Saturday, July 29, 2017

လာဘ်စားမှုဖြင့် ပါကစ္စတန်ဝန်ကြီးချုပ် နုတ်ထွက်

လာဘ်စားမှုဖြင့် ပါကစ္စတန်ဝန်ကြီးချုပ် နုတ်ထွက် မကြေညာသော ပိုင်ဆိုင်မှုများကြောင့် ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ် ရှာရစ်ဖ်သည် စံမမီဟု တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့သောကြောင့် ယမန်နေ့ သောကြာနေ့က တာဝန်မှ နုတ်ထွက်သွားရပြီ ဖြစ်သည်။ ပနားမား အစီရင်ခံစာများဟု လူသိများသော နိုင်ငံပြင်ပရှိ မကြေညာသော ပိုင်ဆိုင်မှုများကို ထုတ်ဖော်တင်ပြထားချက်တွင် နဝပ်ဇ်ရှာရစ်ဖ်၏ မိသားစုပိုင် ကုမ္ပဏီများ ပါဝင်ကြောင်း စွပ်စွဲထားခြင်းအပေါ် ပါကစ္စတန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့အပြီး ပါကစ္စတန်တွင် အစိုးရခေါင်းဆောင်မဲ့သွားခဲ့ရသည်။ နောက်နှစ် ရွေးကောက်ပွဲမတိုင်မီအထိ အစိုးရကို ဦးဆောင်ရန် လွှတ်တော်တွင် မဲအများစုကို အခိုင်အမာ ရထားသည့် အာဏာရ ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ် – နဝပ်ဇ် Pakistan Muslim League-Nawaz (PML-N) က ဝန်ကြီးချုပ်သစ် အမည်စာရင်းကို မကြာမီ တင်သွင်းလိမ့်မည်ဟု မျှော်လင့်ရသည်။ နာမည်စာရင်းတွင် နာဝပ်ဇ်ရှာရစ်ဖ် အစိုးရ၏ ကာကွယ်ရေးဝန်ကြီး အဆစ်ဖ်ခဝါဂျာ၊ စီမံကိန်းဝန်ကြီး အားစန်အစ်ဘယ်လ်၊ ရေနံဝန်ကြီး ဆာဟစ်အဘာစီတို့ ရှေ့ပြေးနေကြသည်။ ဝန်ကြီးချုပ် မည်သူပင် ဖြစ်လာစေ ဆိုးဝါးလာနေသော ပါကစ္စတန်နှင့် အမေရိကန် ဆက်ဆံရေး၊ အိန္ဒိယနှင့် ဆက်ဆံရေး၊ တလီဘန် အိုင်အက်စ်စသော စစ်သွေးကြွအဖွဲ့များ၏ မကြာခဏ တိုက်ခိုက်မှုများကို ကိုင်တွယ်ရမည်ဖြစ်သည်။ စီးပွားရေးတွင်မူ တရုတ်ရင်းနှီးမြှုပ်နှံမှု များလာသော်လည်း နိုင်ငံခြား အရန်ငွေ ကျဆင်းလာမှုနှင့် ပို့ကုန်ကျဆင်းလာမှုများကို ဘောဂဗေဒ ပညာရှင်များက စိုးရိမ်ကြသည်။ အသက် ၆၇ နှစ်အရွယ် နာဝပ်ဇ်ရှာရစ်ဖ်သည် ဝန်ကြီးချုပ် ၃ ခါဖြစ်ဖူးပြီး ယခုတကြိမ် ထပ်မံထွက်ရခြင်းသည် ပါကစ္စတန်၏ ဒီမိုကရေစီ ထိလွယ်ခိုက်လွယ်ကြောင်း ပြသနေသည်။ ၁၉၄၇ ခုနှစ် ဗြိတိသျှထံမှ လွတ်လပ်ရေးရချိန်ကတည်းက မည်သည့် ဝန်ကြီးချုပ်မျှ သက်တမ်းပြည့် မနေရသေးပေ။ တရားရုံးချုပ်၏ သောကြာနေ့ စီရင်ချက်သည် အတိုက်အခံခေါင်းဆောင် နာမည်ကျော် ခရစ်ကတ် ကစားသမားဟောင်း အင်မ်ရန်ခန်၏ အောင်ပွဲဖြစ်သည်။ နာဝပ်ဇ်ရှာရစ်ဖ်၏ ပိုင်ဆိုင်မှုကို စုံစမ်းစစ်ဆေးခြင်း မလုပ်လျှင် လမ်းပေါ် လူထုဆန္ဒပြပွဲများ ကြုံရမည်ဟု အင်မ်ရန်ခန်က မနှစ်က ခြိမ်းခြောက်ခဲ့သည်။ နိုင်ငံရပ်ခြားရှိ ကုမ္ပဏီများမှ ငွေဖြင့် လန်ဒန်တွင် ဈေးကြီးသော တိုက်ခန်းကို နာဝပ်ဇ်ရှာရစ်ဖ် မိသားစု ဝယ်ယူထားကြောင်း ပနားမား အစီရင်ခံစာက ဖော်ထုတ်အပြီး အင်မ်ရန်ခန်သည် နိုင်ငံရေးအရ ဖိအားပေးတော့သည်။ “ဒီနေ့ဟာ ပါကစ္စတန်အတွက် အောင်ပွဲပါ။ ဒီနေ့က စပြီး သူခိုးကြီးတွေကို ဖမ်းတော့မယ်”ဟု အင်မ်ရန်ခန်က ဆိုသည်။ အင်မ်ရန်ခန် ကိုယ်နှိုက်လည်း ဝင်ငွေ အရင်းအမြစ် ထိန်ချန်မှုဖြင့် တရားရုံးချုပ်က စိစစ်နေဆဲ ဖြစ်သည်။ စွဲချက်ကို အင်မ်ရန်ခန်က ငြင်းဆိုသည်။ The post လာဘ်စားမှုဖြင့် ပါကစ္စတန်ဝန်ကြီးချုပ် နုတ်ထွက် appeared first on ဧရာဝတီ.
Source : http://ift.tt/2u78Gb6
via IFTTT

No comments:

Post a Comment