မရှင်းလင်းသေးတဲ့ အလံတရာဇာတ်လမ်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတရာနယ်မြေမှာ မိန်းကလေးတွေကို ပန်းဦးလွှတ်တယ်ဆိုတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လိုု့ ဥပဒေကြောင်းအရ တရားစွဲထားတာတွေ ရှိလာပါပြီ။ ပန်းဦးလွှတ်တယ်ဆိုတဲ့ ဝန်ခံချက်မျိုး မရှိသေးပေမယ့် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို အတင်းအဓမ္မပေါင်းသင်းတဲ့ ရာဇဝတ်မှုအဖြစ် တရားစွဲဆိုထားပါတယ်။ ပန်းဦးလွှတ်တယ်ဆိုတာ သမီးပျိုတွေကို သွားရောက်ဆက်သရတဲ့ အရည်းကြီးခေတ်က လုပ်ရပ်မျိုး ဖြစ်ပြီး အခုဖြစ်စဉ်ကတော့ ဘာသာရေးကို အကြောင်းပြုလို့ မိန်းကလေးငယ်တွေကို တယောက်ပြီး တယောက် ကာမရယူနေတဲ့ဖြစ်ရပ်ပါ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတရာနယ်မြေအတွင်း ဘဘုရားလို့နာမည်ကြီးနေတဲ့ ခွန်တန် (ခေါ်) ဇာတ်လိုက်ကို ဒေသခံတွေက အရိမေတ္တေယျဘုရားလောင်းလို့ ယုံကြည်ထားကြပါတယ်။ ကွယ်လွန်တော်မူသွားတဲ့ အလံတရာဆရာတော် ဝင်စားတယ်လို့လည်း ယုံကြည်ပြီးကိုးကွယ်နေကြ တာလည်း ဖြစ်ပါတယ်။ ဘာကြောင့်ယုံကြည်တယ် ဘယ်လိုအစွမ်းတွေကြောင့် ကိုးကွယ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ကိုတော့ အလံတရာနယ်မြေအတွင်း နေထိုင်ကြတဲ့ သူတွေကိုယ်တိုင်တောင် မပြောပြနိုင်ကြတာကို တွေ့ရပါတယ်။ ခွန်တန်နဲ့ လက်ချည်ရတဲ့ အကြောင်းအရင်း ၃ ချက်ရှိတာကိုတွေ့ရပါတယ်။ ပထမတချက်ကတော့ ခွန်တန်ဟာ ဘုရားလောင်းလို့ ယုံကြည်ထားတာကြောင့် ဘုရားလောင်းနဲ့ လက်ထပ်ထိမ်းမြားတဲ့ မိန်းကလေးဟာ မြင့်မြတ်တဲ့မိန်းကလေးလို့ ယုံကြည်ကြခြင်းဖြစ်ပါတယ်။ ဒုတိယတစ်ချက်တော့ လက်ချည်ပွဲ ကျင်းပပေမယ့် မိန်းကလေးတွေကို လက်နဲ့တောင်မထိပါဘူးဆိုတဲ့ ဝါဒဖြန့်မှုတွေကြောင့် သမီးရှင်တွေဘက်ကလည်း ယုံယုံကြည်ကြည်နဲ့ သမီးတွေကို ခွန်တန်လက်ထဲ အပ်လိုက်ကြတာဖြစ်ပါတယ်။ တတိယအချက်တော့ လက်ချည်တဲ့ မိန်းကလေးငယ်တွေကို လက်ဝတ်တန်ဆာတွေ ဆင်မြန်းပေးတာ ကြောင့်လို့ ဆိုပါတယ်။ လက်ချည်တယ်ဆိုတာကတော့ ဓလေ့ထုံးတမ်းအရ လက်ထပ် ထိမ်းမြားတာကို ဆိုလိုတာပါ။ ဒီဖြစ်ရပ်တွေ စတင်ခဲ့တာကတော့ ၂၀၁၄ ခုနစ်ကဖြစ်ပါတယ်။ ခွန်တန်ရဟန်းဝတ်နဲ့ ရှိနေစဉ် ဘေးမှာရှိ တဲ့ ဂေါပကနဲ့ နိဗာန်ဆော်တွေက ဘုရားလောင်းတို့မည်သည် အိမ်ထောင်ပြုရမည်လို့ဆိုတာက တကြောင်း၊ အိမ်ထောင်ပြုဖို့ ရွေးချယ်ခံရတဲ့ မိန်းကလေးဟာလည်း မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ စတင် ဝါဒဖြန့်လာကြတာတစ်ကြောင်းနဲ့ အစပျိုးလာတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ လက်ထပ်ထိမ်းမြားပွဲတခုကို ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ လက်ထပ်ပွဲပြီး မကြာခင်မှာပဲ အခုလာရောက်တိုင်ကြားတဲ့ ဦးဝင်းညွှန့်ရဲ့သမီးနဲ့ ထပ်မံ ထိမ်းမြားခဲ့ပါတယ်။ “မိန်းကလေးချောချောတွေ့တာနဲ့ ငါ့အတွက် သွားမေးပေးဆိုပြီး သူ့အခြွေအရံတွေကို ခိုင်းတာ။ နင်တို့ မပေးစားဘူးဆိုရင် ဦးဇင်းကို မျက်ရည်ကျအောင်လုပ်တယ်ဆိုတဲ့ ခြိန်းခြောက်မှုတွေနဲ့ သမီးပျို မွေးထားတဲ့မိဘတွေကို မလုံခြုံတဲ့ အခြေအနေဖန်တီးနေတယ်” လို့ ခွန်တန်ခေါ် ဇာတ်လိုက်နဲ့ လက်ထပ်ခဲ့ရတဲ့ သမီးနှစ်ယောက်ရဲ့ဖခင် ဦးဝင်းညွှန့်ကပြောပါတယ်။ လက်ရှိတိုင်ကြားစာအရ အလံတရာနယ်မြေအတွင်း ခွန်တန် (ခေါ်) ဇာတ်လိုက်နဲ့ လက်ချည်ဖူးတဲ့ အမျိုးသမီးငယ်ပေါင်း ၆ ဦးရှိပြီး စာရင်းကောက်ခံလို့မရသေးတဲ့ အမျိုးသမီးငယ်တွေလည်း ၁၅ ဦးထက်မနည်း ရှိတယ်လို့သိရပါတယ်။ ဓလေ့ထုံးတမ်းအရ လက်ထပ်ထိမ်းမြားတာကို ဆိုလိုတာပါ။ အလံတရာမှာ သူ့ရဲ့ရှေးဘဝတွေက မိန်းမတွေဖြစ်တယ်ဆိုပြီး မိန်းကလေးငယ်ချောချောတွေကို ယူထားတာလို့ အလံတရာနယ်မြေ ဗုဒ္ဓသစ္စာ ၃ လမ်းမှာ နေထိုင်တဲ့ ဦးဝင်းညွှန့်ကပြောပါတယ်။ “ကျနော်ကတော့ လက်မခံနိုင်ဘူး။ သူက ဒီလတယောက်နဲ့လက်ချည်တယ်။ ပြီးရင်ပစ်ထားခဲ့ပြီလေ။ နောက်လကျ နောက်တယောက်ယူတယ်” ဦးဝင်းညွှန့်က ဆက်ပြောပြပါတယ်။ ခွန်တန်နှင့် လက်ချည်ပေးခဲ့ရသည့် ဦးဝင်းညွှန့်၏ ပထမသမီးတယောက်မှာ ဦးဝင်းညွှန့် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေစဉ်က တရားဝင်လက်ချည်တာမျိုးမဟုတ်ပဲ ညမိုးချုပ်မှာ လာရောက် ခေါ်ဆောင်သွားခြင်းမျိုးဖြစ်ပြီး သိဒ္ဓိမြောက်အောင် ခေါ်ဆောင်ရတာလို့ ဆိုခဲ့တယ်လိုု့ သိရပါတယ်။ ဒုတိယ လက်ချည်းပေးခဲ့ရတဲ့ သမီးငယ်ကတော့ အသက် ၁၆ နှစ်တောင် မပြည့်သေးဘဲ ကျောင်းတက် နေစဉ်အတွင်း ခေါ်ယူခံရတာ ဖြစ်ပြီး သမီးဖြစ်သူ ကျောင်းမရောက်တာသိမှ လိုက်လံစုံစမ်းရင်း ခွန်တန်က လက်ချည်ဖို့အတွက် ခေါ်ထားတယ်ဆိုတာကို သိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အလံတရာ နယ်မြေအတွင်းမှာတော့ အများစုက ခွန်တန်ကို ယုံကြည်ကြသူတွေဖြစ်ပြီး သမီးဖြစ်သူတွေနဲ့ ခွန်တန်ကို လက်ချည်ဖို့ မိခင်တွေကိုယ်တိုင်က သဘောတူနေကြတာပါပဲ။ ဒါကြောင့် ယခု ဒီလုပ်ရပ်ကို လက်မခံနိုင်တဲ့ ဦးဝင်းညွှန့်ကို ဘုရားလောင်းကို စိတ်ဆင်းရဲအောင်လုပ်တဲ့သူလို့ သတ်မှတ်ကြပါတယ်။ ဦးဝင်းညွှန်ရဲ့သမီးကြီးဟာ အခုဆိုရင် ပအို့ဝ်ကျောင်းဆရာမအဖြစ် ပအို့ဝ်ဘာသာစာပေကို သင်ကြား ပေးနေပြီး သမီးငယ်တော့ ၇ တန်းအထိ ကျောင်းနေခဲ့ရကာ အခုချိန်မှာတော့ ကျောင်းဆက်တက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ “အခုဆို အငယ်မက ကျောင်းလည်း ဆက်မတက်ချင်တော့ဘူး။ ဆရာမလည်း လုပ်လို့မရတော့ဘူး။ အသက်ကလဲ မပြည့်သေးဘူးလေ။ သူများမိသားစုကို ဒုက္ခရောက်အောင်လုပ်တာ။ လုံးဝလက်မခံနိုင်ဘူး” လို့ ဦးဝင်ညွှန့်က ဆိုပါတယ်။ သမီးငယ်ဟာ ကျောင်းတက်စဉ်က ဘောလီဘောအားကစားကို ဝါသနာပါသူတယောက်ဖြစ်ပြီး သူနဲ့ အတူကစားတဲ့ အတန်းဖော်တွေဟာ လက်ရွေးစင်တွေအဖြစ် နိုင်ငံတကာမှာတောင် သွားရောက် ယှဉ်ပြိုင်နေကြပြီဖြစ်တာကြောင့် သမီးငယ်အတွက် အလွန်နှမြောမိကြောင်း ဦးဝင်းညွှန့်ကပြောပါတယ်။ အခုလိုပညာ တပိုင်းတစနဲ့ ကျောင်းထွက်လိုက်ရတာကြောင့် ကျောင်းဆရာမဖြစ်ဖို့ ရည်မှန်းချက်ကို လည်း စွန့်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။ ကျောင်းဆက်တက်ဖြစ်၊ မတက်ဖြစ်ဆိုတာကလည်း ကာယကံရှင် သမီးငယ်အပေါ် မူတည်တယ်လို့ပြောပါတယ်။ အလံနယ်မြေအတွင်း ကျောင်းနေအရွယ်ကလေးတွေဟာ ခွန်တန်ဖွင့်လှစ်ထားတဲ့ကျောင်းမှာပဲ ပညာ သင်ကြားနေရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အစိုးရပညာရေးကျောင်းကို ပညာရေး ပြီးဆုံးသည်အထိ တတ်ရောက်သူရှားပါးပါတယ်။ အလံတရာနယ်မြေအတွင်း အစိုးရမူလတန်းကျောင်း ၂ ကျောင်းသာရှိပြီး ဇရစ်ချောင်ကျေးရွာအုပ်စု အနေဖြင့် စုစုပေါင်းကျောင်း ၆ ကျောင်းရှိတယ်လို့ သိရပါတယ်။ မိန်းကလေးတွေက မူလတန်းထိသာ ပညာသင်ကြားတဲ့သူ တွေရှိသလို တနှစ်တက်လိုက်၊ တနှစ်နားလိုက်နဲ့ ကျောင်းပုံမှန်မတက်နိုင်ဘဲ အိမ်မှုကိစ္စတွေသာ လုပ်နေရတဲ့သူတွေလည်းရှိပါတယ်။ ဦးဝင်းညွှန်ရဲ့သားနှစ်ယောက်ဟာ ပညာတတ်တွေဖြစ်ပြီး သမီးနှစ်ယောက်ကိုလည်း ပညာကို ဆုံးခန်း တိုင် တက်ရောက်စေလိုပါတယ်။ အခုလို ခွန်တန်နဲ့ လက်ချည်ပြီးတဲ့မိန်းကလေးငယ်တွေဟာ ကျောင်းနေ အရွယ်တွေဆို ကျောင်းဆက်တက်ဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားကိုရောက်သွားပြီး အိမ်ထဲမှာပဲ အိမ်မှုကိစ္စ၊ ကျေးရွာကိစ္စ၊ ဘုရားဝေယျာဝစ္စကိစ္စတွေနဲ့သာ ဘဝကိုကုန်ဆုံးနေရတယ်လို့ သိရပါတယ်။ ခွန်တန်အမှုကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ စတင်တိုင်ကြားခဲ့တဲ့ ဦးခင်မောင်ကြည်ကတော့ ခွန် တန်ဟာ ပညာမသင်ကြားခဲ့ရသလို ဘုန်းကြီးခေါင်းပေါ်ခြေထောက်တင်တဲ့ ကိစ္စဖြေရှင်းတုန်းကလည်း ဝန်ချ တောင်းပန်လွှာမှာ လက်မှတ်ရေးထိုးဖို့တောင် သူလက်မှတ်မထိုးတတ်ဘူးလို့ မှတ်ချက် ပြုပါတယ်။ အလံတရာက ခွန်တန်ကို ယုံကြည်တဲ့သူတွေကတော့ ခွန်တန်ဟာ ကျောင်းမနေခဲ့ပေမယ့် မွန်၊ ကရင် နဲ့ အင်္ဂလိပ်စာကို ကောင်းကောင်း တတ်မြောက်ထားတယ်လို့ ယုံကြည်နေကြပါတယ်။ ဘုရားလောင်းလို့ သူတို့ယုံကြည်ထားကြတဲ့ ခွန်တန် (ခေါ်) ဇာတ်လိုက်နဲ့ လက်ချည်လိုက်ရင် မိန်း ကလေးတွေက မြင့်မြတ်သွားတယ်။ ခွန်တန်ကို ကိုးကွယ်ရင် ထူးထူးခြားခြား ပြောင်းလဲမှုတွေ ရှိလာတယ်လို့ ယုံကြည်ထားကြတဲ့ ရိုးသားတဲ့ အလံတရာနယ်မြေက လူတွေက အခုလို လက်ချည်ပြီးတဲ့ မိန်းကလေးငယ်တွေ အဆင့်မြင့်သွားတာ၊ ရာထူးတိုးသွားတာ၊ စီးပွားရေး ပြေလည်တာ၊ ချမ်းသာလာတာ စတဲ့ ထူးခြားမှုမျိုး မရှိတာကိုတော့ သတိထားမိပုံ မရကြပါဘူး။ “ဦးကြီး သမီးနှစ်ယောက်လုံးနဲ့ လက်ချည်တယ်လေ။ ဘာထူးခြားသွားလို့လဲ ဦးကြီးတို့ နေတဲ့တဲစုတ်က တဲစုတ်ပဲ ဘာမှမပြောင်းလဲသွားဘူး” လို့ ဦးဝင်းညွှန့်ကတော့ ခွန်တန့်ကို ယုံကြည်သူတွေကို လက်တွေ့ကျကျ ပြန်ချေပပြောဆိုလိုက်ပါတယ်။ ခွန်တန်နဲ့လက်ချည်ဖူးသူ ပအို့ဝ်တိုင်းရင်းသူ တယောက်ကတော့ ခွန်တန်က သူမရဲ့အသားကို လက် နဲ့တောင် မထိခဲ့ဘူးလို့ဆိုပါတယ်။ ခွန်တန်နဲ့လက်ချည်ပြီးချိန်မှာ အကုသိုလ်စိတ်ကင်းရှင်းသွားပြီး ခွန်တန်ကို ဘာသာတရားကိုင်းရှိုင်းသူ ဘုရားလောင်းအဖြစ်သာ သတ်မှတ်ထားကြဆဲဖြစ်ပါတယ်။ အခုလို မိန်းမတယောက်ပြီး တယောက်နဲ့ ထိမ်းမြားတာကိုလည်း လက်ချည်ခဲ့ဖူးတဲ့သူတွေ ကိုယ်တိုင်က အပြစ်မမြင်ကြပါဘူး။ “ကျနော်ကြားတာတော့ ပထမဆုံး လက်ထပ်တဲ့ကလေးမက ကိုယ်ဝန်ဖျက်ချရတယ်လို့တော့ ကြား တယ်။ အရပ်စကားအရြ ကားဖူးတယ်။ နောက်ကလေးမတွေကတော့ ကိုယ်ဝန်ရတာတွေဘာတွေ မကြားဘူး။ ဒါပေမယ့် လက်ဖျားနဲ့တောင် မတို့ဘူးဆိုရင် ဘာခေါ်စရာအကြောင်းရှိလဲ။ လက်ထပ်ပြီး မိဘအိမ်မှာ ထားခဲ့ပေါ့။ ဒါဆို ကျနော်တို့လက်ခံတယ်။ အခုတော့ နှစ်လ သုံးလခေါ်ထားတယ်။ ဘာလို့ခေါ်လဲ စဉ်းစားကြည့်ပေါ့” လို့ အလံတရာရဲ့ ခွန်တန်အမှုကို အမျိုးသမီးရေးရာကို စတင်တိုင်ကြားခဲ့တဲ့ ဇရစ်ချောင်ကျေးရွာက တပ်မတော် အရာရှိဟောင်း ဦးခင်မောင်ကြည်က ပြောပါတယ်။ ဒါကြောင့် အလံတရာနယ်မြေမှာ ပန်းဦးလွှတ်တယ်လို့နာမည်ကြီးနေတဲ့ဖြစ်ရပ်ရဲ့ အမှုဟာ ရှေ့ဆက် ဖို့အတွက် အခက်အခဲတွေ ရှိနေတာကို တွေ့ရပါတယ်။ အကြောင်းကတော့ ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင် လက်ချည်တာဟာ လက်ချည်ပွဲသက်သက်သာဖြစ်ပြီး ကာမလိမ်လည်ရယူတာ မရှိဘူးလို့ ပြောဆိုကြလို့ပဲဖြစ်ပါတယ်။ ခွန်တန်ကို အမှုဖွင့်အရေးယူရမယ့် အပိုင်းရှိသလို တဖက်မှာလည်း အလံတရာနယ်မြေအတွင်း ယုံကြည်မှု လွန်ကဲနေတဲ့ ဥပဒေနဲ့ ဆန့်ကျင်စွာပြုမူလုပ်ဆောင်မှုတွေကို သိရှိနားလည်စေဖို့ အသိပညာပေးပွဲတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း လူ့အဖွဲ့အစည်းက ထောက်ပြပြောဆိုမှုတွေ ရှိလာပါတယ်။ လွှတ်တော်အမတ်တယောက်ဖြစ်သလို မွန်ပြည်နယ်အမျိုးသမီးနဲ့ကလေးသူငယ်ဆိုင်ရာ ကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဒေါ်ခိုင်ခိုင်လဲ့ကတော့ အလံတရာနယ်မြေမှာ ပညာသင်ကြားဖို့အခွင့်အလမ်းတွေ များများဖန်တီးပေးဖို့လိုပြီး