ဥပဒေ အတည်ပြုပြီးပါက စတော့အိတ်ချိန်းတွင် နိုင်ငံခြားသား ကုမ္ပဏီများ ပါဝင်ခွင့်ပေးမည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အတည်ပြုပြီးပါက ယခုနှစ်အတွင်း နိုင်ငံခြားသား ကုမ္ပဏီများကို ဥပဒေသတ်မှတ် အချိုး အလိုက် စတော့ရှယ်ယာဈေးကွက်တွင် ပါဝင်ခွင့်ပေးမည် ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းရုံးမှ သိရသည်။ လက်ရှိ မြန်မာနိုင်ငံသား အက်ဥပဒေအရ အများပိုင် ကုမ္ပဏီတွင် နိုင်ငံခြားသား ပါဝင်ခွင့် မရသေးကြောင်း မြန်မာနိုင်ငံ ငွေကြေး သက်သေခံလက်မှတ် ကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။ “မြန်မာကုမ္ပဏီများ အက်ဥပဒေအသစ်က အတည်ပြုဖို့ အခုပြီးသွားပြီ။ ဒီနှစ်အတွင်း ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်ထား တယ်။ ဒီဥပဒေအသစ်ထဲမှာဆိုရင် နိုင်ငံခြားသား ပါဝင်ခွင့်ကို အတိုင်းအတာတခုအထိ ခွင့်ပြုပေးမှာ ဖြစ်တယ်။ ဥပမာ ၃၀ ရာခိုင်နှုန်းလား၊ ၃၅ ရာခိုင်နှုန်းလားဆိုတာ အဲလိုမျိုး ပါဝင်မယ်လို့ သိရတယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် အတိုင်းအတာ တခုအထိ ခွင့်ပြုပေးဖို့ ရှိတယ်” ဟု၎င်းက ပြောသည်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ပါဝင်မှသာ စတော့ဈေးကွက် တိုးတက်မည် ဖြစ်သော်လည်း ထိုနိုင်ငံခြားသားက ဈေးကွက် တခုလုံး ခြယ်လှယ်လွှမ်းမိုးသွားမည်ကို ဂရုစိုက်ရမည် ဖြစ်သဖြင့် ရန်ကုန်စတော့အိတ်ချိန်း တာဝန်ရှိသူများအနေဖြင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် ရန်ကုန်စတော့အိတ်ချိန်းတွင် သတ်မှတ်ရောင်းချသည့် အချိန်များ တိုးရန်နှင့် စတော့ရှယ်ယာ ဝယ်ယူ လို သူများ အနေဖြင့်လည်း အွန်လိုင်းမှ တဆင့် ဝယ်ယူနိုင်ရေးအတွက် လုပ်ဆောင်သွားရန် စဉ်းစားနေကြောင်း ရန်ကုန် စတော့ အိတ်ချိန်းရုံးမှ အကြီးတန်းမန်နေဂျာ ဦးမင်းသူက ပြောသည်။ “စတော့အိတ်ချိန်းကို အချိန်တိုးမလား စဉ်းစားနေပါတယ်။ မနက် ၉ နာရီကနေ နေ့ခင်း ၂ နာရီ ရှိပါတယ်။ အဲဒါကို ၂ နာရီ၊ ၃ နာရီလောက် တိုးပါမယ်။ နောက်တခုက အွန်လိုင်းစနစ်ကို လုပ်ဖို့လည်း ရှိပါတယ်။ ဒါတွေလုပ်ရင် စတော့ရှယ်ယာတွေ ပိုပြီး အရောင်းအဝယ် လုပ်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဧရာဝတီကို ပြောသည်။ ထိုသို့ စတော့အိတ်ချိန်းတွင် လုပ်ဆောင်မည့် အချက်များကို စတော့အရောင်းအဝယ် ယခုထက် ပိုကောင်းလာသည့်အခါ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းတွင် အချက်အလက်များ ပြည့်စုံစွာ ဖော်ပြထားမှသာလျှင် စာရင်းဝင် ကုမ္ပဏီအဖြစ် ခွင့်ပြုပေးပြီး စတော့အိတ်ချိန်းရုံးတွင် ပထမပုဂ္ဂလိကဘဏ် လီမိတက်(FMI)၊ မြန်မာနိုင်ငံသားများဘဏ် လီမိတက်(MCB)၊ ပထမ မြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လီမိတက်(FPB) နှင့် မြန်မာသီလဝါအက် (စ်) အီးဇက်ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ် လီမိတက် (MTSH) စသည့် စာရင်းဝင် ကုမ္ပဏီများက အစုရှယ်ယာများ ရောင်းချနေပြီး ယခုနှစ်အတွင်း စာရင်းဝင် ကုမ္ပဏီ ၃ခု ထပ်တိုးလာရန် ရှိကြောင်း ၎င်းက ဆိုသည်။ ရန်ကုန်စတော့အိတ်ချိန်း ဖွင့်လှစ်ခဲ့သည်မှာ ၁ နှစ်ခွဲ ရှိနေပြီး ကနဦး မ,တည်ငွေ ကျပ် ၃၂ ဘီလီယံဖြင့် စတင်ခဲ့ကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံများ၏ စတော့ဈေးကွက်တွင်လည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုကြသဖြင့် အကယ်၍ ပြည်တွင်း ဈေးကွက်တခုတည်းကိုသာ ခွင့်ပြုပါက ရေရှည်တွင် ဈေးကွက်ဖွံ့ဖြိုးမှု နှေးကွေးနိုင်ကြောင်း စတော့အိတ်ချိန်း လုပ်ငန်း ရှင်များထံမှ သိရသည်။ The post ဥပဒေ အတည်ပြုပြီးပါက စတော့အိတ်ချိန်းတွင် နိုင်ငံခြားသား ကုမ္ပဏီများ ပါဝင်ခွင့်ပေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2vaq7Mz
via IFTTT
No comments:
Post a Comment