Friday, July 28, 2017

Eleven Media Group

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် H1N1 ရောဂါပိုးတွေ့ရှိရသူ ၃၀ အထိရှိလာ WHO မှ ကာကွယ်ဆေးနှင့် ကုသဆေး ကူညီပေးမည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ပြောကြား မြန်မာနိုင်ငံတွင် H1N1 ရောဂါပိုး တွေ့ ရှိမှုမှာ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီအထိ စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၃၀ အထိရှိလာပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။ ထို့အတူ သေဆုံးသူမှာလည်း ခြောက်ဦးအထိ ရှိလာပြီဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ “၁၉ ရက်၊ ၇ လ၊ ၂၀၁၇ ကနေပြီးတော့ ၂၇ ရက်၊ ၇ လ၊ ၂၀၁၇၊ မွန်းလွဲ ၂ နာရီအထိ ရရှိတဲ့ စာရင်းများအရ စီဆင်နယ်ပီဒီအမ် ၂၀၀၉ ရောဂါပိုး တွေ့ရှိသူပေါင်း ၃၀ ရှိပြီးတော့ မနေ့က သေဆုံးသူ သုံးဦး၊ ဒီနေ့သေဆုံးသူ သုံးဦး၊ စုစုပေါင်းခြောက်ဦး ဆုံးပါးတာကို တွေ့ရှိရပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဇူလိုင် ၂၇ ရက် ညနေပိုင်းက ပြောကြားသည်။ ရောဂါပိုးတွေ့ရှိရသူများမှာ ချင်းပြည်နယ် မတူပီတွင် ၁၀ ဦး၊ ပဲခူးဆေးရုံကြီးတွင် တစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၁၁ ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် တစ်ဦး၊ ရန်ကင်းကလေး အထူးကုဆေးရုံကြီးတွင် နှစ်ဦး၊ ရန်ကုန်ကလေးဆေးရုံကြီးတွင် နှစ်ဦး၊ သင်္ကန်းကျွန်း စံပြဆေးရုံကြီးတွင် နှစ်ဦး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် တစ်ဦး တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကာကွယ်ရေး၊ ကုသရေး၊ ရောဂါထိန်းချုပ်ရေးအပိုင်းများကို လုပ်ဆောင်နေ သကဲ့သို့ မြန်မာနိုင်ငံတွင် H1N1 ဖြစ်ပွားမှု အခြေအနေများသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သို့ တင်ပြပြီး အကူအညီ တောင်းခံထားရာ ကာကွယ်ဆေးပံ့ပိုးပေးနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။ “အခု ဘာတစ်ခုပေါ်လာသလဲဆိုတော့ ကာကွယ်ဆေးကို WHO ကို စာနဲ့တောင်းဆိုလိုက်ပါတယ်။ ကိုယ့်နိုင်ငံအတွက် အရေးကြီးတဲ့သူတွေကို ထိုးပေးဖို့၊ အန္တရာယ်ရှိတဲ့သူတွေကို ထိုးပေးဖို့အတွက် H1N1 ကာကွယ်ဆေးကို တောင်းလိုက်တဲ့ အခါကျတော့ WHO က အခုဂျပန်ကို ကျွန်တော်တို့ဆီက (လက်ရှိဖြစ်ပွားနေသော H1N1) ‘မျိုး’ ပို့ထားပါတယ်” ဟု ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။ အဆိုပါ WHO က ကူညီပေးသည့် ကာကွယ်ဆေးများကို အရေးပေါ် အနီးကပ် ကျန်းမာရေးပြုစုကုသမှု ပေးနေသူများနှင့် ကိုယ်ဝန်ဆောင်မိခင်၊ ငါးနှစ်အောက် ကလေးငယ်၊ သက်ကြီးရွယ်အိုများနှင့် နိုင်ငံအတွက် အရေးကြီး တာဝန်ထမ်းဆောင်နေသူများကို ဦးစားပေး သုံးစွဲသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ လက်ရှိတွင် ဈေးကွက်ထဲတွင် ရရှိနေသော ကာကွယ်ဆေးများမှာ အမျိုးအစား မတူနိုင်သည့်အတွက် ရာခိုင်နှုန်း ၅၀ ခန့်သာ ကာကွယ်မှုရှိနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားနေသော ရောဂါပိုးအတွက် ရည်ရွယ်ထုတ်လုပ်သည့် ကာကွယ်ဆေးကသာ ရာခိုင်နှုန်း ၉၀ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ WHO မှ အဆိုပါ ကာကွယ်ဆေးအပြင် ကုသဆေးနှင့် အကာအကွယ်ပစ္စည်းများလည်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှုမှာ အရေးပေါ်အခြေအနေ သတ်မှတ်ရမည့် အခြေအနေတွင် မရှိသေးကြောင်း၊ အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက နိုင်ငံတကာသို့ အကူအညီများ တောင်းခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ “ဖြစ်တဲ့သူတိုးလာမယ်၊ ဧရိယာလည်း များလာမယ်ဆိုရင် အချိန်တိုအတွင်း တအားများလာမယ်ဆိုရင်တော့ တစ်မျိုးကြေညာရမှာပေါ့။ အခုအဆင့်ကိုတော့ အရေးပေါ် အခြေအနေ မကြေညာရသေးပါဘူး။ အရေးပေါ် အခြေအနေ ကြေညာရင်တော့ နိုင်ငံတကာ အကူအညီတွေ တောင်းရမယ်။ အဖွဲ့အစည်းတွေက အကူအညီတောင်းရမယ်။ နိုင်ငံတော်သမ္မတရဲ့ ရန်ပုံငွေထုတ်သုံးရမယ်” ဟု ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။
Source : http://ift.tt/2uI1dko
via IFTTT

No comments:

Post a Comment