သမီးရှင်တွေအနေနဲ့လည်း မိန်းကလေးတွေကို ကျောင်းဆက်ထားဖို့ အသိပညာပေးမှုတွေ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။ “အမျိုးသားရော အမျိုးသမီးရော တန်းတူပညာသင်ကြားခွင့် တန်းတူ ဥပဒေရဲ့အကာအကွယ်ကို ယူခွင့်ရှိတယ်။ မှန်ကန်တဲ့နယ်ပယ်ထဲရောက်ဖို့ အခုချိန်မှာစပြီး လုပ်ရင်တော့ အချိန်မှီပါသေးတယ်။ ကျန်းမာရေး၊ ပညာရေး စတဲ့ဟောပြောပွဲတွေ လုပ်ပေးဖို့လိုတယ်။ အခုလည်း အသိပညာပေး ပွဲတွေလုပ်နေတယ်” လို့ မွန်ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကပြောပါတယ်။ ပညာရေးမြှင့်တင်ဖိုု့အတွက်ကတော့ အဓိကစိန်ခေါ်မှု သုံးချက်ရှိနေပါတယ်။ အဲဒါကတော့ စီးပွားရေး၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းအဆောက်အအုံနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့သုံးချက်ကို စတင် အကောင်အထည်ဖော်ရမှာဖြစ်တယ်လို့ လွှတ်တော်ကိုုယ်စားလှယ်က ဆက်လက်ပြောပြပါတယ်။ အလံတရာနယ်မြေအတွင်း မူလတန်းကျောင်းအဆင့်ရှိပြီး အထက်တန်းကျောင်းနဲ့ အနည်းငယ် အလှမ်းဝေးတယ်လို့ ဆိုပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ အမျိုးသမီးတွေအပေါ် ပိတ်ပင်တားဆီးတာမျိုး မရှိပေမယ့်လို့ အလံတရာနယ်မြေအတွင်း အထက်တန်းကျောင်း ပြီးဆုံးတဲ့အထိ ကျောင်းနေခဲ့ရတဲ့ မိန်းကလေး မရှိဘူးလို့လည်း ဦးခင်မောင်ကြည်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုချိန်မှာတော့ ခွန်တန် (ခေါ်) ဇာတ်လိုက်အပါအဝင် သူ့ရဲ့အပေါင်းအပါ ၆ ဦးကို အတင်းအဓမ္မပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၆၆၊ လူခိုးယူမှု ပုဒ်မ ၃၆၃၊ ပူးပေါင်းပါဝင်သူများကို အားပေးကူညီမှုပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့်ထားပြီလို့သိရပါတယ်။ စာရေးသူ ခက်ဆစ် သည် HI (Honest Information) မှ ဖြစ်ပြီး HI (Honest Information) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ The post မရှင်းလင်းသေးတဲ့ အလံတရာဇာတ်လမ်း appeared first on ဧရာဝတီ.
Source : http://ift.tt/2z6WOft
via IFTTT
No comments:
Post a Comment