Friday, July 28, 2017

ကုလသမဂ္ဂစိတ်ပျက်သလို အားလုံးလည်း စိတ်ပျက်

ကုလသမဂ္ဂစိတ်ပျက်သလို အားလုံးလည်း စိတ်ပျက် ကုလသမဂ္ဂ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဇူလိုင်လ ၂၁ ရက်နေ့ကပြောစကားသည် စစ်အစိုးရခေတ် အုပ်ချုပ်ရေးကို ပြန်ပြောင်း အမှတ်ရစရာ ဖြစ်သွားသည်။ သူ၏ခရီးစဉ်ပြီးဆုံးကြောင်းကြေညာချက်တွင် သူက လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း ကုလသမဂ္ဂအထူးသံတမန်များ ၏တရားဝင် လက်သုံးစကားဖြစ်သော “စိတ်ပျက်မိတယ်” ဟူသော စကားကို ထပ်ပြော၍ ဖြစ်သည်။ သူ့ကို သတင်းအချက်အလက် ပံ့ပိုးသည့် ရင်းမြစ်များ ကြုံတွေ့ရသည့် ခြိမ်းခြောက်မူများကို ရည်ညွန်းပြီး ယခင်အစိုးရက အသုံးပြုခဲ့သော နည်းလမ်းများ ဆက်လက်အသုံးပြုနေသည်ကို မြင်ရသောကြောင့် စိတ်ပျက်သည်ဟု သူက ပြောသည်။ အပြန်အလှန်အားဖြင့် ကုလသမဂ္ဂ အထူးသံတမန်၏မှတ်ချက်သည် အစိုးရထိပ်တန်းခေါင်းဆောင်များကိုလည်း စိတ်ပျက် စေခဲ့သည်ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်များက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ယန်ဟီးလီက မြန်မာနိုင်ငံ၏ဆိုးရွားနေသော လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေအကြောင်း ပြောသည်။ ရခိုင်ပြည်နယ်မှ လူ့ အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များကို အထူးအာရုံစိုက် စုံစမ်းစစ်ဆေးမည့် လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်း တခုကို ဝင်ရောက်ခွင့်ပေးရန်လည်း သူက အစိုးရကို ပြင်းထန်စွာ တိုက်တွန်းသည်။ ခရီးစဉ်အတွင်း သူသည် လူမှုအခြေပြုအဖွဲ့အစည်းများ၊ သတင်းသမားများနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်၊ ရှမ်းနှင့် ကရင်ပြည်နယ် များသို့ သွားရောက်ခဲ့သော်လည်း ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုလဝီဝမ်နှင့် သတင်းသမား ၂ ဦးကို ထိန်းသိမ်းထားသော ရှမ်းပြည်မြောက်ပိုင်း သီပေါ အပါအဝင် နေရာအများအပြားသို့ သွားရောက်ခွင့်မရခဲ့ကြောင်း သူက ပြောသည်။ ခရီးစဉ်အတွင်း ယန်ဟီးလီသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခွင့်မရသောကြောင့် ထပ်မံ စိတ်ပျက်မိကြောင်း ပြောသည်။ အပြန်အလှန်စိတ်ပျက်ခြင်း ယန်ဟီးလီ၏သတင်းစာရှင်းလင်းပွဲအပြီး မကြာမီ သူ၏ထုတ်ပြန်ကြေညာချက်ကို ဆန့်ကျင်မှုများကို အထင်အရှား တွေ့လာရသည်။ အထူးအစီရင်ခံစာ တင်သွင်းသူ၏ခရီးစဉ်အပြီး ထုတ်ပြန်ကြေညာချက်ကို စိတ်ပျက်မိကြောင်းနှင့် ထိုထုတ်ပြန်ကြေညာချက် တွင် သိမ်းကျုံးစွပ်စွဲမှုများနှင့် မှားယွင်းသော အချက်အလက်များပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ကြေညာ သည်။ ယခင်စစ်အစိုးရခေတ်က ကုလသမဂ္ဂ၏ကိုယ်စားလှယ် တဦးဦးသည် ပြည်ဝင်ခွင့်မရလျှင် သို့မဟုတ် ထိုစဉ်က ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရလျှင် လူသိရှင်ကြား ရှုတ်ချမှုများ ဖြစ်ပေါ်လာသည်။ ယခုအခါ အတိုက်အခံမှ အစိုးရဖြစ်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကုလသမဂ္ဂ၏လုပ်ငန်းတာဝန်နှင့်ပတ် သက်ပြီး ပြစ်တင်ဝေဖန်နေသည်။ လူသိများသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်သော ဒေါ်သန္တာက ရခိုင် ပြည်နယ်အခြေအနေနှင့်ပတ်သက်သော ယန်ဟီးလီ၏မှတ်ချက်ကို ရှုတ်ချရန် ပြည်သူ့လွှတ်တော်တွင် တနင်္လာနေ့က အရေးကြီး အဆိုတင်သွင်းသည်။ အံ့ဩစရာ ကောင်းသောအချက်မှာ ဒေါ်သန္တာသည် စစ်ဘက်က ဖမ်းဆီးထားစဉ်အတွင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလက