အစ္စရေးက အရှေ့ဂျေရုဆလင်ရှိ အထွတ်အမြတ်နေရာ ပြင်ပတွင် သတ္တုရှာဖွေစက်များ အသုံးပြု စစ်ဆေးမှု ရပ်ဆိုင်း ဂျေရုဆလင်၊ ဇူလိုင်၂၅ အရှေ့ဂျေရုဆလင်ရှိ အထွတ်အမြတ် နေရာတွင် သတ္တုရှာဖွေစက် (Metal detector) များ အသုံးပြုစစ်ဆေးမှုအပေါ် ပါလက်စတိုင်းတို့က အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီးနောက် အသုံးပြုမှု ရပ်ဆိုင်းရန် အစ္စရေး အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အစ္စရေး အမျိုးသား လုံခြုံရေးဆိုင်ရာ ဝန်ကြီးများ ကော်မတီ(လုံခြုံရေး အစိုးရအဖွဲ့ဟုလည်းခေါ်ပြီး နိုင်ငံအများစု၏ လုံခြုံရေး ကောင်စီနှင့်တူညီသည်) တွင် မဲခွဲဆုံးဖြတ် အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး အတင်းအကျပ်လုပ်ရာ မရောက်သည့် အခြားစစ်ဆေးရေး နည်းလမ်းများဖြင့် အစားထိုးခဲ့သည်ဟု သိရှိရသည်။ သတ္တုရှာဖွေစက်များ အသုံးပြုခြင်းမှာ အဆိုပါ အထွတ်အမြတ်နေရာကို အတင်းအကျပ်ထိန်းချုပ်မှုဟု ပါလက်စတိုင်းတို့က ယူဆခဲ့ကြပြီး ဆူပူအုံကြွခဲ့ကြခြင်းကြောင့် လူအသေအပျောက်ရှိသည့် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့သည်။ အစ္စရေးအစိုးရကမူ လက်နက်များ ခိုးသွင်းလာမှုမှ ကာကွယ်ရန် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။ ဇူလိုင်လ ၁၄ ရက်နေ့က အထွတ် အမြတ်နေရာတွင် လက်နက်များကို ဝှက်ထားခဲ့သော အစ္စရေးနိုင်ငံသား ဖြစ်နေသည့် အာရပ်လူမျိုး သေနတ်သမားနှစ်ဦးက အစ္စရေးရဲနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် သတ္တုရှာဖွေစက်များ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဂျူးတို့အတွက် တောင်ထိပ်ဘုရားကျောင်း (Temple Mount) ဟုထင်ရှားပြီး မွတ်ဆလင်တို့အတွက် ဟာရမ်အလယ်ရှာ ရိဖ်အဖြစ် ထင်ရှားသည့် တောင်ကုန်းထိပ်တွင် တည်ရှိသော အထွတ်အမြတ်နေရာမှာ နိုင်ငံရေးအရ အလွန် ထိလွယ်ရှလွယ် ရှိသည့်နေရာတစ်ခုဖြစ်သည်။ ဂျူးတို့က ကျမ်းစာလာ သမိုင်းဝင် ဘုရားကျောင်းနှစ်ခုရှိရာ နေရာအဖြစ် အထွတ်အမြတ် ထားပြီး ဂျူဒါဝါဒတွင် အမြင့်မြတ်ဆုံးနေရာ ဖြစ်သည်။ မွတ်ဆလင်တို့ အတွက်ကလည်း အစ္စလာမ်ဘာသာတွင် တတိယမြောက် အမြင့်မြတ်ဆုံးနေရာ ဖြစ်သည့် အယ်လ်အက်ဆာဗလီဝင်း ဖြစ်နေသည်။ အရှေ့ဂျေရုဆလင်မှာ ၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲ နောက်ပိုင်းကတည်းက အစ္စရေး ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပိုနေမြဲကျားနေမြဲ (status quo) ဟု ရည်ညွှန်းလေ့ရှိသည့် ရှုပ်ထွေးသော အစီအမံများဖြင့် ထိုနေရာ၏ အုပ်ချုပ်ရေး၊ လုံခြုံရေးကို စီမံခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီဖြစ်သည်။ အစီအမံသစ်အရ အစ္စရေးသည် လုံခြုံရေးအတွက် တာဝန်ယူရပြီး ဂျော်ဒန်က ရန်ပုံငွေ ထောက်ပံ့ပေးထားသော ဂေါပက အဖွဲ့ Waqf က နေ့စဉ်ကွပ်ကဲရေးကို တာဝန်ယူရသည်။ သတ္တုရှာဖွေစက်များ အသုံးပြုလာခြင်းသည် ယင်း “ပိုနေမြဲကျားနေမြဲ”အခြေအနေကို ပျက်ပြားစေခြင်းဖြစ်သည်ဟု ပါလက်စတိုင်းသားတို့က ယူဆခဲ့ခြင်း ဖြစ်သည်။ အစ္စရေး လုံခြုံရေး အစိုးရအဖွဲ့က သတ္တုရှာဖွေစက်များ နေရာတွင် အဆင့်မြင့် နည်းပညာများ၊ အခြားနည်းလမ်းများ အသုံးပြုရန် ညွှန်ကြားခဲ့သည်ဟု အစ္စရေး ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ လာမည့်ခြောက်လအတွင်း အစ္စရေး ငွေကြေး ရှက်ကယ်လ် သန်း ၁၀ဝ (ဒေါ်လာ ၂၈ သန်း) ကုန်ကျသည့် အမည်မဖော်ပြသော လုံခြုံရေးစနစ်သစ်ကို ထားရှိသွားမည်ဖြစ်ကာ တပ်ဆင်မှု မပြီးစီးမီတွင် ရဲ အင်အား ထပ်တိုးချထားသွားမည်ဖြစ်သည်။ သို့သော်လည်း အထွတ်အမြတ် နေရာကို ကွပ်ကဲရသည့် Waqf ဂေါပက အဖွဲ့က အခြားနည်း မညွှန်ကြားမချင်း ဝတ်ပြုသူများ မလာရောက်ဘဲ ဆက်လက် သပိတ်မှောက်ကြရန် တောင်းဆိုထားသည်။ ပါလက်စတိုင်းသား အများစုမှာ သတ္တု ရှာဖွေစက်များ ရှိနေသမျှ ကာလပတ်လုံး မဝင်ရောက်ဘဲ မြို့ဟောင်းတွင်းရှိ လမ်းပေါ်မှသာ ဝတ်ပြုလျက်ရှိသည်။
Source : https://goo.gl/y4ougX
via IFTTT
No comments:
Post a Comment