မန္တလေးရွှေမန်းတောင်ဘောလုံးကွင်းတိုက်ခန်းလူသတ်တရားခံဖမ်းမိ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင်အားကစားကွင်းတိုက်တန်း၊ အခန်းအမှတ်(E-2)တွင် နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ကျူးလွန်သူ တရားခံကို နိုဝင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့သည် ဟု အမှတ် ၂ နယ်မြေရဲစခန်းမှ သိရသည်။ “အမှုနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲမှာ အသတ်ခံရသူရဲ့ဆိုင်ကယ်ကို လူတယောက် စီးလာတာတွေ့လို့ လိုက်ဖမ်းတော့ ၁၇ လမ်းနဲ့ လမ်း ၈၀ ထောင့်မှာ ဆိုင်ကယ်ထားပြီး ထွက်ပြေးတယ်၊ အဲဒီမှာ တပ်ဖွဲ့ဝင်တွေက အတင်းဝင်လုံးပြီး ဖမ်းဆီးခဲ့ရတာပါ”ဟု စုံစမ်းဖော်ထုတ်ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲအုပ်ဘိုဘိုအောင်က ဧရာဝတီသို့ ပြောသည်။ ဖမ်းဆီးရမိသူမှာ အသက် ၂၂ နှစ်ရှိ စောကညာထူူး (ခ) ကရင်လေး ဖြစ်ပြီး ၎င်းသတ်မိသည်ဟု ဝန်ခံထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က အဆိုပါနေအိမ်တွင်း အသတ်ခံရသူမှာ အသက် ၃၇ နှစ်အရွယ်ရှိ စိုင်းလုံဆိုသူဖြစ်ပြီး တရားခံ စောကညာထူး (ခ) ကရင်လေးဆိုသူနှင့် အတူ နေထိုင်ကြောင်း၊ စကားများရန်ဖြစ်ရာမှ ပုလင်းကွဲနှင့် လည်ပင်းကို ထိုးခဲ့ပြီး လူသတ်မှု ဖြစ်ခဲ့ကြောင်း သိရသည်။ “ သေဆုံးသူရဲ့ အခန်းမှာ အိပ်ကြရင်း စကားများကြတာ။ သေဆုံးသူက ပုလင်းနဲ့ လက်ကို လှီးလို့ စိတ်တိုပြီး ပုလင်းကွဲကိုလု လည်ပင်းကို ထိုးလိုက်တာလို့ ကနဦး စစ်ဆေးပေါ်ပေါက်ထားတယ်´´ဟု အမှတ် ၂ နယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးညွန့်က ပြောသည်။ သေဆုံးသူ စိုင်းလုံသည် မိခင်နေအိမ်တွင် နေ့စဉ် ထမင်းစားရန် သွားလေ့ရှိရာ နိုဝင်ဘာ ၁၄ ရက်နေ့က ထမင်းစားရန် မလာသဖြင့် မိခင်မှ သွားရောက်ကြည့်ရှုခဲ့ရာမှ အခန်းတွင်း၌ လည်ပင်း၊ နဖူး၊ ယာမျက်ခုံးတို့တွင် ပြတ်ရှ ဒဏ်ရာများနှင့် ဦးခေါင်းယာချိုစောင်းပေါက်ပြဲ ဒဏ်ရာတို့ရရှိပြီး သေဆုံးနေခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသူ ကရင်လေးအား စစ်ဆေးရာတွင် ၎င်းထံမှ သေဆုံးသူစိုင်းလုံ၏နာမည်ပါ ယာဉ်မောင်းလိုင်စင် ၁ ခု၊ ပိုက်ဆံအိတ်တလုံး၊ စိုင်းလုံ ဝတ်ဆင်သည့် ရွှေဆွဲကြိုး၊ လက်စွပ်၊ MEZU အမျိုးအစားဆင်းကဒ်မပါ လက်ကိုင်ဖုန်း တို့ကို ပြန်လည် သိမ်းဆည်ရ မိခဲ့ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှတ် ၂ နယ်မြေ ရဲစခန်းတွင် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ The post မန္တလေးရွှေမန်းတောင်ဘောလုံးကွင်းတိုက်ခန်းလူသတ်တရားခံဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2hJQj85
via IFTTT
No comments:
Post a Comment