ထိုင်းတွင် ဂူသွင်း သဂြုႋဟ်ထားသော မြန်မာအမျိုးသမီး ရုပ်အလောင်းကို ပြန်ဖော်၍ စစ်ဆေးမည် ထိုင်းနိုင်ငံ လပ်ဘူရီမြို့တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့ပြီး ဂူသွင်းသဂြုႋဟ်ထားသော မြန်မာအမျိုးသမီး ရုပ်အလောင်း ကို ထိုင်း အထူးရဲတပ်ဖွဲ့က တူးဖော်၍ ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း အမှုမှန်ပေါ်ပေါက်ရေး လိုက်ပါ ဆောင်ရွက်နေ သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAC) က ပြောသည်။ လပ်ဘူရီမြို့နယ် ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုးတဦး၏ နေအိမ်တွင် အိမ်အကူအလုပ်နေသည့် အသက် ၁၇ နှစ်အရွယ် ကရင် တိုင်းရင်းသူ မညိုညိုအေး သည် ယခုနှစ် သြဂုတ်လ ၆ ရက်နေ့က ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့ပြီး ဂူသွင်း သဂြုႋဟ် ခဲ့ကြောင်း သိရသည်။ မညိုညိုအေး သေဆုံးမှုနှင့် ပတ်သက်၍ မိသားစုများက ကျေနပ်မှုမရှိ၍ တိုင်တန်းရာမှုကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး နှင့် AAC အဖွဲ့တို့မှ လိုက်ပါ ဆောင်ရွက်ပေးရာမှ တဆင့် ထိုင်းအထူးရဲတပ်ဖွဲ့ အုတ်ဂူဖွင့်၍ ရုပ်အလောင်းအား ပြန်လည် စစ်ဆေးရန် ဆောင်ရွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ AAC အဖွဲ့၏ အထွေထွေတာဝန်ခံနှင့် သတင်းပြန်ကြားရေး ဦးရဲမင်း က “သေနတ်ဒဏ်ရာနဲ့ သေတာကို အလုပ်ရှင်နဲ့ ထိုင်း ရဲတွေက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ် ဆိုပြီးတော့ လုပ်ထားတယ်။ အဲဒီအမှုကို မကျေနပ်လို့ မြန်မာသံရုံးနဲ့ ကျနော်တို့နဲ့ ထိုင်း အထူးရဲတပ်ဖွဲ့တခုနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ ကြိုးစားနေတာ” ဟု ဧရာဝတီသို့ ပြောသည်။ မညိုညိုအေး၏ ရုပ်အလောင်းကို ဥပဒေအရ တူးဖော် ပြန်လည်စစ်ဆေးရန် အတွက် ခွင့်ပြုချက်ရရှိထားပြီးဖြစ်၍ ထိုင်းအထူး ရဲတပ်ဖွဲ့ နှင့် အတူ မြန်မာသံရုံး အလုပ်သမား သံအရာရှိများ၊ AAC တာဝန်ရှိသူများက အုတ်ဂူကို နိုဝင်ဘာ ၁ ရက်နေ့က သွားရောက် စစ်ဆေးခဲ့ပြီး ယခုရက်ပိုင်း အတွင်း ဂူဖွင့်၍ ရုပ်အလောင်းအား စစ်ဆေးမှုများ ဆက်လက် ပြုလုပ် တော့မည် ဖြစ်သည်ဟု သိရသည်။ မညိုညိုအေး သေဆုံးမှုသည် ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသေဆုံးကြောင်း ရဲက ထွက်ဆိုထားသော်လည်း ညာဘက် နားရင်း မှ ပစ်သွင်းခံရသော သေနတ်ဒဏ်ရာနှင့် ကျည်ဆန်ခွံ ၂ ခုအပါအဝင် သံသယဖြစ်စရာ အခြေအနေများ ရှိနေခြင်းကြောင့် ထိုအမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိရေး အတွက် မညိုညိုအေး၏ အစ်မ ဖြစ်သူက ဘန်ပုံနယ်မြေ ရဲစခန်းတွင် အမှုဖွင့် ထားသည်ဟု ဆိုသည်။ ဦးရဲမင်း က “သေနတ်ဒဏ်ရာက ညာဘက်ကနေ ဖောက်ထွက်သွားတယ်။ ကောင်မလေးက ဘယ်သန်၊ သေနတ် ဒဏ်ရာ က ညာသန်ပစ်သလို ဖြစ်နေတယ်။ နောက်ပြီး သေနတ်ဒဏ်ရာ တချက်တည်း ပေမယ့် ကျည်ခွံက ၂ ခုတွေ့နေရတယ်။ နောက် အလောင်းကိုလည်း ဘယ်မှမတင်ဘဲနဲ့ ထိုင်း-မြန်မာ နယ်စပ်က အမျိုးတွေရှိတဲ့ ကရင်ရွာကို သွားပို့တယ်” ဟု ပြော သည်။ အမှုနှင့်ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးမှ အလုပ်သမား သံအရာရှိတချို့ထံ ဧရာဝတီ က ဆက်သွယ်ခဲ့သော် လည်း မရခဲ့ပါ။ မညိုညိုအေးသည် ပုလောအလောက်မြို့နယ် ဇာတိဖြစ်ပြီး ထိုင်းအလုပ်ရှင်အိမ်တွင် အစ်မဖြစ်သူနှင့်အတူ အိမ်အကူ အလုပ် ကို လုပ်ကိုင်နေသည်မှာ ၃ နှစ် ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း၊ ၎င်းသေဆုံးချိန်တွင် အစ်မ ဖြစ်သူသည် တခြားနေရာသို့ ရောက် ရှိ နေကြောင်း၊ အိမ်ပိုင်ရှင်က မညိုညိုအေးနှင့်အတူ အလုပ်လုပ်ခဲ့သည့် မြန်မာ မိန်းကလေး တဦးထံ ဆက်သွယ်၍ အဆုံး စီရင် ၍ သေသွားကြောင်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ မညိုညိုအေး သေဆုံးမှုနှင့်ပတ်သက်ပြီး ထိုင်း သတင်းမီဒီယာများကလည်း တစိုက်မတ်မတ် မေးခွန်းထုတ်လျက်ရှိပြီး ရုပ် အလောင်း စတွေ့စဉ်ကတည်းက အဓမ္မပြုကျင့်ထားမှု ရှိမရှိအပါအဝင် အမှုအား စနစ်တကျ စစ်ဆေးမှု မရှိဟု ဆိုကာ ထိုင်း ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုများ ရှိနေသည်။ ဆက်စပ်ဖတ်ရှုရန် – ထိုင်းတွင် မြန်မာအိမ်အကူ တဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး The post ထိုင်းတွင် ဂူသွင်း သဂြုႋဟ်ထားသော မြန်မာအမျိုးသမီး ရုပ်အလောင်းကို ပြန်ဖော်၍ စစ်ဆေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2ykRSnM
via IFTTT
No comments:
Post a Comment