ရာထူးတိုး ညီညွတ်မျှတရေးအတွက် ဖဲကြိုးပြာလှုပ်ရှားမှု စတင် ပညာရေးဝန်ကြီးဌာနချင်းတူသော်လည်း ဦးစီးဌာနမတူ၍ဟုဆိုကာ ရာထူးတိုးသည့်အခါ မညီမျှမှုများ ကြုံတွေ့ ခံစားနေရသော နည်းပညာတက္ကသိုလ် (TU) နှင့် ကွန်ပျူတာတက္ကသိုလ် (CU) မှ ဆရာ၊ ဆရာမများက ပူးပေါင်း၍ ဖဲကြိုးပြာလှုပ်ရှားမှု (Blue Ribbon Campaign) ကို ယနေ့ ဇူလိုင် ၃၁ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဖဲကြိုးပြာလှုပ်ရှားမှုနှင့် TU၊ CU မှ ဆရာ၊ ဆရာမများ၏ နစ်နာမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတခုကို ရန်ကုန် မြို့၊ ၃၄ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ယနေ့ ပြုလုပ်ခဲ့ရာ ကမ်ပိန်းဆောင်ရွက်သူများက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ “လုပ်ပိုင်ခွင့်တွေ အရမ်းကိုမက်မောနေလို့ ဒါကို တောင်းဆိုနေတာမဟုတ်ပါဘူး။ ကျမတို့ ဝန်ထမ်းတယောက်မှာ ရသင့်ရ ထိုက်တဲ့ ရပိုင်ခွင့်လေးသည် ဒီရာထူးတိုးခံစားခွင့်လေးပဲ ရှိပါတယ်။ ဒါကို သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေ သိအောင် ရင် ဘတ်ချင်းတူ နစ်နာနေတဲ့ ဆရာ၊ ဆရာမတွေက စုပေါင်းပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ လက်ထောက်ကထိက ဒေါ်သူသူအောင်က ရှင်းပြသည်။ ဆက်လက်၍ ၎င်းက လက်ရှိရာထူးတိုးမူဝါဒ မညီမျှမှုကြောင့် BE ဘွဲ့ရတယောက်သည် စက်မှုနှင့်သက်မွေးပညာဦးစီးဌာန (DTVET) လက်အောက်တွင် တွဲဖက် ပါမောက္ခ(ဒုတိယပါမောက္ခ)အထိ ဖြစ်ခွင့်ရှိသော်လည်း အဆင့်မြင့်ပညာ ဦးစီးဌာန အောက်ရှိ နည်းပညာတက္ကသိုလ်များ၌ တာဝန်ထမ်းဆောင်လျက်ရှိသော BE ဘွဲ့ရတယောက်၏ ရာထူးခံစားပိုင်ခွင့်သည် လက်ထောက်ကထိကတွင်သာ အဆုံး သတ်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။ ကျောင်းဆင်းနှစ်ချင်း၊ ဘွဲ့ချင်း၊ လုပ်သက်ချင်း၊ ဝန်ကြီးဌာနချင်းတူသော်လည်း စက်မှုနှင့်သက်မွေးပညာဦးစီးဌာန (DTVET) နှင့် အဆင့်မြင့်ပညာဦးစီးဌာနဟူသည့် ဌာနနှစ်ခုအောက်ရှိ ကွာခြားနေသည့် ရာထူးတိုးစနစ်များကြောင့် ဝန်ထမ်း အချင်း ချင်း အကြား မညီမျှမှုကိုခံစားရပြီး စိတ်ဒဏ်ရာများ ရလာခြင်း၊ တချို့မှာ အလုပ်ထွက်ချင်စိတ်ဖြစ်လာသည်အထိ စိတ်ဓာတ်ကျဆင်းမှုများ ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများသိရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ကမ်ပိန်း ဦးဆောင်သည့် ဆရာ၊ ဆရာမများက