Friday, July 28, 2017

The Voice

မန္တလေးတွင် H1N1 လူနာတွေ့ရကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့မှုသည် ကောလာဟလဟု တိုင်းဦးစီးမှူးပြော မန္တလေး၊ ဇူလိုင် ၂၇ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် H1N1 လူနာတစ်ဦး တက်ရောက်ကုသနေသည်ဟု ဇူလိုင် ၂၆ ရက် ညက လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေမှုမှာ ကောလာဟလသတင်းသာ ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။ “လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နေတဲ့ ကိစ္စကို စုံစမ်းကြည့်တော့ ကောလာဟလသတင်း ဖြစ်နေတယ်။ ဗဟိုအဆင့်ဆေးရုံတွေ၊ မြို့နယ်ဆေးရုံတွေတင် မဟုတ်ဘူး၊ တိုက်နယ်ဆေးရုံတွေမှာပါ သံသယရှိတဲ့ လူနာတွေ့ရင် ချက်ချင်းအကြောင်းကြားဖို့ စောင့်ကြည့်ကြပ်မတ်ဖို့ ညွန်ကြားထားပါတယ်။ ဒီနေ့ (ဇူလိုင် ၂၇ ညနေ ၄ နာရီ) အထိ H1N1 လူနာတွေ့တယ်လို့ စာရင်းမတက်သေးပါဘူး” ဟု ၎င်းက ပြောဆိုသည်။ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် H1N1 လူနာတစ်ဦး တက်ရောက်နေကြောင်း ကောလာဟလ သတင်းတင်သူက ယင်းစာကို ပြန်ဖျက်သွားသော်လည်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သတင်းအမှားများ လက်ရှိအချိန်အထိ ပျံ့နေသေးသည်။ “တို့ဆေးရုံမှာ ဖျားတဲ့လူနာတွေ ရှိပါတယ်၊ H1N1 ဖြစ်လို့ ရောက်လာတဲ့ လူနာတစ်ယောက်မှ မရှိသေးပါဘူး၊ ဘယ်လူနာဆောင်မှာမှ မရှိသေးပါဘူး၊ ရှိလာခဲ့ရင် စစ်ဆေးကုသမှုတွေ လုပ်နိုင်ဖို့ အသင့်ပြင်ထားပါတယ်” ဟု မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး လက်ထောက်ညွှန်ကြားရေးမှူး (ဆေးလူမှု ဆက်ဆံရေး) ဦးမင်းလွင်က ပြောကြားသည်။ မန္တလေးတိုင်းအတွင်း H1N1 သံသယရှိ လူနာတွေ့ရှိပါက စစ်ဆေးမှုများ၊ ကုသမှုများ ပြုလုပ်နိုင်ရန် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးအပြင် ခရိုင်အဆင့်ဆေးရုံများ၊ မြို့နယ် ပြည်သူ့ဆေးရုံများတွင် သီးသန့်အခန်းများ ပြင်ဆင်ထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေနှင့် H1N1 ရောဂါရှိနေသူများကို စစ်ဆေးကုသမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဝတ်စုံများ Protective Equipment (PPE) ကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးအတွက် ဝတ်စုံ ၃၀ စုံ၊ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံနှင့် ဗဟိုအမျိုးသမီးဆေးရုံ စသည်တို့ အပါအဝင် အစိုးရဆေးရုံ ခြောက်ရုံကို ဝတ်စုံ ၁၀ စုံစီ ဖြန့်ဝေပေးထားပြီး မြို့နယ်အဆင့်ဆေးရုံများအတွက် ဝတ်စုံ ၅ စုံစီ ဇူလိုင် ၂၅ ရက်ကစ၍ ဖြန့်ဝေပေးထားကြောင်းလည်း ယင်းဌာနထံမှ ထပ်မံသိရသည်။
Source : https://goo.gl/3KqAmH
via IFTTT

No comments:

Post a Comment