မြန်မာ့ရာသီတုပ်ကွေး အစိုးရိမ် မလွန်ဖို့ WHO တိုက်တွန်း မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ အစိုးရိမ် မလွန်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ဒီလိုရာသီမှာ ဒေသတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီတုပ်ကွေးဟာ၊ မြန်မာနိုင်ငံမှာ အရေးပေါ်အဆင့် သတ်မှတ်ရမယ့် အနေအထား မဟုတ်ကြောင်း ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ပြီးကာကွယ်ကြတာထက်၊ လက်ကို သန့်ရှင်းအောင်မကြာခဏ ဆေးပေးတာက ရောဂါပိုး အမျိုးမျိုးကာကွယ်ရေးအတွက် ပိုပြီး ထိရောက်မှု ရှိတယ်လို့ WHO ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost က VOA ကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။ ကျန်းမာရေးဝန်ကြီးဌာနကနေ မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေး ဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်ပြီး WHO ရန်ကုန်ရုံးခွဲကို ဇူလိုင်လ ၂၄ ရက်နေ့က တရားဝင် အကြောင်းကြားခဲ့ပြီး နောက်ပိုင်း အခြေအနေကို နေ့စဉ် အဆက်မပြတ် အကဲခတ် စောင့်ကြည့်နေပြီး အများပြည်သူအနေနဲ့ အစိုးရိမ် မလွန်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost က တိုက်တွန်းလိုက်ပါတယ်။ “အခုအခြေအနေက အရေးပေါ်အဆင့် မဟုတ်ပါဘူး။ လူအများအပြားကို ကူးစက်ပြန့်ပွားနေတဲ့ အခြေအနေလည်း မဟုတ်ပါဘူး။ Epidemic ကပ်ရောဂါ မဟုတ်သလို၊ Pandemic တနိုင်ငံလုံး ပြန့်ပွားတဲ့ရောဂါ အဆင့် မဟုတ်ပါဘူး။ ဒီလိုအဆင့်သတ်မှတ်ရလောက်အောင်၊ ရောဂါ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်တဲ့ အခြေအနေ မဟုတ်ပါဘူး။ အခုလောလောဆယ် ကျန်းမာရေးဌာနက ဒီရာသီတုပ်ကွေး အခြေအနေအပေါ် မြန်မြန်ဆန်ဆန် သတင်းထုတ်ပြန်တာနဲ့အတူ၊ ကြိုတင် ကာကွယ်ရေးအတွက် ထိထိရောက်ရောက် ပညာပေးနေတာ တွေ့ရလို့၊ ကျေနပ်မိပါတယ်။” ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေမှာလည်း၊ ဒီလို မုတ်သုန်ရာသီမှာ H1N1 ရာသီတုပ်ကွေး ဖြစ်လေ့ဖြစ်ထ ရှိပြီး၊ ကျန်းမားရေး တာဝန်ရှိသူတွေနဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ Dr. Jost က အခုလို အကြံပြုပါတယ်။ “ပထမအချက်ကတော့၊ ဖြစ်ပွားနေတဲ့ အခြေအနေကို စောင့်ကြည့်တာတွေ တိုးလုပ်ဖို့ အရေးကြီးပါတယ်။ ဒုတိယအချက်ကတော့ H1N1 virus ပိုးကူးစက်တာကိုဘဲ သီးခြားပစ်မှတ်ထား စောင့်ကြည့်တာမျိုးမဟုတ်ဘဲ၊ တခြား ဖြစ်နိုင်တဲ့ ကူးစက်မြန် ပြင်းထန် အသက်ရှူလမ်းကြောင်း ရောင်ယမ်းတဲ့ SARI virus ကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေက ဒါတွေကို စောင့်ကြည့်နေတယ်လို့ ယူဆပါတယ်။ H1N1 ရာသီတုပ်ကွေး ခံစားနေရတဲ့ လူနာတွေကို ပြုစုစောင့်ရှောက်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အားပေး ကူညီဖို့လိုပါတယ်။” ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး၊ ရန်ကုန်အပြင်၊ နိုင်ငံတဝန်းက အများပြည်သူတွေ သိအောင်လည်း ကြိုတင် ကာကွယ်ရေး၊ အသိပညာ ပြန့်ပွားအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့အပြင်၊ မွေးမြူထားတဲ့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးနဲ့လည်း ဆက်စပ်ပြီး အသိပညာပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ H1N1 ရာသီတုပ်ကွေး မကူးစက်အောင်၊ ပြည်သူလူထုအကြား ပညာပေးတာတွေ လုပ်ဖို့အတွက်လည်း Dr. Stephen Jost က အခုလို အကြံပြုပါတယ်။ "ကြိုတင်ကာကွယ်ဖို့ အတွက်ဆိုရင် Influenza တုပ်ကွေး Virus ဟာ လူ့ခန္ဒာကထွက်တဲ့ အင်မတန်မှ သေးငယ်တဲ့ အရည်စက်ကလေးကနေ တဆင့်ကူးစက်တယ်ဆိုတာ သိဖို့ အရေးကြီးဆုံး ဆိုတာကို သတိရှိနေဖို့ပါဘဲ။ အဲဒီမမြင်နိုင်တဲ့ သေးငယ်တဲ့ အရည်စက်က များသောအားဖြင့် လက်ကတဆင့်ဖြစ်ဖြစ်၊ မျက်နှာက၊ နှာခေါင်း၊ မျက်စေ့ကနေဖြစ်ဖြစ်၊ ခန္ဒာကိုယ်ထဲ ဝင်လာနိုင်တာပါ။ အရေးကြီးဆုံးကတော့ လက်ကို ရေနဲ့ ဆပ်ပြာအသုံးပြုပြီး မကြာခဏ ဆေးပေးဖို့ပါဘဲ။ ရေနဲ့ ဆပ်ပြာမလွယ်ရင်၊ ပိုးသတ်လက်ဆေးရည်ကို သုံးဖို့ဖြစ်ပါတယ်။ လက်ဆေးဖို့က လူတိုင်းအတွက် အရေးကြီးဆုံးပါဘဲ။” မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးအပြင် H5N1 ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေတဲ့ အပေါ်မှလည်း ရောဂါကာကွယ်ဖို့အတွက် လက်ဆေးကြဖို့ အကြံပြုလိုက်ပြီး၊ တကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုစိုက်ဖို့ Dr. Jost က တိုက်တွန်းပါတယ်။ “H1N1 နဲ့ H5N1 က တုပ်ကွေး Virus တွေဖြစ်ပေမဲ့၊ တိုက်ရိုက်ဆက်စပ်မှုမရှိပါဘူး။ ကူးစက်တဲ့ပုံစံကလည်းမတူပါဘူး။ H1N1 က လူလူချင်းကူးစက်ဖို့လွယ်ပါတယ်။ H1N1 Virus အုပ်စုတခုနဲ့ တခုလည်းမတူပါဘူး။ H5N1 ကတော့ တိရိစာ္ဆန်ကနေလူကို ကူးစက်ပေမဲ့ ပြင်းထန်မှသာကူးစက်တဲ့သဘောရှိပါတယ်။” လက်ဆေးတာအပြင်၊ အဟာရဖြစ်တဲ့အစားအသောက် စားဖို့၊ အိပ်ရေးဝဝ အိပ်ဖို့နဲ့ အသင့်အတင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဖို့လည်း Dr. Jost ကအကြံပေးပါတယ်။ "ရန်ကုန်မှာ လူတွေ အတော်များများ နှာခေါင်းစည်းတွေ တပ်ထားတာ ကျွန်တော် သတိထားမိပါတယ်။ နှာခေါင်းစည်း တပ်တာထက်၊ လက်ဆေးကြဖို့ ပိုအရေးကြီးပါတယ်။ လက်ဆေးတာက ရောဂါပိုးမှန်သမျှကို ကြိုတင်ကာကွယ်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ နှာခေါင်းစည်းကတော့ ဆေးရုံကဆရာဝန်တွေ၊ သူနာပြုတွေအတွက် ပိုပြီးသင့်တော်ပါတယ်။" ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ WHO ရဲ့ဆေးပစ္စည်းနဲ့ နည်းပညာ ပံ့ပိုးကူညီမှုနဲ့ ကုသရေးနဲ့ ကြိုတင်ကာကွယ်ရေးအတွက် ဖိဖိစီးစီး ဆောင်ရွက်နေတာ ဖြစ်သလို၊ နေ့စဉ်ဖြစ်ထွန်းမှု အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတာကြောင့်၊ ပြည်သူလူထုအနေနဲ့ အစိုးရိမ် မလွန်ကြဖို့ WHO ဌာနေကိုယ်စားလှယ် Stephen Paul Jost က တိုက်တွန်းလိုက်ပါတယ်။
Source : http://ift.tt/2v9GBo7
via IFTTT
No comments:
Post a Comment