Monday, July 31, 2017

၂၀၁၈ တွင် JICA က မြန်မာ SMEs လုပ်ငန်းများသို့ ချေးငွေ သုံးဆတိုးပေးရန် ဆွေးနွေး

၂၀၁၈ တွင် JICA က မြန်မာ SMEs လုပ်ငန်းများသို့ ချေးငွေ သုံးဆတိုးပေးရန် ဆွေးနွေး ၂၀၁၈ ခုနှစ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က မြန်မာ SMEs လုပ်ငန်းများသို့ ချေးငွေ ၃ဆတိုးပေးရန် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) ဖွံ့ဖြိုးရေးဌာနနှင့် ဆွေးနွေးနေကြောင်း ယင်းဌာနမှ သိရသည်။ ပြည်တွင်း အသေးစား SME လုပ်ငန်းများနှင့် ပတ်သက်ပြီး ပို့ကုန်ထုတ်လုပ်နိုင်သော လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်း များ တိုးတက်ရန် အလားအလာရှိသည့် လုပ်ငန်းများအတွက် ချေးငွေများရရှိရန် အားပေး လုပ်ဆောင်သွားမည်ဟု တာဝန် သူများက ပြောကြားထားကြောင်း SME ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဇူလိုင်လ ၂၈ ရက်နေ့က UMFCCI တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “JICA က ကျပ် ၅၀ ဘီလီယံ ပေးထားတယ်။ ၂၀၁၈ မှာတော့ ကျပ်၁၅၀ ဘီလီယံပေးဖို့ ဆွေးနွေးနေပါတယ်။ ဒီအချိန်မှာ ချေးငွေလိုချင်တဲ့သူက အရမ်းများတယ်။ တဦးတည်းကို ကျပ်သိန်း ၅၀၀၀ လောက်ပေးတာထက် SME လုပ်ငန်းတွေ ကျပ်သိန်း ၁၀၀၀ လောက်နဲ့ ရရင်ကိုအဆင်ပြေနိုင်မယ့် လုပ်ငန်းတွေ ရှိတယ်။တချို့ဆို လုံး၀ Product မထုတ်နိုင်ဘူး။ အရင်းအနှီး လုံးဝမရှိဘူး။ ကျပ်သိန်း ၈၀နဲ့ ၁၀၀ လောက် ပေးရင်ကို မားကက်ထဲကို သူ့ Product တွေ ဝင်လာတယ်။ ကျပ်သိန်း ၁၀၀၀ လောက် ပေးလိုက်ရင် ပိုကောင်းမယ်လို့ ပြောတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။ SME လုပ်ငန်းများ၏ ၂၀၁၆ ခုနှစ် GDP (ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု) ကိုကြည့်လျှင် လယ်ယာကဏ္ဍတွင် ၂၆ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ၂၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍက ၄၆ ဒသမ ၂ ရာခိုင်နှုန်း အများဆုံး တွေ့ရှိရသောကြောင့် GDP ၄၀ ရာခိုင်နှုန်းအထက် ရှိမှသာလျှင် စက်မှုနိုင်ငံဖြစ်မည်ဖြစ်၍ လိုအပ်ချက်များ ရှိနေကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။ ၂၀၁၇ ခုနှစ် စာရင်းဇယားများအရ အလုပ်အကိုင် ခန့်ထားမှု ၂၁ ဒသမ ၉ သန်းတွင် ၈၃ ရာခိုင်နှုန်းသည် မှတ်ပုံတင်ခြင်း မရှိသေးသော SME လုပ်ငန်းများ လုပ်ကိုင်ကြသူများ ဖြစ်သောကြောင့် အများစုမှာ ဥပဒေ၏ စောင့်ရှောက် ပံ့ပိုးကူညီမှုကို မရရှိကြောင်း၊ သို့ဖြစ်၍ ယင်းတို့ကို တရားဝင်ဖြစ်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး SME လုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာ သည်နှင့် အမျှ နိုင်ငံ၏ လူမှုစီးပွားရေးမှာလည်း တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ GDP ၄၀ ရာခိုင်နှုန်းရရှိစေရန် ငွေကြေးနှင့် နည်းပညာ ပံ့ပိုးမှုများ လိုအပ်နေပြီး မိမိထုတ်လုပ်မည့် စက်မှုလုပ်ငန်းများတွင် အခြေခံကုန်ကြမ်းများ ပြည်တွင်း၌ ရရှိနိုင်ရန်လည်း လိုအပ်ချက်များ ရှိနေကြောင်း SME လုပ်ငန်းရှင်များထံမှ သိရသည်။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန SME ဖွံ့ဖြိုးရေးဌာနသို့ လက်ရှိအထိ မှတ်တင်ထားသော SME လုပ်ငန်း စုစုပေါင်းမှာ ၆ သောင်း ၃ ရာကျော်ရှိပြီး SME စက်မှုလုပ်ငန်းများမှာ လစဉ် လုပ်ငန်း ၃၀၀ ခန့် မှတ်ပုံတင်မှု တိုးတက် နေကြောင်း ယင်းဌာနမှ သိရသည်။ မွန်ပြည်နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသက်ဦးက“အထောက်အထား မပြည့်စုံ တဲ့ အပိုင်းတွေကြောင့် ဘဏ်တွေအနေနဲ့ချေးပေးဖို့ရာ အခုထိတော့ အဆင်သင့် မဖြစ်သေးဘူး။ အထောက်အထား တွေ ကလည်း များတယ်။ အဲဒါကြောင့် SME လုပ်ငန်းတွေ ချေးငွေအမှန်တကယ် ရနိုင်ဖို့ ဘဏ်တွေရဲ့ လုပ်ငန်းရှင်တွေ အပေါ် သတ်မှတ်ချက်တွေကို ပြန်ပြီးဖြေလျှော့ပေးဖို့လိုပါတယ်။ အခုက ကျနော်တို့ဆီကို ချေးငွေ ရောက်တာနည်းတယ်” ဟု ပြောသည်။ လက်ရှိတွင် JICA မှ ချေးပေးထားသည့် ကျပ်ငွေ ၅၀ ဘီလီယံကို ပြည်တွင်း SME လုပ်ငန်းများသို့ အပေါင်ပစ္စည်းမဲ့ ချေးယူ လျှင် အတိုးနူန်း ၁၃ ရာခိုင်နှုန်းနှင့် အပေါင်ပစ္စည်းပေး ချေးယူပါက အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေး ပေးလျက် ရှိသည်။ ပထမဆုံးအကြိမ်အဖြစ် ချေးငွေ ၅ ဘီလီယံကို SME လုပ်ငန်းရှင် ၁၁ ဦးသို့လည်းကောင်း၊ ဒုတိယအကြိမ် ချေးငွေ ၃၀ ဘီလီယံကို လုပ်ငန်းရှင် ၁၇၉ ဦးသို့ လည်းကောင်း ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ် (SMIDB)၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ် စသည့် ပြည်တွင်းဘဏ် ၆ ခုက တဆင့်ခံ ငွေချေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ချေးပေးရန် ကျန်ရှိသည့် ကျပ် ၁၅ ဘီလီယံကို ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း ထပ်မံ ထုတ်ချေး ပေးနိုင် ရန် ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ထုတ်ချေးထားသည့် ဘဏ် ၆ ခု၏ ချေးငွေ ထုတ်ချေးပေးနေသည့် အခြေ အနေများ၊ မူဝါဒလုပ်ဆောင်ချက်များနှင့် SME လုပ်ငန်းရှင်များအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိကို JICA က ပြန်လည် သုံးသပ် စိစစ်နေကြောင်း သိရသည်။ The post ၂၀၁၈ တွင် JICA က မြန်မာ SMEs လုပ်ငန်းများသို့ ချေးငွေ သုံးဆတိုးပေးရန် ဆွေးနွေး appeared first on ဧရာဝတီ.
Source : http://ift.tt/2tWs3bu
via IFTTT

No comments:

Post a Comment