ရွှေတောင်တွင် ခိုးဝင်ဘင်္ဂါလီ လေးဦး ဖမ်းမိ ပြည်၊ ဇူလိုင် ၂၄ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်-ရန်ကုန်လမ်း ဆင်မကြပ်လမ်းဆုံတွင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်က ခိုးဝင်ဘင်္ဂါလီ ယောကျာ်းလေးလေးဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသူ နှစ်ဦးကို ရွှေတောင်မြို့နယ် ရဲစခန်းက ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇူလိုင်လ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်က ပြည်-ရန်ကုန်လမ်းအတိုင်း ပြည်ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသည့်ယာဉ်မှ ခိုးဝင်ဘင်္ဂါလီ လေးဦးကို တင်ဆောင်လာသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းပေးပို့ချက်အရ ရွှေတောင်မြို့နယ် မြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။ “လောလောဆယ်တော့ တင်ဆောင်လာသူ နှစ်ဦးကို သူတစ်ပါး အားနည်းချက်ကို အခွင့်ကောင်းယူ ကျွန်ပြုခြင်း၊ ခိုင်းစေရန် သွေးဆောင်ခေါ်ယူခြင်း ပြုလုပ်မှုနဲ့ အမှုဖွင့်ထားတယ်” ဟု ပြည်ခရိုင် မှုခင်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းသို့ ဖမ်းဆီးရမိသည့် ဘင်္ဂါလီ လေးဦးကို လဝက အက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် ရွှေတောင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ အဆိုပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးကို အမှုဖွင့်အရေးယူထားပြီး၊ ခိုးဝင်လေးဦးသည် အသက် ၁၉ နှစ် အရွယ်မှာ အကြီးဆုံးဖြစ်၍ ကျန်သုံးဦးသည် အသက် ၁၄ နှစ်၊ ၁၆ နှစ်နှင့် ၁၁ နှစ် အရွယ်များ ဖြစ်ကာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ နှင့် မင်းပြားမြို့ နေထိုင်သူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း အဆိုပါ ဆင်မကြပ်လမ်းဆုံတွင် ခိုးဝင်ဘင်္ဂါလီ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး လူကုန်ကူးပုဒ်မ ၂၈ သို့ ပြောင်းလဲစစ်ဆေးနေကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်း=ဌာနမှ စုံစမ်းသိရှိရသည်။
Source : https://goo.gl/LXp8BM
via IFTTT
No comments:
Post a Comment