Thursday, July 27, 2017

အစိမ်းရောင် Mask ဖြင့် H1N1 မကာကွယ်နိုင်ဟု ပြောကြား

အစိမ်းရောင် Mask ဖြင့် H1N1 မကာကွယ်နိုင်ဟု ပြောကြား နိုင်ငံတကာအဆင့် ကျန်းမာရေးအဖွဲ့ကြီးတဖွဲ့၏ သတ်မှတ်စံနှုန်းဖြစ်သည့် N95 အဆင့် နှာခေါင်းစည်းဖြင့်သာ ရာသီတုပ်ကွေးရောဂါ A(H1N1) ကို ကာကွယ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်က ဇူလိုင်လ ၂၇ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။ “ဗိုင်းရပ်စ်က အရမ်းသေးပါတယ်။ အခု ပတ်ဝန်းကျင်မှာ တပ်နေတဲ့ အစိမ်းရောင် Surgical Mask က အပေါက်တွေ အကျယ်ကြီးပဲဆိုတော့ 5 Micron ရှိတဲ့ ဗိုင်းရပ်စ်ကို ဘယ်လိုမှ ကာကွယ်လို့မရပါဘူး။ ကာကွယ်လို့ရတဲ့ Mask က N95 လို့ခေါ်တဲ့ Mask မျိုးပါ။ အဲဒီ Mask က 5 Micron ထက်သေးတဲ့ ပိုးတွေကိုပါ ကာကွယ်လို့ရတယ်။ အခု ပတ်ဝန်းကျင်မှာ တပ်နေတဲ့ အစိမ်းရောင် Surgical Mask တွေက တခြားဟာတွေကိုသာ ကာကွယ်လို့ ရချင်ရမယ်။ H1N1 ဗိုင်းရပ်စ်ပိုးကို ကာကွယ်လို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။ N95 Face Mask သည် အထူနှာခေါင်းစည်းဖြစ်ပြီး အမှုန်အမွှား ၉၅ ရာခိုင်နှုန်းကို ကာကွယ်ပေးနိုင်သဖြင့် ရိုးရိုး နှာခေါင်းစည်း (Surgical Mask)များထက် ပိုမိုကောင်းမွန်ကြောင်း သိရသည်။ ကျန်းမာရေး စောင့်ရှောက်မှုအတွက် သုံးသည့် နှာခေါင်းစည်းများကို Surgical N95 Respirators ဟုခေါ်ပြီး အမေရိကန် နိုင်ငံအခြေစိုက် နိုင်ငံလုံးဆိုင်ရာလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဖွဲ့(NIOSH) စစ်ဆေးရုံနှင့် မရဘဲ FDA ကပါ ထပ်မံစစ်ဆေးပြီးမှ ကျန်းမာရေးသုံးအတွက် ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း N95 အဆင့် နှာခေါင်းစည်းကို ဝယ်ယူမရရှိနိုင်လျှင် သာမန်အခြေအနေတွင် ဆေးဆိုင်များ၌ အလွယ် တကူ ဝယ်ယူနိုင်သည့် Surgical Mask နှာခေါင်းစည်းဖြင့်လည်း ရာသီတုပ်ကွေးA(H1N1) ကို ကာကွယ်နိုင်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ဗဟို) ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ကူးစက်ဆရာဝန် ဒေါက်တာထူးမြင့်ဆွေက ပြောသည်။ “သာမန်အားဖြင့်တော့ ရိုးရိုး Surgical Mask နဲ့လည်းရပါတယ်။ လမ်းပေါ်မှာလူတွေ အခုတပ်နေတဲ့ Mask နဲ့လည်း ရပါတယ်။ သာမန်လူတွေအတွက်တော့ ကာကွယ်နိုင်ပါတယ်။ ယနေ့မနက် ၈ နာရီ ၄၅ မှာ လုပ်တဲ့ အစည်းအဝေးမှာတော့ N95 ရော Surgical Mask ရော ကာကွယ်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ ချောင်းဆိုးလိုက်ရင် အလုံးလေးတွေ လွင့်တာရှိတယ်။ အမှုန်အမွှားတွေ လွင့်တာ နည်းနည်းတော့ ရှိတယ်။ H1N1 က အခုကူးတာ အလုံးတွေက ကူးတာ ဆိုတော့ Surgical Mask နဲ့လည်း ကာကွယ်နိုင်တဲ့ အခြေအနေရှိပါတယ် ” ဟု ဧရာဝတီကို ပြောသည်။ မူလက Surgical Mask များသည် H1N1 ဗိုင်းရပ်စ်ပိုးကို မကာကွယ်နိုင်သည့် အခြေအနေမျိုး ရှိသော်လည်း ထပ်မံ တွေ့ရှိချက်များအရ သာမန် အခြေအနေများတွင်လည်း ကာကွယ်နိုင်သည့် အခြေအနေများ တွေ့ရှိရကြောင်း၊ သို့ရာတွင် အထူးကြပ်မတ်ကုသဆောင်သို့ ဝင်ရောက်သူများ၊ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်သူများ၊ သက်ကြီးရွယ်အို (အသက် ၆၅ နှစ်အထက်)များ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုစသည့် နာတာရှည် ရောဂါများ၊ ကိုယ်ခံအားနည်းနေသူများအနေဖြင့် N95 ကိုသာ တပ်သင့်ကြောင်း ၎င်းက ရှင်းပြသည်။ “ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ညွှန်းထားတဲ့ Mask မျိုးတော့ မတွေ့မိဘူး။ အွန်လိုင်းမှာ ဆရာဝန်တွေ ဒီအတိုင်း ညွှန်ထားတာတွေပဲ တွေ့တာ။ တရားဝင် ညွှန်ကြားမှုမရှိတော့ ဟိုလူပြောတာ ကောင်းတယ်၊ ဒီလိုပြောတာ ကောင်း တယ်ဖြစ်တယ်။ နိုင်ငံခြားမှာ ဖြစ်ရင် သုံးတာ ဘယ်လိုအမျိုးအစားလဲဆိုတာ အွန်လိုင်းကနေ ရှာရတယ်။ ဒီမှာ ရှိ၊ မရှိ မသိဘူး။ ဘယ်မှာရလဲ မသိဘူး။ အများသုံးနေတာကကော တကယ်ပဲ ကာကွယ်မှုရှိ ၊ မရှိ မသိရဘူးလေ” ဟု ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်နေ ဒေါ်ဂျူဂျူးလှိုင်က ဧရာဝတီသို့ ပြောသည်။ လက်ရှိတွင် H1N1 ရောဂါပိုး ကူးစက်ခံရသူ ၂၀ ဦး၌ ရန်ကုန်မြို့တွင် ၈ ဦး၊ ဧရာဝတီတိုင်း ဖျာပုံမြို့တွင် ၁ ဦး၊ ပဲခူးတိုင်း ပဲခူးမြို့တွင် ၁ ဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ ဦး ရှိသည့်အနက် ရန်ကုန်တွင် ၅ ဦး၊ မတူပီတွင် ၁ ဦး စုစုပေါင်း၆ ဦး သေဆုံးသွားပြီး ရန်ကင်းကလေးဆေးရုံရှိ ကလေး ၂ ဦးတွင် ၁ ဦးမှာ H1N1ဖြစ်ပေါ်နေပြီး အခြား ၁ ဦးမှာ H3N2 ရာသီ တုပ်ကွေးရောဂါ ခံစားနေရကြောင်း သိရသည်။ The post အစိမ်းရောင် Mask ဖြင့် H1N1 မကာကွယ်နိုင်ဟု ပြောကြား appeared first on ဧရာဝတီ.
Source : http://ift.tt/2tFjde7
via IFTTT

No comments:

Post a Comment