ပြောသည်။ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်တွင် နည်းပြတာဝန်ထမ်းဆောင်နေသူ ဒေါ်ဝင်းပပထွန်း ကလည်း “အခုလိုလုပ်နေတာတွေသည် မတော်မတရား ရပိုင်ခွင့်ကို တောင်းဆိုနေတာလည်း မဟုတ်ဘူး။ ရသင့်ရထိုက်တဲ့ ဝန်ထမ်း တယောက်အနေနဲ့ ခံစားခွင့်ရှိတဲ့ ရပိုင်ခွင့်ကို စည်းဘောင်အတွင်း ဥပဒေဘောင်အတွင်းကနေပြီးတော့ တောင်းဆို နေတာဖြစ်တယ်” ဟု ပြောသည်။ ကမ်ပိန်းဦးဆောင်သူများအနေဖြင့် တနိုင်ငံလုံးရှိ TU နှင့် CU မှ ဆရာ၊ ဆရာမများ၏ နစ်နာမှုစစ်တမ်းများကို ကောက်ယူ လျက်ရှိပြီး ပြန်လည်ဆန်းစစ်မှုများပြုကာ သြဂုတ်လအတွင်း အစီရင်ခံစာတစောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံရံုံး၊ လွှတ်တော်နှင့် တရားရုံးချုပ်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ်(မုံရွာ)မှ လက်ထောက်ကထိက ဦးမြင့်မောင်မောင်သန်းက ပြောသည်။ “နစ်နာမှုစစ်တမ်းကောက်ယူပြီး အစီရင်ခံစာတစောင် ထုတ်ပြန်နိုင်ဖို့ အမြန်ဆုံးကြိုးစားနေပါတယ်။ နောက်ဆုံး အဆင့်အနေ နဲ့ အစိုးရက လုံးဝမဖြေရှင်းပေးဘူးဆိုရင် တရားမျှတမှုရတဲ့အထိ ဆက်ပြီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ကမ်ပိန်းဦးဆောင်သူများက ရာထူးတိုးမှုများ မျှတရန်၊ ရာထူးတိုးမူဝါဒများ ညီညွတ်မျှတ၍ ပွင့်လင်းမြင်သာမှုရှိစေရန်၊ လူ ပြောင်း၊ မူပြောင်းမှုများကြောင့် မတည်ငြိမ်ခဲ့သော ရာထူးတိုးသတ်မှတ်ချက်များကို ညီညွတ်မျှတ၍ အတည်တကျ ဖြစ်စေရန် နှင့် နစ်နာခဲ့သော ဆရာ၊ ဆရာမများအတွက် အမြန်ဆုံးဖြည့်စွက် စဉ်းစားပေးရန်ဟူသည့် အချက်များကိုလည်း တောင်းဆို ထားသည်။ ဖဲကြိုးပြာလှုပ်ရှားမှုကို ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၄ ရက်အထိ တနိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္က သိုလ်တို့မှ နည်းပြ၊ သရုပ်ပြ၊ လက်ထောက်ကထိက ဆရာ၊ ဆရာမများက ကျောင်းတက်ချိန်အတွင်း ကျောင်းယူနီဖောင်း တွင် ဖဲကြိုးပြာတပ်ဆင်ပြီး ဆန္ဒပြု လှုပ်ရှားကြမည်ဖြစ်ပြီး ယနေ့တွင် ရန်ကုန်၊ ပြည်နှင့် မုံရွာမြို့တို့တွင် စတင်ခဲ့သည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန သို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်း သော်လည်း တာဝန်ယူ ဖြေကြားမည့်သူ မရှိသဖြင့် မေးမြန်း မရခဲ့ပါ။ The post ရာထူးတိုး ညီညွတ်မျှတရေးအတွက် ဖဲကြိုးပြာလှုပ်ရှားမှု စတင် appeared first on ဧရာဝတီ.
Source : http://ift.tt/2uc5CKt
via IFTTT
No comments:
Post a Comment