မိုးဝေး သို့မဟုတ် ကဗျာစစ်စစ်ကိုသာ ရေးချင်သူ ကဗျာဆရာ မိုးဝေးကို ၁၉၆၉ နှစ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ ပါ တယ်၊ လက်ရှိ ရန်ကုန်မှာ နေထိုင်ပြီး၊ သူနေထိုင်ရာ အထပ်မြင့်တိုက်ခန်းမှာတော့ စာအုပ်ပုံများနှင် ပြည့်နှက်လျှက်ရှိပါတယ် မိုးဝေးဟာ ကဗျာဆရာတဦးသာမက မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံးသော ကဗျာထုတ်ဝေသူ တဦး လည်းဖြစ်ပါတယ်။ မေး။ ။ ခင်ဗျားကဗျာတွေကို ဘယ်လိုစတွေ့ခဲ့တာလဲ။ ဖြေ။ ။ကျနော်ကို ဧရာဝတီတိုင်းက ရွာလေး တရွာမှာ မွေးတယ်။ အဖေက ရွာမှာ သူကြီး။ သူ့မှာက ဥပဒေစာအုပ်တွေ ရှိတယ်။ ရွာကို အုပ်ချုပ်ဖို့က ဥပဒေအကြောင်း နည်းနည်းပါးပါး လေ့လာဖို့ လိုတယ်လေ။ ကျနော်က ငယ်ငယ်ကတည်းက စာဖတ်တာကို ကြိုက်တာ။ ဒါပေမယ့် ဖတ်စရာက ဥပဒေစာအုပ်တွေပဲရှိတယ်။ အဲဒီ့စာအုပ်တွေက ဥပမာတွေပေးပြီး ပုံပြင်လိုမျိုးရေးထာထားတော့ နားလည်ရတော့လွယ်ပါတယ်။ အဲဒီ့စာအုပ်တွေက ကျနော် ပထမဆုံး ဖတ်ဖူးတဲ့ စာအုပ်တွေပဲ။ အလယ်တန်းကျောင်းကို မြို့လေးတမြို့က ဘုန်းကြီးကျောင်းမှာ နေရင်းနဲ့ တက်ခဲ့တယ်။ အဲဒီ့ကျောင်းက ရဟန်းငယ်တွေ က ကွန်ဖူးဝတ္ထုတွေကို ဘာသာပြန်ဖူးတယ်။ အဲဒီ့နောက်တော့ ကျနော်အချစ်ဝတ္ထုတွေ စဖတ်တယ်။ ကျောင်းစာမှာ သင်ရ တဲ့ ကဗျာကိုလည်း စိတ်ဝင်စားလာတယ်။ ကဗျာတွေထဲမှာပါတဲ့ ကလောင်နာမည်တခုကို မှတ်မိသေးတယ်။ “အမည်မသိ ရှေးစာဆို” တဲ့။ ဘယ်လောက် ကဗျာဆန်လိုက်သလဲ။ ကလေးတိုင်းကတော့ ကဗျာဆရာဖြစ်မလာဘူး။ ဒါပေမယ့် ကျနော်ကတော့ ဖြစ်လာတယ်။ ၇တန်းကျောင်းသားအရွယ်ကတည်းက ကဗျာစရေးလာတာ။ အဲဒီ့နောက် ကျနော်တို့ ရန်ကုန်ကိုရွှေ့လာတယ်။ မဂ္ဂဇင်းတွေကို လက်လှမ်းမီလာတယ်။ ဝတ္ထုတို တွေလည်း ဖတ်လာ တယ်။ ကဗျာကိုသိပ်တော့ မဖတ်ဖြစ်ဘူး။ ကျနော့် သူငယ်ချင်း တွေကတော့ ကဗျာနဲ့တော်တော်လေး ရင်းနှီးနေကြပြီ။ သူတို့ကနေမှ တဆင့် ကဗျာဆိုတာ သီးခြား အနုပညာ လက်ရာတခုအဖြစ် တန်ဖိုးထားတတ်လာတယ်။ ကဗျာက ခင်ဗျား ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ၊ ခင်ဗျား ဘာတွေ ခံစားနေရလဲ ဆိုတာကို ပုံဖော်ပေးနိုင်တယ်။ အဲဒီ့နောက် ကဗျာတွေ ဝတ္ထုတိုတွေ စမ်းပြီးရေးကြည့်တယ်။ အဲဒီ့အချိန်တုန်းက ဘာမျှော်လင့်ချက်မှမထားပါဘူး။ ၁၉၉၀ နှစ်လယ်ပိုင်းမှာ ကဗျာဆရာတယောက်နဲ့ ဆုံတယ်။ ကျနော် ကဗျာကိုချစ်သွားတယ်။ ဆယ်တန်း၂ခါကျပြီးတော့ ၁၉၉၁ခုနှစ်မှာ အိမ်ထောင်ကျတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်လို့ ကျောင်းတွေလည်း ခဏ ခဏ ပိတ်ရတယ်။ ကျနော့် အိမ်နားမှာပဲ ပရိဘောဂဆိုင်ရယ်၊ လက်ဖက်ရည်ဆိုင်ရယ်ဖွင့်တယ်။ ပြီးတော့ ဆေးဆိုင်ဖွင့်တယ်။ မေး။ ။ကဗျာစာအုပ်တွေ ဘယ်လိုစထုတ်ခဲ့တာလဲ။ ဖြေ။ ။ ကျနော် စာအုပ်ဆိုင်တွေရောက်ဖြစ်ရင် ဘယ်သူမှ ကဗျာစာအုပ်တွေ ထုတ်ဝေတာ မတွေ့ရဘူး။ ကဗျာစာအုပ်တွေ ထုတ်ချင်လာတယ်။ ပိုက်ဆံချေးငှားပြီး ထုတ်ရတာပေါ့။ အဲဒီ့အချိန်ကဆိုရင် ကျနော့်မှာ ဆေးဆိုင်နဲ့ စာအုပ်ထုတ်ဝေရေးကြား ဗျာများနေရတယ်။ အဲဒီ့နောက်တော့ စာအုပ်ထုတ်ဝေရေးကိုပဲ ဇောက်ချလုပ်မယ်ဆိုပြီး ဆေးဆိုင်ကို ပိတ်လိုက်တာ ဒီနေ့အထိပဲ။ မေး။ ။ စာရောဘယ်လိုရေးလဲ။ ခင်ဗျားမှာ စာရေးဖို့အချိန်ရော သတ်သတ်မှတ်မှတ်ရှိလား။ ဖြေ။ ။ ကျနော်က အဲ့ဒီလိုမရေးဘူး။ တခြားလူတွေရဲ့ ကဗျာတွေဖတ်တယ်။ ပြီးရင် စာရေးဖို့ စေ့ဆော်မှု ရတယ်။ စာရေးဖို့ သီးသန့် အချိန်နေရာ မလိုဘူး။ လိုတာက စာရွက်နဲ့ ဘောပင်ပဲ။ မေး။ ။ ခင်ဗျားရဲ့ ရေးဟန်ကိုရော ခင်ဗျားဘာပြောချင်သလဲ။ ဖြေ။ ။ ကျနော်တို့ရေးနေတဲ့ မော်ဒန်ကဗျာတွေက ကာရန် နဘေတွေနဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေမရှိတော့ ရေးရတာ လွယ်မယ်လို့ ထင်ကြမှာပဲ။ ဒါပေမယ့် မလွယ်ပါဘူးဗျာ။ မော်ဒန်မှာလည်း ကျနော်တို့ နှစ်ပေါင်းများစွာလေ့လာ ခဲ့ရတယ် စနစ်တွေရှိတယ်။ ကဗျာတပုဒ်ဖတ်ပြီးသွားရင် ဒီကဗျာကတော့ ဘယ်ကဗျာနဲ့ဆင်တယ် ဘယ်ကဗျာကနေ ဆင်းသက် လာတယ် ဆိုတာမျိုး ကျနော်တို့ သိတယ်။ ကဗျာဆရာတယောက်က အရင်က ကဗျာဆရာတွေရဲ့ စည်းမျဉ်းတွေ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး သူ့ကိုယ်ပိုင်ဟန်အဖြစ်ပြောင်းလိုက်ရင်လည်း ကျနော်တို့က သိနေရမယ်။ အဲ့လိုမှမဟုတ်ရင် အပြင်လူတွေက ဒါမျိုးကို ကဗျာလို့ ထင်ချင်ထင်မယ်။ ဒါပေမယ့် အဲ့ဒါ ကဗျာမဟုတ်မှန်း ကျနော်တို့က သိနေရမယ်။ မေး။ ။ ပို့စ်မော်ဒန်မှာ ခင်ဗျားရဲ့ အခန်းကဏ္ဍအကြောင်းပြောပါဦး။ ဖြေ။ ။ လူတွေက ပို့စ်မော်ဒန် အကြောင်းကို ကြားတာနဲ့ အဲဒီ့ အကြောင်းကို စပြောကြရော။ အနောက်တိုင်း ပို့စ်မော်ဒန်တွေရဲ့ လွှမ်းမိုးမှုကလည်းရှိသေးတယ်လေ။ ပြီးတော့ ပို့စ်မော်ဒန်ရဲ့ စံနှုန်းတွေက ဘာလဲဆိုတာကို ပြောဆို လာကြတယ်။ ဒါပေမယ့် ဘယ်သူမှသတိမထားမိဘဲ ပို့စ်မော်ဒန်က မြန်မာနိုင်ငံမှာ ရှိနှင့်နေပြီးသားပါ။ ကျနော်တို့ရဲ့ နေ့စဉ် ဘဝထဲ မှာလည်း ပို့စ်မော်ဒန်ရှိတယ်။ လက်ကိုင်ဖုန်းတစ်လုံးကို ဒေါ်လာ ၁၅၀၀ဆိုတာ ဒီနိုင်ငံကလွဲလို့ တခြားဘယ်မှာမှ ဒီဈေးမျိုး မတွေ့ရဘူး။ အဲ့ဒါ ကျနော်အတွက်တော့ ပို့စ်မော်ဒန်တမျိုးပဲ။ ကျနော် အသက်ရလာတာနဲ့အမျှ ကဗျာစစ်စစ်တွေပဲ ရေးချင်တော့တယ်။ သန့်ရှင်းစင်ကြယ်တဲ့ ရေပြင်အကြောင်း။ ကောင်းကင်ပြာပြာအကြောင်း။ ပန်းကလေးတွေအကြောင်း။ ကျွန်တော့်ကို စာရေးချင်လာအောင် စေ့ဆော်တဲ့ ဘယ်အကြောင်းအရာမဆိုပေါ့။ ဘယ် ဝါဒကိုမှ မဆုတ်ကိုင် ထားတော့ဘူး။ မေး။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုက ကဗျာဆရာတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ။ ဖြေ။ ။ ကျနော့် ကဗျာရေးဟန်ကတော့ ဘယ်တော့မှမပြောင်းဘူး။ ကုန်ကြမ်းရှာတာနဲ့ စေ့ဆော်မှုရှာတာက အရင်အတိုင်းပဲ။ နိုင်ငံရေး အခြေအနေ ပြောင်းသွားရုံနဲ့တော့ ဒါတွေက ပြောင်းမှာမဟုတ်ဘူး။ လိုအပ်ရင် နိမိတ်ပုံတွေ သုံး တယ်။ ဆင်ဆာကို ကျော်လွှားနိုင်ဖို့က နိမိတ်ပုံသုံးကို သုံးရတယ်။ ဒါပေမယ့် ကဗျာ တော်တော် များများကတော့ အဲ့ဒါတွေ မသုံးဘဲ အမှန်တရားကို ဖော်ပြကြတယ်။ နိုင်ငံရေးကို သိသိသာသာ ရေးဖွဲ့ထားတဲ့ ကဗျာတွေကတော့ နိမိတ်ပုံကို အားကိုးရတာပေါ့။ စာရေးတယ်ဆိုတာ နိုင်ငံရေးပဲ ရေးဖွဲ့ ရတာမဟုတ်ဘူး။ ကဗျာဆရာစစ်စစ်တွေက နိုင်ငံရေး အကြောင်းပဲ တချိန်လုံး တွေးနေတာမဟုတ်ဘူး။ ကျနော်တို့တွေ နိုင်ငံရေးမပါတဲ့ အနုပညာလည်း ဖန်တီးကြတာပဲ။ ဒါပေမယ့် နိုင်ငံရေးပါတဲ့ ကဗျာတွေကတော့ စိတ်ဝင်စားမှုရကြတာပေါ့။ ဥပမာ မောင်ဆောင်းခရေးတဲ့ သမ္မတကြီးကဗျာ လိုပေါ့။ (သူ့လိင်အင်္ဂါပေါ်မှာ သမ္မတကြီးရဲ့ပုံကို တက်တူးထိုးထားတဲ့အကြောင်း ၂၀၁၅ခုနှစ်မှာရေးခဲ့တယ်။ အဲဒီ့လိုရေးလို့လည်း ထောင်ဒဏ်ချခံခဲ့ရတယ်။) မေး။ ။ စာပေစိစစ်ရေးခေတ်မှာ စာအုပ်ထုတ်ဝေခဲ့ရတာလည်း ပြောပြပါဦး။ ဖြေ။ ။ စာမူတွေကို စစ်ဆေးဖို့အတွက် မိတ္တူ ၃စုံကူးပြီးတော့ စာပေစိစစ်ရေးရုံးကို ပို့ပေး ရတယ်။ သူတို့က ကဗျာအကြောင်း သိပ်သိလှတာမဟုတ်ဘူး။ ကဗျာစာအုပ် တအုပ် ထုတ်ဝေခွင့် ရဖို့အတွက် အနည်းဆုံး ၄လကနေ ၆လ လောက်ကြာတယ်။ တခါတလေဆို မြန်မြန်ဆန်ဆန်ပြီးဖို့ လာဘ်ထိုးရတာလည်းရှိတယ်။ စာရေးလေးကနေစပြီးတော့ စာရေးကြီး၊ စိစစ်ရေးမှူးရဲ့ စာရေး အဲဒီ့ကနေမှ စာပေစိစစ်ရေးမှူးအထိ အဆင့်ဆင့် ပေးရတယ်။ ကျနော်တို့ စာလုံးပေါင်းတခါမှားရင် သူတို့က ဆယ်ပြားဒဏ်တပ်တယ်။ သူတို့တွေကလည်း နိမိတ်ပုံကို သူတို့ဖာသာ သူတို့ဖွင့်ဆိုထားတာတွေရှိတယ်။ ဥပမာဗျာ “နှင်းဆီ” ဆိုရင် “ဒေါ်အောင်ဆန်းစုကြည်” လို့ သူတို့က ယူဆတယ်။ စာရေးသူက အဲဒီ့လို ဆိုချင်မှဆိုမယ်။ ဒါပေမယ့် ဆင်ဆာလူကြီးတွေ က အဲဒီ့လို စကားလုံးမျိုးဆို လုံးဝတားမြစ်တယ်။ တချို့ ကဗျာဆရာတွေက သူတို့ကဗျာတွေကို လုံးဝအထိမခံဘူး။ အဲဒီတော့ ကျနော်တို့ကလည်း ထုတ်ဝေတဲ့အခါမှာ သူတို့ကဗျာကို ဖယ်ထားရတယ်။ တချို့ကဗျာတွေကျတော့ စာကြောင်းတွေ စာပိုဒ်တွေလောက်ပဲ ဆင်ဆာထိတာ။ အဲဒီ့တုန်းက လုပ်ရကိုင်ရတာ အခက်အခဲတွေတော်တော်များများရှိတယ်။ ကျနော်တို့အားလုံးက ဒီလိုပဲအလုပ်လုပ် နေရ တယ်။ ဒါကိုလည်း သိပ်ခက်ခဲလွန်းတယ်လို့တော့ မထင်ပါဘူး။ ဒါက ကျနော် တို့လုပ်ခဲ့ရတာတွေထဲက အစိတ်အပိုင်း တခုလောက်ပါပဲ။ အခုတော့ အဲဒီဒုက္ခတွေ မရှိတော့ပါဘူး။ မေး။ ။အခု ထုတ်ဝေရေးကရော။ ဖြေ။ ။ ဆင်ဆာကို ဖြတ်သန်းဖို့ အချိန်အကြာကြီးစောင့်စရာ မလိုတော့ဘူး။ ချက်ချင်း ထုတ် လို့ရပြီ။ ရုပ်ရှင် တွေကတော့ ဆင်ဆာ လွတ်လပ်ခွင့်မရသေးဘူး။ စာအုပ်မှာပဲ ရသေးတယ်။ ဒါပေမယ့် ခင်ဗျားက တယောက်ယောက်ကို တိုက်ခိုက်တဲ့ စာမျိုးထုတ်ဝေရင် ခင်ဗျားတရားစွဲခံရမှာပဲ။ ဒါပေမယ့် ခင်ဗျားကြိုက်တဲ့စာကို ထုတ်ဝေခွင့်ရှိတယ်။ Petr Lom နှင့် ခင်အောင်အေးတို့ စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။ ဒါ့အပြင် Burma Story book မှတ်တမ်းရုပ်ရှင်ကိုလည်း ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၆နာရီမှာ မဟာဗန္ဓုလ ပန်းခြံ မှာ အများပြည်သူ ကြည့်ရှု့နိုင်ဖို့ ပြသမှာဖြစ်ပြီး၊ တနေ့တည်းမှာပဲ ဓာတ်ပုံပြပွဲ မြန်မာ့ခရီးသွားလုပ်ငန်း အဆောက်အအုံမှာ ဒီဇင်ဘာ ၄ရက်နေ့အထိ ပြသမယ်လို့ သိရပါတယ်။ ဆက်စပ်ဖတ်ရှု့ရန် – မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်” အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀” မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ မောင်ပြည့်မင်း သို့မဟုတ် နှစ်ယောက်ညချမ်း အောက်မေ့ဖွယ် ဇာတ်ဝင်ခန်း The post မိုးဝေး သို့မဟုတ် ကဗျာစစ်စစ်ကိုသာ ရေးချင်သူ appeared first on ဧရာဝတီ.
Source : http://ift.tt/2BkYMY1
via IFTTT
No comments:
Post a Comment