ရန်ကုန် လူဆိုးလူမိုက်များကို စီမံချက်ဖြင့် ဆက်လက် အရေးယူ ရန်ကုန်၊ ဇူလိုင် ၂၄ ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်း ဒေသကြီးတွင် ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်သူများနှင့် အဆက်အသွယ် ရှိနေသည့် လူဆိုးလူမိုက်များကို စွန်ရဲစီမံချက် (၃)ဖြင့် ဆက်လက်စုံစမ်း ဖော်ထုတ် အရေးယူနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဇူလိုင် ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့မှ စွန်ရဲစီမံချက် (၃)ဖြင့် မြို့နယ်အနှံ့တွင် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်ခဲ့သည့်အပြင် နယ်မြေအနှံ့တွင် အသွင်ယူ စုံစမ်းမှုများ ဆောင်ရွက်လျက် ရာဇဝတ်မှု ကျူးလွန်ရန် ကြံစည်နေသည့် လူဆိုးလူမိုက်များကို ခြေချုပ်ဖြင့် အမှုဖွင့် အရေးယူ ထိန်းသိမ်း ဆောင်ရွက်နေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောကြားသည်။ “စွန်ရဲစီမံချက်ကို မေလက စခဲ့တာ။ စီမံချက်ကာလ နှစ်လ သတ်မှတ်ပြီး မှုခင်းကျဆင်းရေး ဆောင်ရွက်ခဲ့ရာမှာ ရလဒ်အချို့ အောင်မြင်ခဲ့တာကြောင့် စီမံချက်ကာလကို မရပ်ဘဲ နှစ်လ တစ်ကြိမ်နဲ့ ဆက်လုပ်ခဲ့တယ်။ အခုဆို စီမံချက် အမှတ်စဉ် (၃) အထိ ရောက်ခဲ့ပြီ။ ရန်ကုန်မှာ လူဆိုးလူမိုက်တွေ ပပျောက်သွားတဲ့အထိ ဒီစီမံချက်ကို ဆက်လက် ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်”ဟု ၎င်းက ဆိုသည်။ မေလမှ ဇွန်လကုန်အထိ ဆောင်ရွက်ခဲ့သည့် စွန်ရဲစီမံချက် (၁) နှင့် (၂) တွင် ရန်ကုန်တိုင်းအတွင်းရှိ လူဆိုးလူမိုက် အယောက် ၆၅၀ ကျော်ကို ခြေချုပ်ဖြင့် အမှုဖွင့် အရေးယူ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည်။ “စွန်ရဲစီမံချက်နဲ့ ဖမ်းဆီးရမိတဲ့အမှုတွေထဲမှာ လုယက်မှု၊ ခိုးမှုတွေကို ရာဇဝတ်ဂိုဏ်းပုံစံ အုပ်စုဖွဲ့ ကျူးလွန်သူတွေကို ဖမ်းမိခဲ့တယ်။ မြစ်ထဲ စက်လှေနဲ့ အုပ်စုဖွဲ့ပြီး သင်္ဘောတွေပေါ် တက်ခိုးနေသူတွေ၊ အငှားယာဉ်၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး လမ်းသွား လမ်းလာတွေဆီက အုပ်စုဖွဲ့ ခြိမ်းခြောက်လုယက်မှု ကျူးလွန်နေသူတွေ ဖမ်းမိတယ်။ ဒါ့အပြင် အခြား ရာဇဝတ်မှုတွေနဲ့ စစ်ပြေး၊ ရဲပြေး၊ တရား ခံပြေး၊ ရဲဘက်ပြေးတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်။ ဒီစီမံချက်မှာ ပြည်သူရဲ့ သတင်းပေးမှုကြောင့် ဖော်ထုတ် အရေးယူနိုင်ခဲ့တဲ့ အမှုတွေ အများကြီး ပါပါတယ်”ဟု ရဲအရာရှိက ဆိုသည်။ စွန်ရဲစီမံချက်ဖြင့် လူဆိုးလူမိုက်များကို ထိန်းသိမ်း အရေးယူနိုင်ခဲ့ပြီး မူးယစ်ရမ်းကားသူ အယောက် ၄၅၀ဝ ကျော်ကိုပါ ရဲအက်ဖြင့် အရေးယူခဲ့ကြောင်း၊ ယင်းအပြင် ခိုးမှုဖြင့် မသင်္ကာသူ ၁၅၅၀ ဦးကျော်နှင့် လက်နက်ပုန်း ကိုင်ဆောင်သူ ၆၀ဝ ဦးကျော်တို့ကို ဖမ်းဆီး အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ထို့အပြင် လောင်းကစားမှုပေါင်း ၃၀ဝကျော်၊ ပြည့်တန်ဆာ အမှုပေါင်း ၂၀ဝ ကျော်၊ ယစ်မျိုးအမှုပေါင်း ၇၀ဝ ကျော် နှင့် ဗီဒီယို အက်ဥပဒေ အမှုပေါင်း ၈၀ ကျော်၊ မူးယစ်ဆေးဝါး အမှုပေါင်း ၄၂၀ ကျော် တို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး လက်ရှိ ယင်းစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှုခင်း အများဆုံး ဖြစ်ပွားသည့် မြို့နယ်များဖြစ်သော ဒဂုံမြို့သစ် လေးမြို့နယ်၊ သာကေတ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ သန်လျင်၊ ဒလ၊ တွံတေးမြို့နယ်များတွင် လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/k8BA6t
via IFTTT
No comments:
Post a Comment