Monday, July 31, 2017

The Voice

“သားဝ မယားဝ သမဝါယမ” မဖြစ်အောင် သင်ခန်းစာ ယူရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ပြော ပုသိမ်၊ ဇူလိုင် ၃၀ သမဝါယမအသင်း ဦးဆောင်သူများနှင့် အသင်းသားများကို ယခင်တုန်းကကဲ့သို့ “သားဝ မယားဝ သမဝါယမ”မဖြစ်ရလေအောင် သင်ခန်းစာ ယူကြရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီက ပြောကြားသည်။ ဇူလိုင်လ ၂၈ ရက်က ပုသိမ်မြို့တော် ခန်းမတွင်ပြုလုပ်သော ဧရာဝတီ တိုင်းဒေသကြီးရှိ စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမ အသင်းများသို့ အသေးစား အရင်းအနှီး ချေးငွေနှင့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းအတွက် ချေးငွေနှင့် လယ်ယာသုံး စက်ကိရိယာများ ပေးအပ်ပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။ “တစ်ချိန်က ဖြစ်ခဲ့တဲ့ သမဝါယမ၊ “သားဝ မယားဝ သမဝါယမ”လို့ ပြောခံခဲ့ရတဲ့ကိစ္စ ကနေ့ ဒါတွေပြီးဆုံးခဲ့ပါပြီ၊ ပြန်ပြောင်း အပြစ်ပြောနေတာ မဟုတ်ဘူး။ သင်ခန်းစာ ယူကြဖို့ပါ၊ အရင်လို မဟုတ်တော့ဘူး ယနေ့ သမဝါယမ လုံးဝ ကျောခိုင်းခဲ့ပါပြီ”ဟု ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက ပြောသည်။ သမဝါယမကို ဦးဆောင်သူများ၊ အမှုဆောင်များ၊ ဝန်ထမ်းများနှင့် အသင်းသူ အသင်းသားများက ပွင့်လင်း ရိုးသားရန် လိုအပ်ကြောင်း၊ တောင်သူများဘဝ ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် အသင်းသားများ အားလုံးက ဟန်ချက်ညီ လုပ်ဆောင်ပါက အောင်မြင်မည် ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် ငွေကြေး အရင်းအနှီးမှာ အဓိက အချက်ဖြစ်ပြီး အတိုးနှုန်းနည်းပါးစွာဖြင့် ငွေချေးပေးသော အဖွဲ့အစည်းများ ရှိနေသော်လည်း လိုအပ်မှုကို ချင့်ချိန် ချေးယူကာ အကျိုးရှိစွာ အသုံးချတတ်ရန် လိုအပ်ပြီး ချေးငွေများကိုလည်း ပြန်လည် ပေးဆပ်ရန် လိုအပ်ကြောင်း အသင်းသားများကို ဝန်ကြီးချုပ်က မှာကြားသည်။ “စိုက်ဘဏ်က ငွေချေးပေးတယ်၊ သမကလည်း ငွေချေးပေးတယ်၊ အိမ်ပြန် မပါဘူး။ လမ်းမှာတင် ကုန်သွားတဲ့ တောင်သူတွေ ရှိနေတယ်၊ သီးနှံစိုက်ဖို့ ငွေချေးတာ ဖြစ်ပါတယ်၊ စနစ်တကျ လုပ်ကြဖို့လည်း လိုပါတယ်။ ဒါမှအကျိုး ဖြစ်ထွန်းမယ်။ လူမှုဘဝတွေ မြင့်တက်လာမယ်”ဟု ၎င်းက ပြောသည်။ ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် ဧရာဝတီ တိုင်းဒေသကြီး သမဝါယမ အသင်းတွင် စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမ အသင်းပေါင်း ၆၁၂၇ သင်းရှိ အသင်းသားပေါင်း ၅၄၄ ၁၉၀ ဦးကို အသေးစား အရင်းအနှီး ချေးငွေ ကျပ် ၉၃ ၃၂၁ ဒသမ ၅၄၆ သန်း ထုတ်ချေးထားကြောင်း၊ လယ်ယာသုံး စက်ကိရိယာများကို အသင်းပေါင်း ၂၅၆ သင်းရှိ အသင်းသား ၄၈၉ ဦးကို ကျပ် ၂၂၅၅ ဒသမ ၈၉၆ သန်းရှိ စက်ကိရိယာ အစီးပေါင်း ၄၈၅ စီး အရစ်ပေးချေ စနစ်ဖြင့် ပံ့ပိုးရောင်းချပေးထားကြောင်း အဆိုပါ အသင်းရုံးထံမှ သိရှိရသည်။
Source : https://goo.gl/JvjVyu
via IFTTT

No comments:

Post a Comment