Friday, July 28, 2017

ကျောက်ပန်းတောင်း တရားမဝင် အဆောက်အအုံကိစ္စ အမှုဖွင့်အရေးယူခြင်းမရှိ

ကျောက်ပန်းတောင်း တရားမဝင် အဆောက်အအုံကိစ္စ အမှုဖွင့်အရေးယူခြင်းမရှိ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ သာယာအေးရပ်ကွက်တွင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် မရှိဘဲ ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ထားသည်ဟုဆိုကာ လူစုလူဝေးဖြင့် ဖြိုဖျက်ခဲ့ပြီးဖြစ်သော်လည်း ယခုအထိ အမှုဖွင့် အရေးယူခြင်းမရှိကြောင်း ကျောက်ပန်းတောင်းရဲစခန်းမှ သိရသည်။ “ကျနော်တို့ စခန်းမှာတော့ ဒီကိစ္စကို အခုထိ အမှုဖွင့်တာမျိုး မရှိသေးပါဘူး” ဟု ရဲစခန်းမှာ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောသည်။ ဖြစ်စဉ်မှာ ဦးဟန်မြင့်ဦးဆိုသူ ပိုင်ဆိုင်သည့် အလျားပေ ၄၀၊ အနံ ၂၃ ပေရှိ အဆောက်အအုံသည် လွန်ခဲ့သည့် ၄ လခန့်မှ စတင်ကာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားပြီး အတွင်းဘက်၌ ရေကန်ငယ် ၃ ခု တွေ့ရှိသဖြင့် ဗလီအဆောက်အအုံနှင့် တူနေကြောင်း၊ ဗလီ ဆောက်လုပ်သည်ဟုဆိုကာ ယမန်နေ့ ညနေ ၅ နာရီမှ စတင်ပြီး လူဦးရေ ၄၀၀ ကျော်၊ ၅၀၀ နီးပါး စုဝေးလာပြီး ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် လူတဖြည်းဖြည်း များလာကြောင်း၊ အော်ဟစ်ပြောဆိုမှုများပါ ရှိလာသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့များက အဆောက်အအုံအတွင်း ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ NLD ပါတီဝင် ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က “လာကြည့်သူရော၊ အော်သူတွေပါ များလာလို့ တာဝန်ရှိသူတွေ စစ်ဆေးကြတော့ စည်ပင်ကို ဆောက်လုပ်ခွင့် တောင်းထားတာ မရှိဘဲ အဆောက်အဦ ဆောက်ထား တယ်။ လာတားတဲ့အချိန်မှာလည်း ဆက်ပြီးဆောက်တယ်လို့ ကြားတယ်။ ထောင်ချီနေတဲ့လူတွေ အော်ဟစ်နေတဲ့အတွက် မြို့ပေါ်မှာဆူပူမှု ဖြစ်လာနိုင်လို့ ကျနော်တို့ ဖျက်ပစ်တာပါ။ တာဝန်ရှိသူတွေ အားလုံး စည်းရုံးတိုင်ပင်ပြီး အုပ်ချုပ်ရေးအဖွဲ့ ပေါင်းစုံက ဖျက်တာပါ။ ဘတ်ဟိုးနဲ့ ဖျက်တာပါ” ဟု ရှင်းပြသည်။ အုပ်ချုပ်ရေးပိုင်းအပြင် ဘာသာရေးအဖွဲ့မှ ဘုန်းကြီးများကလည်း လူများကို မဆူပူရန်၊ အကြမ်းဖက်ခြင်း၊ ဆန္ဒပြခြင်းများ မပြုလုပ်ရန် တားဆီးကြကြောင်း၊ ယမန်နေ့ညအထိ အဆောက်အအုံ၏ ၃ ပုံ ခန့် ဖြိုချပြီး ဖြစ်ကြောင်း သိရသည်။ “အိမ်ရှင်ကလည်း မွတ်ဆလင်မဟုတ်ဘူး။ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ လောလောဆယ်တော့ရှောင်ပြီးထွက်ပြေးသွားတယ်။ မရှိတော့ဘူး။ ဘုန်းကြီးတွေ ဒီအဆောက်အဦ ဗလီဖြစ်ခြင်း၊ မဖြစ်ခြင်းထက် လူထုကို ထိန်းသိမ်းတဲ့အနေနဲ့ လာရောက်ပါဝင်တာပါ။ ကျနော်တို့က ဗလီရယ်လို့ စွပ်စွဲတာ မရှိဘူး။ လူထုက ဗလီလို့ ပြောဆိုတဲ့အတွက် ကျနော်တို့က စည်ပင်သာယာ ဥပဒေအရ ဖျက်တာပါ။” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။ ဒေသခံများကမူ အဆိုပါ အဆောက်အအုံအတွင်း ယမန်နေ့ နေ့လည်က အလံနက်တခု ဖြန့်ကြည့်နေသည်ကို တွေ့ရသဖြင့် ဗလီဆောက်လုပ်နေသည်ဟု ယူဆကာ လူစုဝေးလာခြင်းဖြစ်ကြောင်း၊ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည်ကိုလည်း တွေ့ခဲ့ရကြောင်း၊ ပိုင်ရှင်ဆိုသူသည် ကျောက်ပန်းတောင်း မှ မဟုတ်ဘဲ ညောင်ဦးဒေသခံဖြစ်သည်ဟု သိရကြောင်း ပြောဆိုမှုများရှိသည်။ (ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်) The post ကျောက်ပန်းတောင်း တရားမဝင် အဆောက်အအုံကိစ္စ အမှုဖွင့်အရေးယူခြင်းမရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2h7P19A
via IFTTT

No comments:

Post a Comment