိုင်များ ဖန်တီးပေးနိုင်ရန် ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ရာနှုန်းပြည့်အကောင်အထည်ဖော်ရန် ရည်ရွယ်ထားပြီး ရာနှုန်းပြည့်ပြီးစီးချိန်တွင် လုပ်သား ၂ သိန်းကျော် ခန့်အပ်ပေးနိုင်မည်ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့က ခန့်မှန်းထားသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ မြောင်းမြနှင့် မအူပင်ဟူ၍ စက်မှုဇုန် ၃ ခုရှိပြီး ပုသိမ်နှင့် မြောင်းမြ စက်မှုဇုန်များကို ယခင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ဦးဆောင်သည့် တိုင်းအစိုးရဟောင်းလက်ထက်တွင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ပုသိမ်စက်မှုဇုန်တွင် ထိုင်ဝမ်နှင့် မလေးရှားနိုင်ငံမှ အထည်ချုပ် စက်ရုံများ တည်ဆောက်လည်ပတ်နေပြီး ပုသိမ်ခရိုင်အတွင်းမှ ဒေသခံ ၂ သောင်းကျော် ဝင်ရောက် လုပ်ကိုင်နေကြောင်း သိရသည်။ The post မအူပင်စက်မှုဇုန်တွင် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2tMnNac
via IFTTT

No comments:

Post a Comment