Thursday, July 27, 2017

The Voice

ဆင်းရဲနွမ်းပါး အမှုသည်များကို အခမဲ့အမှုလိုက်ပေးမည် မန္တလေး၊ ဇူလိုင် ၂၆ မန္တလေးတိုင်းအတွင်း အမှုလိုက် ရှေ့နေ မငှားနိုင်သော ဆင်းရဲနွမ်းပါးသူများအတွက် တရားမျှတမှု စင်တာက အခမဲ့ အမှုလိုက်ပေးမည်ဖြစ်ကြောင်း My Justice အဖွဲ့ထံမှ သိရသည်။ မန္တလေးတိုင်းအတွင်း ပြစ်မှု၊ ရာဇဝတ်မှုများဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများကို မန္တလေးတရားမျှတမှု စင်တာက အခမဲ့ ဥပဒေ အကျိုးဆောင် ပေးမည်ဖြစ်ကြောင်း My Justice အဖွဲ့ဦးဆောင်သူ Mr. Caitlin Reiger က ပြောကြားသည်။ “ပြစ်မှု၊ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီး၊ စွပ်စွဲခံရသူတွေဟာ တရားလက်လွတ်ဖမ်းဆီး၊ ထိန်းသိမ်းခံနေရတယ်။ အဲဒီလိုအချိန်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အနိုင် အထက် ပြုခံရမှုတွေ ရှိနေတယ်။ လူတိုင်း Justice Center ကို လာနိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် အဖမ်းခံရပြီးနောက်ပိုင်း လူလည်း မလာနိုင်၊ ဖုန်းလည်း မဆက်နိုင်ရင် အဲဒီလိုလူတွေကို Justice Center ရှေ့နေတွေ သွားရောက် တွေ့ဆုံနိုင်ဖို့ ကြိုးစားသွားမှာပါ။ သူတို့တွေအတွက် အကောင်းဆုံးဖြစ်အောင် ဥပဒေ အကျိုးဆောင်ပေးမယ်။ အကြံဉာဏ်တွေပေးမယ်။ အားလုံး အခမဲ့ပဲ”ဟု ၎င်းက ဆိုသည်။ အဆိုပါ တရားမျှတမှုစင်တာကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် လမ်း ၄၀၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြားတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့က ဆင်းရဲနွမ်းပါးတဲ့ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမဆို ဆောင်ရွက်ပေးသွားမှာပါ။ ပြစ်မှု၊ ရာဇဝတ်မှုတွေကြောင့် နစ်နာဆုံးရှုံးရသူတွေကို တရားမျှတမှု စင်တာက ကူညီဆောင်ရွက်ပေးမယ်။ ဒေသခံတွေ ဥပဒေ အသိပညာ မြင့်မားအောင် သိပညာပေးမှုနဲ့အတူ သွားရောက် တွေ့ဆုံမှုတွေလုပ်မယ်။ အဓိကတော့ ဆင်းရဲနွမ်းပါးသူတွေအတွက် ရည်ရွယ်တယ်”ဟု Caitlin Reiger က ဆက်လက် ပြောကြားသည်။ ဥရောပသမဂ္ဂ၏ အထောက်အပံ့ဖြင့် ဗြိတိသျှကောင်စီက လေးနှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်မည့် တရားမျှတမှု လက်လှမ်းမီရေး အစီအစဉ်ဖြင့် My Justice အဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်ပြီး တရားစီရင်ရေး အဖွဲ့အစည်းများ ပိုမို အားကောင်းလာစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်။ My Justice အနေနှင့် မြန်မာနိုင်ငံအတွင်း ၂၀၁၅ ခုနှစ်မှ စတင်၍ ရန်ကုန်နှင့် မော်လမြိုင်မြို့တို့တွင် တရားမျှတမှုစင်တာ (Justice Center) များ ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လတွင် တောင်ကြီးနှင့် မန္တလေးမြို့တို့၌ အဆိုပါ စင်တာများ ဖွင့်လှစ်ကာ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ထပ်မံ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗြိတိသျှကောင်စီထံမှ သိရသည်။ My Justice အစီအစဉ်ဖြင့် ဖွင့်ထားသည့် တရားမျှတမှု စင်တာများအနေနှင့် လူပေါင်း ၃၆၀ဝ ကျော်ကို အခမဲ့ ဥပဒေ အကျိုးဆောင်ပေးခဲ့သည့်အပြင် ဥပဒေအကြံဉာဏ်များ ပေးအပ်နိုင်ခဲ့ပြီး မြို့နယ် (၂၄) ခုရှိ ခရိုင်နှင့် မြို့နယ် တရားရုံးများ၊ တရားလွှတ်တော်များနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့တွင်လည်း ဥပဒေဆိုင်ရာ အထောက်အကူပေးလျက် ရှိသည်။
Source : https://goo.gl/zAisef
via IFTTT

No comments:

Post a Comment