Friday, July 28, 2017

ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများ အချိန်မီထောက်ပံ့ရန် ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများ

ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများ အချိန်မီထောက်ပံ့ရန် ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများ တောင်းဆို ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ကူးစက်ရောဂါ ဖြစ်ပွားရာ ဒေသများရှိ ဆေးရုံများတွင် ကူးစက်ရောဂါ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ လုံလုံလောက်လောက် အချိန်မီ ထောက်ပံ့ရန် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများက စုပေါင်း တောင်းဆိုလိုက်သည်။ အဆိုပါ တိုက်တွန်းစာကို ဇူလိုင်လ ၂၇ ရက်နေ့တွင် သမ္မတရုံး ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရှိ ဝန်ကြီးများထံသို့ ပေးပို့ထားကြောင်း သိရသည်။ ယခုဖြစ်ပွားနေသော ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009)သည် အသက်ရှူလမ်းကြောင်းမှ တဆင့် ကူးစက် တတ်သော ရောဂါဖြစ်၍ ကူးစက်ရောဂါ ကာကွယ်ရေး အသုံးဆောင်ပစ္စည်းများ အချိန်မီ လုံလောက်စွာမရရှိလျှင် ကူးစက် နှုန်း မြန်ဆန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆေးတက္ကသိုလ်-၂ ရန်ကုန်ကျောင်းသားများသမဂ္ဂမှ ကိုနိုင်မင်းထွဋ်က ဧရာဝတီသို့ ပြောသည်။ “ကူးစက်ရောဂါ ဖြစ်ပွားနေတယ်ပေါ့နော်။ ဒါပေမဲ့ ဆေးရုံတွေမှာ မနေ့ကအထိ N95 Mask တွေ မရောက်သေးဘူး။ ဒီနေ့ တော့ ရောက်ပြီ။ လူအရေအတွက်စေ့အောင် မပေးနိုင်သေးဘူး။ ဆရာဝန်တွေကိုပဲ ပေးနိုင်သေးတယ်။ တကယ်တမ်းက အကုန်လုံးကို ကူးစက်နိုင်တဲ့အတွက် အထွေထွေ လုပ်သား ၊ကျောင်းသားတွေအထိ ပေးနိုင်ရမှာပေါ့ ”ဟု ဆိုသည်။ သူနာပြုတက္ကသိုလ် ရန်ကုန် ကျောင်းသားများသမဂ္ဂမှ မကေခိုင်ထွန်းကလည်း “အခု ကျမတို့လို ဆေးရုံမှာPratical ဆင်းနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ Mask မလုံလောက်မှု၊ အခုဆေးရုံမှာ လုပ်နေတဲ့ ဆရာဝန်တွေ ၊ သူနာပြု တွေက Mask အလုံအလောက် မရှိတဲ့အတွက်ကြောင့် တောင်းဆိုစာ ပေးပို့ရတာပါ” ဧရာဝတီသို့ ပြောသည်။ ယခုရက်အတွင်း တပ်ဆင်မှု များလာသည့် အစိမ်းရောင် Mask များသည် H1N1 ဗိုင်းရပ်စ်ပိုးကို မကာကွယ်နိုင်၍ N95 Mask များကိုသာ တပ်ဆင်သင့်ကြောင်း၊ အဆိုပါ Mask များကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေး ဝန်ထမ်းများအား လုံလောက်စွာ ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ဧရာဝတီသို့ ပြောသည်။ “H1N1 ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ Mask က N95 လို့ခေါ်တယ်။ အဲဒီ Maskက ထူတယ်။ နှာခေါင်းနဲ့ ပါးစပ်ကို လုံ အောင်တပ်ရတဲ့ Mask မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပိုးတွေ့တဲ့ လူနာတွေကို ထိတွေ့ ကိုင်တွယ် ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လုံလုံလောက်လောက် ထောက်ပံ့ထားပါတယ်။ H1N1 ဗိုင်းရပ်စ် ပိုးကို ကာကွယ်ဖို့ဆိုရင်တော့ Surgical Mask လို နှာခေါင်းစည်းလေး တပ်ရုံနဲ့ မလုံလောက်ဘူးလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။ ဇူလိုင်လ ၁၉ ရက်မှ ၂၇ ရက်နေ့ အထိ တနိုင်ငံလုံး စာရင်းအရ ပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင် ရောဂါ ရှိသည့် လူနာ ၅ဝဦး ကို ဆေးကုသပေးခဲ့ပြီး ရာသီတုပ်ကွေး Positive လူနာ ၃၀ ဦးအနက် ၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ၂၇ ရက်နေ့ ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။ The post ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများ အချိန်မီထောက်ပံ့ရန် ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2uEgC6X
via IFTTT

No comments:

Post a Comment