Tuesday, November 21, 2017


အသစ်တိုး ဝန်ကြီးဌာနများ ထိရောက်မှု ရှိရန်လိုဟု ဝန်ကြီးဟောင်း ဦးစိုးသိမ်း ပြော အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက အသစ်ထပ်မံ ဖွဲ့စည်းမည့် အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့သည် ထိရောက်မှု ရှိရန် လိုအပ်ကြောင်း၊ ထိရောက်မှု ရှိမှသာ စွမ်းဆောင်ရည် ပြည့်ဝစွာ အလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းက ပြောကြားသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးစိုးသိမ်းက “အသစ်တိုးတဲ့ ဝန်ကြီးဌာနတွေက ထိရောက်ဖို့ လို တယ်။ အဖွဲ့အစည်းတွေ များပြီးတော့ အလုပ်ဖြစ်ဖို့လည်း လိုတယ်။ ဘာပဲလုပ်လုပ် ထိရောက်ရမယ်။ ထိထိရောက်ရောက် လုပ်ရမယ်။ စွမ်းရည် ပြည့်ပြည့် လုပ်ရမယ်။ အဖွဲ့ပေါင်း ၁၀၀၀ ဖွဲ့ထားပြီး ဘာမှ မတိုးတက်လည်း အလကားပဲ”ဟု နေပြည်တော်တွင် ပြောသည်။ ယခင် အစိုးရက ဖွဲ့ထားသည့် ဝန်ကြီးဌာနများသည် လိုအပ်၍ ဖွဲ့ထားသည်ကို ကြိုတင် စဉ်းစားသင့်ကြောင်း၊ သို့သော် မလုံလောက်ဟု တင်ပြလာခြင်း အပေါ် ထောက်ခံရဦးမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ အစိုးရဆိုသည်မှာ သက်တမ်းနှင့် အလုပ် လုပ်ရသည် ဖြစ်၍ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် တနှစ် နုတ်လိုက်ပါက NLD အစိုးရတွင် အချိန် ၂ နှစ်သာ ကျန်တော့ကြောင်း ၎င်းက ပြောဆိုသည်။ “ဘယ်တော့မဆို အဝေးကြီးမြင်မှ ရတာ။ ငါတို့ ဦးတင်နိုင်သိန်းတို့ လုပ်ခဲ့တုန်းကလည်း ဒီဝန်ထမ်းတွေနဲ့ လုပ်ခဲ့တာပဲ။ တို့ ထိန်းချုပ် နိုင်တယ်”ဟုလည်း သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းက ပြောသည်။ ဦးစိုးသိမ်းသည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အရေးပါသော ဝန်ကြီးတဦး ဖြစ်ခဲ့ပြီး သမ္မတရုံး၊ စက်မှု ဝန်ကြီး ဌာနများကို တာဝန်ယူ၍ တိုင်းပြည် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အဓိက တာဝန်ယူ ဆောင်ရွက်ခွင့် ရခဲ့သည့် သမ္မတ ဟောင်း ဦးသိန်းစိန်၏ လက်ရုံးတဦး ဖြစ်ခဲ့သည်။ “အဖွဲ့နည်းနည်းလေးနဲ့ လုပ်ရည်ကိုင်ရည် ရှိပြီးတော့ ထိရောက်အောင်လုပ်ရင် ပိုကောင်းတာပေါ့။ ပြည်ထောင်စု ဝန်ကြီး ဌာန ၂ ခု ဖွဲ့တာက လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဖွဲ့နိုင်ရင် တိုင်းပြည်ပို တိုးတက်မှာပေါ့။ ၂ နှစ် အချိန်မကုန်ဘဲ တိုးတက်မှာ ပေါ့။ အခုမှ ဖွဲ့တော့ ၂ နှစ် ဆုံးရှုံးသွားပြီ”ဟုလည်း ဦးစိုးသိမ်း က ဆိုသည်။ အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့အား ဦးသောင်းထွန်းနှင့် ဦးကျော်တင်တို့က တာဝန်ယူမည် ဖြစ်ပြီး အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းသည် အစိုးရ အဖွဲ့ရုံး ဝန်ကြီး ဖြစ်လာမည် ဖြစ်ပြီး နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဖြစ်လာတော့မည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးု ဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေကြမ်း တင်သွင်းခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် အခြား ကိစ္စရပ်များ ကဲ့သို့ များပြားသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက် နေရသောကြောင့် ယင်းသို့ ဆောင်ရွက်ရာတွင် သမ္မတအား တာဝန်ခံမည့် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦးကို ခန့်အပ်နိုင်ပါက ပိုမိုထိရောက်မည် ဖြစ်ကြောင်း ရှေ့နေချုပ်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဖွဲ့စည်း ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး၏ လက်ရှိဖွဲ့စည်းပုံ အင်အားဖြင့်ပင် ဆောင်ရွက်မည် ဖြစ်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေ ပိုမိုကုန်ကျမည် မဟုတ်ဟုလည်း ရှေ့နေချုပ် ဦးထွန်းထွန်းဦး က ဆိုသည်။ ဦးစိုသိမ်းကမူ “အရင်က အစိုးရအဖွဲ့အလုပ်က ညွှန်ချုပ်တယောက်ပဲ လုပ်တာ။ ချွေတာရေးဘက်က စဉ်းစားရင် သူ ဆက် လုပ်နိုင်တယ်။ နောက်တခု Development ဝန်ကြီး ဌာနဆိုတာ စီမံကိန်း ဝန်ကြီးက လုပ်တာ။ အဲဒီတော့ စီမံကိန်းနဲ့ ဘဏ္ဍာ ရေး ဝန်ကြီးဌာန လုပ်ရမယ့် အလုပ်ကို နောက်တခု ထပ်ပေးလိုက်တယ် ဆိုတာက ချွေတာရေးဘက်က ကြည့်ရင်တော့ မလိုဘူးလို့ ကျနော်က ပြောမှာ”ဟု ပြောဆိုသည်။ သို့သော် လျှပ်စစ် ဝန်ကြီးဌာန၊ အိုင်စီတီ ဝန်ကြီးဌာနတို့ သီးခြားစီရှိရန် လိုအပ်ပြီး ဥပမာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ဝန်ကြီး တယောက်တည်းဖြင့် မနိုင်ကြောင်း၊ ထိုနေရာများတွင် ဝန်ကြီးများ ဒုဝန်ကြီးများ အသစ်ခန့်အပ်နိုင်ပါက လက်ရှိ အစိုးရသည် ရှေ့သို့ အများကြီး တိုးတက် သွားနိုင်ကြောင်းလည်း ၎င်းက အကြံပြုသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေး ကလည်း “အပြည်ပြည် ဆိုင်ရာ ဆက်ဆံမှုကို သီးခြား လုပ်ချင်လို့ နေမှာပေါ့။ တကယ့် တကယ်တော့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဒီဆက်ရှင်တွေ ရှိပြီးသားပဲ။ ဒီတိုင်းသွားမယ် ဆိုရင် ပိုသင့်တော်တာပေါ့။ ဝန်ကြီးဌာနတခု တိုးပေမယ့်လည်း ဝန်ကြီးရုံးလည်း ထပ်မဖွဲ့ဘူး။ ဒီထဲမှာပဲ တိုးမယ်ဆိုတော့ ကျနော်တို့တော့ သိပ်ပြီးတော့ လက်လှမ်း မမီဘူး”ဟု ပြောသည်။ အာဏာရ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကမူ နိုင်ငံရေး ရှုထောင့်တွင်သာမက စီးပွားရေး ရှုထောင့် ကနေပါ အလုပ်လုပ်နိုင်ရန် ဖွဲ့စည်းလိုက်သည်ဟု အစိုးရက ရှင်းပြထားကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်ကို မထိခိုက်ဘဲ ဌာနတွင်းရှိသည့် ဝန်ထမ်းများနှင့်သာ ထပ်မံတိုးချဲ့မည် ဖြစ်ရာ ဘတ်ဂျက်နှင့် အုပ်ချုပ်ရေးပိုင်းတွင် မည်သည့် အပြောင်းအလဲမျှ ရှိမည် မဟုတ်ကြောင်း ပြောဆိုသည်။ “တခုရှိတာက နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ယခင်ကတည်းက ရှိခဲ့ပြီးသား ဝန်ကြီးဌာနဖြစ်တယ်။ ရှိပြီးသားကို ဆက်စပ် ဆောင်ရွက်ဖို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကို ဖွဲ့လိုက်တဲ့အခါမှာ တခုပဲ စိုးရိမ်ပူပန်တယ်။ ဝန်ကြီးဌာန အချင်းချင်း တခုနဲ့တခု လွှမ်းမိုးတာမျိုးလေးတွေ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောထားတာ ရှိပါတယ်”ဟုလည်း ဒေါ်ခင်စန်းလှိုင်က ပြောသည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး လုပ်ငန်း တာဝန်များ ကို ထမ်းဆောင်လျက်ရှိရာ တချို့သော နိုင်ငံတကာ အစည်းအဝေးများတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး တက်ရောက်ပြီး တချို့သော နိုင်ငံတကာ အစည်းအဝေးများတွင် ယခု ဖွဲ့စည်းမည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဌာန ဝန်ကြီးက တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အစိုးရ ဝန်ကြီးဌာန ၂၂ ခု ရှိရာ ယနေ့ ထပ်တိုးလိုက်သည့် ဝန်ကြီးဌာန ၂ ခု ပေါင်းလျှင် အစိုးရ ဝန်ကြီးဌာန ၂၄ ခု ရှိလာမည် ဖြစ်သည်။ The post အသစ်တိုး ဝန်ကြီးဌာနများ ထိရောက်မှု ရှိရန်လိုဟု ဝန်ကြီးဟောင်း ဦးစိုးသိမ်း ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2mJsAdu
via IFTTT

No comments:

Post a Comment