Thursday, July 27, 2017

The Voice

ကိုယ်ဝန်ဆောင် တစ်ဦး၊ အမျိုးသားတစ်ဦးတို့ကို ယာဉ်ဖြင့် ဝင်တိုက်ပြီး မောင်းပြေးသည့် ရဲအုပ်ကို ရပ်ကွက်နေသူများက ဝိုင်းဖမ်း ရန်ကုန်၊ ဇူလိုင် ၂၇ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်းတွင် ဇူလိုင်လ ၂၅ ရက် ညပိုင်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနှင့် မော်တော်ယာဉ် နှစ်စီးကို Toyota Wish အမျိုးအစားယာဉ်ဖြင့် ဝင်တိုက်ပြီး မောင်းပြေးသည့် ရဲအုပ်မြတ်ဖုန်းကို ရပ်ကွက်နေသူများက ဝိုင်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ ယာဉ်တိုက်မှု ကျူးလွန်ထွက်ပြေးသူ ရဲအုပ်မြတ်ဖုန်းမှာ ယခင် ဗဟန်းမြို့နယ်၊ ဆရာစံလမ်း၊ ပြည်ထဲရေးရုံးဟောင်းရှိ မူးယစ်တပ်ဖွဲ့စု(၄၁)တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယင်းနေ့ညက မေတ္တာညွန့်ဘူတာဘက်မှ ကျိုက္ကဆံယာဉ် အပိုပစ္စည်း ရောင်းဝယ်ရေး စခန်းဘက်သို့ Toyota Wish အနက်ရောင်ယာဉ်ကို မာလာနွယ်လမ်းအတိုင်း မောင်းလာစဉ် လမ်းဘေး လမ်းလျှောက်နေသော အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀ နှစ် အမျိုးသားတစ်ဦးတို့ကို ယာဉ်ဖြင့် ဝင်တိုက်မိခဲ့ကြောင်း၊ ယင်းနောက် ယာဉ်ကို မောင်းနှင်ထွက်ပြေးစဉ် ဇေယျသုခလမ်းတွင် Suzuki ယာဉ်နှင့် Hilux Sulf ယာဉ်တို့ကို ထပ်မံ ဝင်တိုက်မိခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။ “လူနှစ်ယောက်ကို တိုက်ပြီး မောင်းပြေးတာ။ မောင်းပြေးရာက ဇေယျသုခလမ်းမှာ Suzuki ကားနဲ့ မျက်နှာချင်းဆိုင် ဝင်တိုက်မိပြီး အရှိန်နဲ့ လမ်းဘေးရပ်ထားတဲ့ Sulf တစ်စီးပါ ထပ်တိုက်တယ်။ ပြီးတော့ ကားမောင်းပြေးသွားလို့ သိပ်မကြာဘူး၊ အဲကားနဲ့ပဲ သူ့ရပ်ကွက်ထဲ ပြန်ရောက်လာတာမြင်လို့ ရပ်ကွက်နေသူတွေက ဝိုင်းဖမ်းလိုက်တာ။”ဟု ဇေယျသုခလမ်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။ ရဲအုပ်မြတ်ဖုန်းမှာ လွန်ခဲ့သည့် ၁၅ ရက်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သွားရောက် တာဝန် ထမ်းဆောင်ရန် ပေးအပ်ခံရပြီးနောက် ခွင့်ဖြင့် ရန်ကုန်သို့ ပြန်လာစဉ် ယာဉ်တိုက်မှု ကျူးလွန်သည့် ညက အရက်သေစာ သောက်စားထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ယာဉ်တိုက်ခံရသူ နှစ်ဦးမှာ ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာများ ရခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရပြီး ယာဉ်မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း ရဲအုပ်မြတ်ဖုန်းကို တာမွေမြို့မ ရဲစခန်းက ယာဉ်(ပ)၁၈/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
Source : https://goo.gl/r2XvY6
via IFTTT

No comments:

Post a Comment