သေဆုံးခဲ့ရသော သတင်းထောက် ကိုပါကြီးအဖြစ် ထင်ရှားသည့် ကိုအောင်ကျော်နိုင်၏ ဇနီး ဖြစ်နေသည်။ အစိုးရနှင့် လူမျိုးစုလက်နက်ကိုင်များ မွန်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသည်ကို သတင်းယူရင်း သူ အဖမ်းခံခဲ့ရ သည်။ သူသည် စစ်သားတယောက်၏သေနတ်ကို လုယူပြီး ထွက်ပြေးဖို့ ကြံစည်သောကြောင့် ပစ်သတ်လိုက်သည်ဟု ထိုစဉ်က စစ်ဘက်က ထုတ်ပြန်ကြေညာသည်။ သူ၏ အရေးကြီးအဆိုနှင့်ပတ်သက်သော စဉ်းစားပုံကို ဒေါ်သန္တာက ဧရာဝတီသတင်းဌာနသို့ ရှင်းပြခဲ့သည်။ “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုမရှိဘူးလို့ ကျမ ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့ရခိုင်ပြည်နယ်နဲ့ ပတ် သက်တဲ့ကြေညာချက်က ပြည့်စုံမှုမရှိဘူး။ ကျမက ဒါကို မီးမောင်းထိုးပြချင်တာ” ဟု ရှင်းပြသည်။ အင်္ဂါနေ့က လွှတ်တော်တွင် ဆွေးနွေးစဉ် ထိုအရေးကြီးအဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ ရှမ်းပြည်နယ် ကလောမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က နိုင်ငံတကာ စွပ်စွဲချက်များကို ခြေဖျက်ရန်နှင့် လက်ရှိ ရခိုင်ပြည်နယ်မှ အဖြစ်မှန်အပေါ် လွှတ်တော်၏အမြင်ကို ရှင်းလင်းတင်ပြရန် ကုလသမဂ္ဂသို့ အထူး ကိုယ်စားလှယ်တဦး စေလွှတ်ရန်ပင် အဆိုပြုခဲ့သည်။ အခြေအနေမှာ မြန်မာနိုင်ငံ၏ သာမန်ပြည်သူများအကြား နေ့စဉ်ဆွေးနွေးငြင်းခုံမှုကို ဖြစ်စေသော အထူး ထိရှလွယ်သည့် အခြေအနေဖြစ်သည်။ ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးသော အချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်ခံရန် မြန်မာအစိုးရကို ပြောသောအခါ ကုလသမဂ္ဂသည် နှောင့်နှေးအောင် ပြုလုပ်ခံနေရသည်။ ထိုအဖွဲ့ဝင်များသည် ပြည်ဝင်ခွင့် ငြင်းပယ်ခံကြရသည်။ ကုလသမဂ္ဂ၏အချက်အလက်ရှာဖွေရေးအဖွဲ့သည် ရခိုင်ပြည်နယ်မှ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား တင်းမာ မှုများကို ပိုမို ဆိုးရွားစေမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် အပြုသဘောမဆောင်ကြောင်း ယခင်စစ်အစိုးရခေတ်ကလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသော အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက လွန်ခဲ့သောအပတ်က ပြောခဲ့သည်။ မြန်မာနိုင်ငံသည် ကုသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ကိုယ်စားလှယ်များကို ထိုဒေသသို့ သွားရောက်ခွင့်ပြု ခဲ့သည်။ အကူအညီများကို ပိတ်ဆို့ခဲ့ပြီးနောက် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူများကို နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ရိက္ခာ ပြန်လည် ဖြန့်ချိခွင့်ပေးခဲ့သည်။ သို့သော် ထိုအကူအညီများကို မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား တန်းတူ မရရှိသောကြောင့် ဝေဖန်မှုများရှိနေ သည်။ မွတ်စလင်များ၏ ဆိုရွားလှသောကံကြမ္မာကို အာရုံစိုက်လာစေရန် ပြုလုပ်သော ပြည်ပမှ လှုပ်ရှားမှုများ ကလည်း အစိုးရကို တစုံတရာ ဘေးကျပ်နံကျပ် ဖြစ်စေသည်။ “မြန်မာနိုင်ငံဟာ နေ့ချင်းညချင်း ဒီမိုကရေစီနိုင်ငံဖြစ်သွားမယ်လို့ မမျှော်လင့်နဲ့၊ အချိန်အခါအခြေအနေတွေ လိုတယ်လို့ ကျ မတို့ကို ပြောလိုက်တယ်။ ဒါပေမယ့် အလားတူစွာပဲ မြန်မာနိုင်ငံဘက်ကလည်း အနီးကပ် စောင့်ကြည့်ထောက်လှမ်းတာတွေ၊ အထူးစောင့်ကြည့်ရေးယန္တရားတွေ နေ့ချင်း ညချင်း ဖျက်သိမ်းနိုင်လိမ့်မယ်လို့ မမျှော်လင့်သင့်ဘူး။ ဒီလိုဖြစ်ဖို့ဆိုတာ စစ်မှန်ပြီး မြင်သာတဲ့ လူ့အခွင့်အရေး တိုးတက်မှုရှိမှသာဖြစ်နိုင်မယ်” ဟု ယန်ဟီးလီက ပြောသည်။ ပိုမိုပြင်းထန်သော ဖိအား ယန်ဟီးလီ၏ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် တပ်မတော်တို့အကြား တင်းမာမှုများဖြစ်ပွားနေချိန်နှင့် လည်း တိုက်ဆိုင်နေသည်။ ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်လျှင် နှစ်ဖက်လုံးတို့သည် အမြင်ချင်း တူကြပြီး ပြင်ပဖိအားကို ခုခံကြသည်။ သို့သော် အစိုးရ၏ သံတမန်ရေးထိုးစစ်သည် အလားတူ အကျပ်အတည်းများ ရင်ဆိုင်ရသော အိမ်နီးချင်းနိုင်ငံများ၏ လုပ်နည်းလုပ်ဟန်နှင့် နှိုင်းယှဉ်ပါက ထိရောက်မှု မရှိပေ။ အာဏာရပြီး ၂ နှစ်မျှပင် မပြည့်သေးမီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး မြင့်မားလာသော ပြည်တွင်းပြည်ပ ဖိအားများကို ရင်ဆိုင်နေရသည်။ အင်အားအကြီးမားဆုံး အတိုက်အခံဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ၎င်း၏ မဟာမိတ်များသည် လွန်ခဲ့သောအပတ်က တိုင်းပြည်၏ လက်ရှိအခြေအနေကို ၂ ရက်ကြာ ဆွေးနွေးပြီးနောက် အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိ သော စာတစောင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးပို့ခဲ့သည်။ ထိုစာတွင် ရခိုင် ပြည်နယ်အခြေအနေကို ကိုင်တွယ်ရန် ၎င်းတို့က တပ်မတော်အကြီးအကဲကို တောင်းဆိုထားသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို စစ်အစိုးရခေတ် ၁၉၉၃ ခုနှစ်က လူထုအဖွဲ့အစည်းအနေဖြင့် ဖွဲ့စည်းခဲ့သည်။ ယခင် နာယကဟောင်းတဦးမှာ ယခုအနားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်သည်။ လက်ရှိ ပါတီခေါင်းဆောင် များသည် ဗိုလ်ချုပ်ဟောင်းများဖြစ်သည်။ အရပ်သားများတိုက်ခိုက်ခံရခြင်း၊ မွတ်စလင်နှင့် ဗုဒ္ဓဘာသာအသိုင်းအဝန်း ၂ ခုလုံးအပေါ် အကြမ်းဖက်မည်ဟု ခြိမ်းခြောက် ခြင်းများ၊ မွတ်စလင်စစ်သွေးကြွများ၏လက်နက်များနှင့်လိုဏ်ခေါင်းများ တွေ့ရှိခြင်းတို့ကြောင့် လုံခြုံရေးအခြေနေကို ကိုး ကားပြောဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ၎င်း၏မဟာမိတ်များက ရခိုင်ပြည်နယ် မလုံခြုံသော နေရာ များ၌ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရန် ယခုလ အစောပိုင်းက တောင်းဆိုခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏တောင်းဆိုမှုနှင့် ပတ်သက်ပြီး သြဇာကြီးမားသော မြန်မာစစ်ဘက်ခေါင်းဆောင် များက တုံ့ပြန်ခြင်း မရှိသေးပေ။ ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေ ဆိုးရွားလာသောကြောင့် စစ်ဘက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီ အစည်းအဝေး ခေါ်ယူလိုသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် သမ္မတ၊ ဒု သမ္မတ ၂ ဦး၊ ပြည်သူ့လွှတ် တော်နှင့်အမျိုးသားလွှတ်တော် ဥက္ကဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေး၊ ပြည် ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးများ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။ အစိုးရက ရခိုင်ပြည်နယ်အခြေအနေအပါအဝင် လုံခြုံရေးရာများအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အ စည်းအဝေး သဘောတစိတ်တပိုင်းသာပါသည့် အစည်းအဝေးများ ကျင်းပခဲ့သော်လည်း အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး တကြိမ်မျှ မခေါ်ရသေးပေ။ The post ကုလသမဂ္ဂစိတ်ပျက်သလို အားလုံးလည်း စိတ်ပျက် appeared first on ဧရာဝတီ.
Source : http://ift.tt/2v29T7Y
via IFTTT

No comments:

Post a Comment