Thursday, July 27, 2017

KIO က “ဝ” နှင့် နိုင်ငံရေး ပူးပေါင်းသည်ကို ကချင်လူထု မနှစ်သက်ဟု ဆို

KIO က “ဝ” နှင့် နိုင်ငံရေး ပူးပေါင်းသည်ကို ကချင်လူထု မနှစ်သက်ဟု ဆို ကချင် တိုင်းရင်းသားများ အတွက် ဆွေးနွေးမည့် နိုင်ငံရေးတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIO/KIA) က “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် ပူးပေါင်းလိုက်သည်ကို ကချင်ပြည်သူ အများစုက နှစ်သက် ခြင်း မရှိဟု ကချင် နှစ်ခြင်း ခရစ္စယာန် အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြော သည်။ ဒေါက်တာ ခလမ်ဆမ်ဆွန်က “ကျနော်တို့ ကချင်လူထုအများစုက ဝ နဲ့ ပူးပေါင်းပြီးတော့ နိုင်ငံရေး သွားတာကိုတော့ လက်မခံချင်ကြဘူး။ ဒါက ကချင်လူထုအများစုရဲ့ သဘောထားပါ”ဟု ဧရာဝတီကို ပြောပြသည်။ ကချင်လူထုအနေဖြင့် “ဝ” အပါအဝင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲများနှင့် နယ်မြေအရ စစ်ရေး ပူးပေါင်းသည်ကို နားလည် လက်ခံသော်လည်း နိုင်ငံရေးအရ ပူးပေါင်း ဆွေးနွေးမည်ကို မနှစ်သက်ခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။ အဓိက မနှစ်သက်ရသည့် အကြောင်းအချက်များမှာ “ဝ” ၏ ကျောထောက်နောက်ခံသည် တရုတ် ဖြစ်နေပြီး တရုတ် က ကွန်မြူနစ်ဝါဒ ဖြစ်ကြောင်း၊ ကွန်မြူနစ်ဝါဒအရ ဘာသာရေးတွင်လည်း လွတ်လပ်ခွင့် မရှိသဖြင့် မနှစ်သက်ကြောင်း၊ ထို့အပြင် “ဝ”ဒေသတွင်း သုံးနေသည့် ငွေကြေးမှာ တရုတ်ငွေ၊ ရုံးသံုံးစာများမှာလည်း တရုတ်စာများ ဖြစ်ခြင်းသည် လည်း တချက် အပါအဝင်ကြောင်း၊ “ဝ”နှင့် ပူးပေါင်းလိုက်ပါက တရုတ်က နောက်တွင် အလိုလို ကပ်ပါလာပြီဖြစ်သည် ဟု နားလည်ထားသဖြင့် ကချင်လူထုက လက်မခံနိုင်ခြင်း ဖြစ်ကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောဆိုသည်။ “ဝ နဲ့ ပူးပေါင်း ခြင်းက တရုတ်က ဘယ်လိုဖြစ်ဖြစ် ပါပြီးသားဆိုတာ သဘောပေါက်နေပြီးသားမို့ ကချင်လူထု က လက် မခံ နိုင်သေးဘူးလို့ ကျနော်တို့က သုံးသပ်တယ်”ဟုလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။ ဆက်လက်ပြီး ၎င်းက UWSA သည် မူးယစ်ဆေးဝါးနှင့် မလွတ်ကင်းသည့် အဖွဲ့အစည်းတခု ဖြစ်နေခြင်း ကြောင့်လည်း ကချင်ပြည်သူအများက သဘောမကျခြင်း ဖြစ်သည်ဟု ပြောသည်။ “မူးယစ်ဆေးဝါးနဲ့ မကင်းဘူးဆိုတာလည်း ကျနော်တို့ သိတာပေါ့။ ဘာသာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သန့်ရှင်း သော မူဝါဒ မဖြစ်ဘူး။ အဲ့ဒါကြောင့် ကျနော်တို့က စောင့်ပြီး ဘယ်အတိုင်းတာထိ KIO နဲ့ မြောက်ပိုင်းနဲ့ တွဲတဲ့ နေရာမှာ အထူးသဖြင့် ဝပေါ့ သူတို့ဘယ်လော်အထိ သွားမယ်ဆိုတာ စောင့်ကြည့် ရဦးမယ်”ဟု ဒေါက်တာ ခလမ်ဆမ်ဆွန် က ဆိုသည်။ UWSA အကြီးအကဲများက ၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်က “ဝ”တောင်ပိုင်း၊ ပုံပါကျင်မြို့နယ်သို့ သတင်းထောက်များ ကို ဖိတ်ခေါ်ပြီး ၎င်းတို့ ဒေသတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ဘိန်းစိုက်ပျိုးခြင်း မရှိတော့ကြောင်း ကြေညာထား သည်။ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် UWSA ၏ ပန်ဆန်းမြို့တွင် ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးအပြီးတွင် အစိုးရနှင့် ဆွေးနွေးနေသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု စာချုပ် (NCA) ကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ဘဲ အသစ်ဖွဲ့စည်းလိုက်သည့် UWSA ဦးဆောင်သော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် ပါဝင်ပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည်ဟု ကြေညာထားသည်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ကလည်း နုတ်ထွက်ထားသည်။ ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်ထိ လိုင်ဇာမြို့တွင် ပြုလုပ်သည့် လူထုနှင့် တွေ့ဆုံသော အစည်းအဝေးတွင် KIO က FPNCC တွင် ပါဝင်ရသည့် အကြောင်းအရာများ၊ FPNCC မှ ထုတ်ပြန်ထားသည့် နိုင်ငံရေး ဆွေးနွေးမှုအပေါ် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ၏ အထွေထွေမူဝါဒ၊ ရပ်တည်ချက်များ၊ တိုက်ပွဲများ ချုပ်ငြိမ်းရန် နည်းလမ်းများ ရှာဖွေ နေကြောင်းများကို ပြောပြပြီး လူထုကလည်း FPNCC နှင့် ပတ်သက်၍ အကြံပြုစာများ ပေးကြသည်ဟု KIO ဗဟို ကော်မတီ က သတင်း ထုတ်ပြန်ထားသည်။ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက KIO အနေဖြင့် UNFC တွင် ပါဝင်ပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးရန် ပါဝင်လာခဲ့သော်လည်း နိုင်ငံရေး လမ်းကြောင်းမှာ ပိတ်ဆို့သွားသဖြင့် FPNCC တွင် ပြောင်းလဲ ပါဝင်ရခြင်း ဖြစ်ကြောင်း၊ ဝ ဦးဆောင် ကော်မတီ FPNCC တွင် ပါဝင်သည်ကို ဝေဖန်မှုများ ရှိကြသော်လည်း လိုင်ဇာမြို့ တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောပြသဖြင့် လူထုကလည်း နားလည်သွားကြပြီ ဖြစ်ကြောင်း ဧရာဝတီကို ဇူလိုင်လ ၁၈ ရက် က ပြောဆိုထားသည်။ KIO က ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစပြီး နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ ကချင်လူထုကို ချပြ ဆွေးနွေး တိုင်ပင်ခြင်း၊ သဘောထားယူခြင်းများ ရှိပြီး လူထုက သဘောမတူပါက ဆုံးဖြတ်ချက်များ တစုံတရာ မချရန် မူဝါဒတရပ် ချမှတ် ထားကြောင်း သိရသည်။ ဒေါက်တာ ခလမ်ဆမ်ဆွန်ကမူ “FPNCC ရဲ့ မူဝါဒတွေ အသေးစိတ်ကိုတော့ KIO က လူထုကိုရှင်းပြတာ မရှိသေးဘူး။ သူတို့ ရေးဆွဲထားတဲ့ မူဝါဒတွေတော့ ရှိတယ်။ အဲ့ဒါတွေ ရှင်းပြဖို့ သူတို့ လုပ်ဦးမယ် ထင်တယ်။ ထပ်ပြီး ချပြပါလိမ့် မယ်။ အဲ့ဒီမှာတော့ အဖြူအမည်းက ပိုပြီး သိသိသာသာ ရှိလာပါလိမ့်မယ်” ဟု ပြောဆိုသည်။ KBC သည် ဘာသာရေး အဖွဲ့အစည်းတခုဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ကချင် တိုင်းရင်းသားများကို ဦးဆောင်သူ ခေါင်းဆောင်များ အခန်းကဏ္ဍတွင် အပါအဝင်ဖြစ်သည်။ KBC ကို ၁၈၇၇ ခုနှစ်က စတင်တည်ထောင်ထားပြီး နယ်အသင်းတော်များအဖွဲ့ ၁၅ ဖွဲ့၊ အသင်းတော်ပေါင်း ၄၂၀ နှင့် အသင်းသူ အသင်းသား စုစုပေါင်း ၄သိန်းကျော်ဖြင့် ဖွဲ့စည်းထားသည်။ ဇူလိုင်လ ၂၄ ရက်ကလည်း KBC က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ကချင် စစ်ဘေး ရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေး၊ ထောက်ပံ့ရေး နှင့် ကလေးငယ်များ မြို့ပေါ်တွင် ကျောင်းတက်နိုင်ရေး ကိစ္စများ၊ ငြိမ်းချမ်းရေးတွင် အဟန့်အတားဖြစ်စေသည့် ကိစ္စရပ်များကို သီးသန့် ဆွေးနွေးထားသည်။ The post KIO က “ဝ” နှင့် နိုင်ငံရေး ပူးပေါင်းသည်ကို ကချင်လူထု မနှစ်သက်ဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2ePHtYq
via IFTTT

No comments:

Post a Comment