ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ဘက်က ရခိုင်ပြည်နယ်အရေး အဖြေရှာနိုင်ဖို့ကြိုးပမ်းနေချိန်ဖြစ်တဲ့အတွက် ကုလသမဂ္ဂဘက်က မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ တာဝန်မပေးခင် ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာကိုသာ အရင်ဆုံးလေ့လာပါလို့ ကော်မရှင်အဖွဲ့ဝင်တဦးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ရခိုင်အရေး အချက်အလက် စုဆောင်းမယ့် ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့စေလွှတ်ဖို့ ကုလဘက်က ဦးဆောင်မယ့်သူ အပြောင်းအလဲတွေနဲ့ စီစဉ်နေချိန်လည်းဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပါမယ်။ ရခိုင်ပြည်နယ်အရေး အဖြေရှာနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ဘက်က ရခိုင်ပြည်နယ်တွင်း ကွင်းဆင်းဆောင်ရွက်ပြီး အစီရင်ခံစာတင်ပြဖို့ စီစဉ်ဆောင်ရွက်နေချိန်ဖြစ်လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ မြန်မာအစိုးရက နိုင်ငံတွင်း လာခွင့်မပေးနိုင်ဘူး လို့ပြောဆိုထားချိန်ဖြစ်ပါတယ်။ ကုလဘက်က အချက်အလက်ရှာဖွေရေးအဖွဲ့စေလွှတ်ဖို့ စီစဉ်နေပေမဲ့လို့ မြန်မာနိုင်ငံတွင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ပြသနာကို အဖြေရှာနိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်စောခင်တင့်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။ “မြန်မာနိုင်ငံအတွက် တကယ့်ကို အခက်အခဲနဲ့ ကြုံတွေ့ပြီးတော့ ဒီအခက်အခဲထဲက အဖြေကောင်းတွေကိုရပြီးတော့ ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ရမယ် ဆိုတာက လူတိုင်းစိတ်ထဲမှာ လိုချင်တဲ့အရာပါ။ အခုအန်တီတို့ ကိုဖီအာနန် ကော်မရှင်ကိုဖွဲ့ထားတယ်ဆိုတာကလည်း ပြည်တွင်းအဖွဲ့အနေနဲ့ အန်တီတို့ကို ဖွဲ့ပေးထားတာပါ။ ဒါက နိုင်ငံတကာအဖွဲ့အစည်းကလည်း ပါလာတာဆိုတာကလည်း ပြည်တွင်းကနေ အန်တီတို့ ၆ ယောက်ပါတယ်ဆိုတော့ ပြည်တွင်းရဲ့ တကယ့်မြေပြင်အနေအထားမှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း အန်တီတို့ ပြည်တွင်းကလူတွေကလည်း ဒါကိုတင်ပြဖို့ လုပ်ရမှာပေါ့နော်။ အဲဒီလိုအမြင် ၂ မျိုးကြားမှာ မြန်မာနိုင်ငံရဲ့ အခြေအနေ အဖြေမှန်ရဖို့ အထူးသဖြင့် ရခိုင်ဒေသကို ရေရှည်မှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဘယ်လိုနည်းလမ်းတွေကို လုပ်ရင်ရမလဲ ၊ ဘာတွေကို အန်တီတို့က အကြံပေးရင်ကောင်းမလဲ ဆိုတာအပေါ်မှာ အန်တီတို့က အများကြီး ကွင်းဆင်းပြီးတော့ တကယ့်ကို လေ့လာခဲ့တဲ့ အဖွဲ့ဖြစ်တယ် ။ အန်တီတို့ ကိုယ်တိုင်ကလည်း ရခိုင်ဒေသအပေါ်မှာ တကယ့်ကို ထဲထဲဝင်ဝင်နှစ်နှစ်ခြိုက်ခြိုက် အန်တီတို့က ဒါ စုံစမ်းလေ့လာသိထားတဲ့ သူတွေလည်းဖြစ်တယ်။ အန်တီအနေနဲ့ ပြောရမယ်ဆိုရင် ဒီအချက်အလက်ရှာဖွေရေး ကုလက ချမှတ်တဲ့ဟာက မြန်မာနိုင်ငံသားတယောက်အနေနဲ့ အန်တီအနေနဲ့ မလိုလားအပ်ဘူးလို့ ယူဆပါတယ်။” အရပ်သားအစိုးရလက်ထက် လူမျိုးရေးဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်ပွားမှုတွေနဲ့ အခြေခံပြသနာရင်းမြစ်တွေနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးကို အခက်တွေ့စေတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရဆဲ အခြေအနေကိုလည်း နိုင်ငံတကာဘက်က