YBS ၇ ယာဉ်လိုင်းကို Control Center မှ စတင် ထိန်းချုပ်မည် ရန်ကုန်၊ ဇူလိုင် ၃၁ ရန်ကုန်မြို့တွင်း YBS တံဆိပ်တပ်ယာဉ်လိုင်းများအနက် YBS ၇ ယာဉ်လိုင်းကို ဩဂုတ်လ ၁ ရက်မှစ၍ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT ၏ ထိန်းချုပ်စခန်း Control Center မှ စတင် ထိန်းချုပ်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ YUPT ကုမ္ပဏီလက်အောက်တွင် YBS ၃၆၊ ၂၈၊ ၃၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၅၉၊ ၂၉၊ ၇ စသည့် ယာဉ်လိုင်း အပါအဝင် ယာဉ်လိုင်း ၂၀ ကျော် ပြေးဆွဲလျက်ရှိပြီး လက်ရှိ GPS တပ်ဆင်မှု ပြီးစီးနေပြီ ဖြစ်သော YBS ၇ ယာဉ်လိုင်းကို ကနဦး ထိန်းချုပ်ခြင်းဖြစ်ကြောင်း ယနေ့ (ဇူလိုင်လ ၃၁ ရက်) Control Center ဖွင့်ပွဲတွင် အဆိုပါ ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်မောင်လွင်က ပြောကြားသည်။ “၁ ရက်နေ့မှာ Control Center က ထိန်းချုပ်မှုကို စတင် လုပ်ငန်းလည်ပတ်မှာ ဖြစ်တယ်။နောက်ပိုင်းမှာ ယာဉ်လိုင်း ၂၀ ကျော်လုံး ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေတယ်”ဟု ၎င်းက ဆိုသည်။ တိုင်းအစိုးရအဖွဲ့မှ Control Center တည်ဆောက်ထားသော်လည်း မိမိယာဉ်လိုင်းများကို ကိုယ်တိုင် ထိန်းချုပ်ရန် Control Center တည်ဆောက်ရာတွင်လည်း အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT ထံမှ သိရသည်။ “အစိုးရ ထိန်းချုပ်တာက တစ်ပိုင်းပေါ့။ ယာဉ်တွေကို ကိုယ်တိုင် စည်းကမ်းထိန်းသိမ်းချင်တယ်။ ယာဉ်အားလုံးကို GPS နှစ်ခုတပ်မယ်။ အစိုးရက တစ်ခု၊ ကုမ္ပဏီက တစ်ခု စောင့်ကြည့်ဖို့ပါ”ဟု ဦးမောင်မောင်လွင်က ဆိုသည်။ အဆိုပါ ထိန်းချုပ်စခန်းမှာ ယခင်မထသ (ဗဟို) ရုံးဟောင်းနေရာတွင် တည်ရှိပြီး ၂၀၁၇ ခုနှစ် မေလလယ်က ပြင်ဆင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ YUPT ကုမ္ပဏီ၏ ယာဉ်လိုင်း ၂၀ ကျော်ကို နေ့စဉ် ယာဉ်သွားလာမောင်းနှင်မှုများ၊ ကျော်တက်မောင်းနှင်ခြင်း၊ အရှိန်လွန် မောင်းနှင်ခြင်း၊ ဂိတ်စ ဂိတ်ဆုံး မမောင်းခြင်းစသည့် စည်းကမ်းပျက်မှုများကို ထိန်းချုပ်မည် ဖြစ်သည်။ YBS ၇ ယာဉ်လိုင်းတွင် လက်ရှိ ယာဉ်စီးရေ ၁၈၀ စီးရှိပြီး GPS နှစ်ခု တပ်ဆင်ရန် ယာဉ်အနည်းငယ် ကျန်ရှိကြောင်း၊ အစိုးရနှင့် ကုမ္ပဏီ နှစ်ခုပေါင်း စည်းကမ်း ထိန်းချုပ်ခြင်းကြောင့် စည်းကမ်းလိုက်နာသည့် ယာဉ်မောင်းများအတွက် အနှောင့်အယှက် မဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းမှ ဂိတ်မှူးက ပြောကြားသည်။ “ပိုကောင်းတယ်။ ဘာလို့လည်းဆိုတော့ အရှိန်လွန် မောင်းနေရင် သတိပေးလို့ ရတယ်။ ပြောရရင် အမှားအယွင်း ဖြစ်တော့မယ်ဆို ကြိုသတိပေးနိုင်တဲ့အတွက် ယာဉ်မတော်တဆမှုအတွက် အထိန်းဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ YBS ၇ ယာဉ်လိုင်းမှာ တောင်ဒဂုံ၊ ရတနာပုံလမ်း၊ ကျန်စစ်သားလမ်း၊ လှော်ကားလမ်း၊ ဘုန်းကြီးကျောင်းကွေ့၊ ပြည်ထောင်စုလမ်း၊ တောင်မြောက်လမ်းဆုံ၊ စံပြဈေး၊ ဇဝန၊ တာမွေဗလီ၊မင်္ဂလာဈေး၊ သိမ်ဖြူ၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဆူးလေတို့ကို ပြေးဆွဲလျက်ရှိသည်။ တိုင်းအစိုးရအဖွဲ့၏စီမံမှုဖြင့် ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များ အားလုံးကို စည်းကမ်းထိန်းချုပ်ရန် ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်မီးပွိုင့် ဗဟိုထိန်းချုပ်ရေးစနစ် Traffic Control Center တည်ဆောက်မှုသည် ဇန်နဝါရီလ ၁၇ ရက်က ပြီးစီးခဲ့သော်လည်း လက်တွေ့တွင် စည်းကမ်း ဖောက်ဖျက်နေသည့်ယာဉ်များကို အရေးယူ ထိန်းချုပ်နေခြင်း မရှိသေးပေ။ Control Center မှ ထိန်းချုပ်ရန် ချိတ်ဆက်ဆောင်ရွက်နေသော ခေတ်မီဆင်ဆာမီးပွိုင့် ၁၅၄ ခုကို တပ်ဆင်ရာတွင်လည်း လက်ရှိ ၁၉ ခုသာ တပ်ဆင်ထားကြောင်း အမှတ် (၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ သိရသည်။
Source : https://goo.gl/YPxhVE
via IFTTT
No comments:
Post a Comment