သဘောပေါက်နားလည်စေချင်တယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်ကပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ လုပ်နေပြီလေ။ အန်တီတို့တွေ ဘက်မလိုက်ပဲနဲ့ အကောင်းဆုံးဖြစ်အောင် ဒါအဖြေတခုကို ဘယ်လိုရမလဲဆိုတာကို အန်တီတို့ စဉ်းစားပြီးတော့ ရှာဖွေတယ်၊ အကြံပြုတယ် လုပ်နေတယ်။ ဒါတွေကို ပြီးအောင်မစောင့်နိုင်ပဲ သူတို့လိုချင်တာ ဖြစ်ချင်တာကို အလောကြီးပြီးတော့ သူတို့လုပ်နေတယ်လို့ အဲလိုခံစားရတယ်။ အန်တီတို့ လုပ်သင့်လုပ်ထိုက်တာတွေရှိတယ် ဟိုတုန်းကမလုပ်ခဲ့တာတွေကို ဒီကနေ့မှ ပြန်လုပ်ရတယ်ဆိုတော့ အန်တီတို့မှာ လုပ်ရကိုင်ရတာတွေ ခက်ခဲတာတွေရှိပါတယ်။ တချို့က ကိုယ့်စိတ်တိုင်းကျ လုပ်လိုက်မယ်ဆိုရင် နိုင်ငံတကာနဲ့ သွားငြိတာပေါ့နော် ။ ဆိုတော့ နိုင်ငံတကာ စိတ်တိုင်းကျလည်း အန်တီတို့ လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပြည်တွင်းရေးပြဿနာကို ကိုယ်ပဲနားလည်တာပေါ့နော် ဆိုတော့ ဒါတွေကို နိုင်ငံတကာလည်း ညီညွတ်အောင် အန်တီတို့ ဒေသခံတွေအနေနဲ့လည်း ကိုယ်လိုချင်တဲ့ ခရီးတခုကို လမ်းဖွင့်ပေးနိုင်အောင် ဒါတွေအပေါ်မှာ အန်တီတို့ အချက်အလက်အများကြီးရှာပြီးတော့ အကြံပေးထားပါတယ်။” ကိုဖီအာနန် ကော်မရှင်ဘက်က အစီရင်ခံစာကိုလည်း နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့နဲ့ ပြည်သူတွေကို မကြာခင်တင်ပြသွားဖို့ရှိနေတဲ့အကြောင်းလည်း ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်ဒေါ်စောခင်တင့်ကပြောပါတယ်။ “ကျမတို့က ဒီဩဂုတ်လ နောက်ဆုံးအပတ်မှာတော့ ဒီ Report ကိုထုတ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီ Report မှာ English နဲ့ရေးထားတာကို Burmese translate လုပ်တဲ့နေရာမှာလည်း translate လုပ်တာတွေ အားလုံးမှန်အောင်ပေါ့နော် အန်တီတို့ဘက်က ကော်မရှင်ဝင်တွေ အကုန်လုံး ဒါကိုအသေးစိတ်လေ့လာပြီးတော့ လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ဒါတွေအပေါ်မှာလည်း အန်တီတို့ဘက်က အမှားမရှိအောင် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်တော့ အန်တီတို့ ကြိုးစားဆောင်ရွက်နေပါတယ်။” ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းလိုက်တဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ကတော့ မြန်မာနိုင်ငံတွင်းက အထူးသဖြင့် ရခိုင်ဒေသတွင်း စစ်တပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အနိုင်ကျင့်မှု ဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက် စုဆောင်းပြီး ကုလသမဂ္ဂကို တင်ပြဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ ကိုခေါင်းဆောင်မယ့် ခေါင်းဆောင်သစ်တဦးကို ကုလသမဂ္ဂက ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။ မူလက အဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising ကို အဖွဲ့က ဖယ်ရှားပြီး အင်ဒိုနီးရှား ရှေ့နေချုပ် အဖြစ် တာဝန်ယူခဲ့သူ Marzuki Darusman ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဥက္ကဌက အစားထိုး ခန့်အပ်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising ကို ဘာကြောင့် အဖွဲ့ကနေ ဖယ်ရှားလိုက်ရသလဲ ဆိုတာကိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဘက်က ပြောဆိုခြင်း မရှိပါဘူး။
Source : http://ift.tt/2tKNlVj
via IFTTT
No comments:
Post a Comment